Tuesday, 24 June 2014

ဝန်ကြီးမှ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းရှင်းလင်းမှု

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံအမတ်ကြီးများနှင့် ကိုယ်စားလှယ်များအား ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြား

နေပြည်တော်၊ ဇွန် ၂၃။

ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ လာအိုသံအမတ်ကြီး Mr.Nilahath Sayarath၊ ကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီး Mr. Sieng Bunvuth တို့ ဦးဆောင်သည့် ဗြိတိန်၊ သြစတြေးလျ၊ အင်ဒိုနီးရှား၊ မလေးရှား၊ နော်ဝေ၊ ဖင်လန်၊ ဆွစ်ဇာလန်၊ ဆွီဒင်နှင့် ထိုင်းနိုင်ငံတို့မှ သံရုံးကိုယ်စားလှယ်များအား ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ရှင်းလင်းသည့် အခမ်းအနားကို ဇွန်လ ၂၃ ရက် နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနှင့်အတူ ဒုတိယဝန်ကြီးများ၊ ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ဌာနေကိုယ်စားလှယ် Ms. Janet E.Jackson နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစီအစဉ်အရ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက မြန်မာနိုင်ငံအတွင်း ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူခဲ့မှုနှင့် ၁၉၈၃ ခုနှစ်တွင် နောက်ဆုံး ကောက်ယူခဲ့မှု အခြေအနေ၊ ယခု ၂၀၁၄ ခုနှစ်တွင် ပြည်လုံးကျွတ်အဆင့် ကောက်ယူနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ခဲ့မှုနှင့် လုပ်ငန်းအဆင့် (၄) ဆင့် သတ်မှတ်ဆောင်ရွက်ခဲ့မှု အခြေအနေ၊ နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ ဖြစ်စေရေးအတွက် UNFPA နှင့် ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံတကာနည်းပညာ အကြံပေးအဖွဲ့ (ITAB) ၏ ပံ့ပိုးကူညီဆောင်ရွက်မှု၊ သန်းခေါင်စာရင်းလုပ်ငန်းများ အောင်မြင်ရေးအတွက် ပြည်သူလူထု အသိပညာပေးရေးလုပ်ငန်း ဆောင်ရွက်ခဲ့မှုနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှု၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စာရင်းစစ်၊ စာရင်းကောက်များ ခန့်အပ်တာဝန်ပေးမှုနှင့် သင်တန်းများ ဖွင့်လှစ်ပို့ချမှု၊ မြေပြင်ကွင်းဆင်း ကောက်ယူမှုနှင့် လုပ်ငန်းဆိုင်ရာ အခက်အခဲများ၊ ကောက်ယူဆောင်ရွက်နိုင်မှုနှင့် ITAB အဖွဲ့၏ သုံးသပ်ချက်များ၊ စာရင်းဇယားများ စုစည်းမှု၊ စစ်ဆေးထိန်းသိမ်းမှုနှင့် ရှေ့ပြေးလူဦးရေစာရင်း ထုတ်ပြန်နိုင်ရေး ဆောင်ရွက်နေမှု၊ နောက်ဆုံးအဆင့် စာရင်းဇယားများ ထုတ်ပြန်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်သူ့အင်အားဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာညီညီနှင့် ဒေါက်တာခိုင်ခိုင်စိုး၊ UNFPA မှ လူဦးရေဆိုင်ရာ နည်းပညာအကြံပေး Mr. Fredrick Okwayo တို့က လုပ်ငန်းအဆင့်အလိုက် ဆောင်ရွက်နေမှုနှင့် နည်းပညာဆိုင်ရာ ပံ့ပိုးကူညီဆောင်ရွက်နေမှု အခြေအနေများကို အသီးသီး ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ယင်းနောက် သံအမတ်ကြီးများနှင့် ကိုယ်စားလှယ်များသည် ပြည်သူ့အင်အားဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် မြေပြင်ကွင်းဆင်းကောက်ယူပြီးဖြစ်သည့် သန်းခေါင်စာရင်းဆိုင်ရာ စာရင်းဇယားများ စစ်ဆေးမှတ်တမ်းတင်ခြင်း၊ OMR စက်များဖြင့် စာရင်းဇယားများ စာရင်းသွင်းဖတ်ယူခြင်း၊ ကွန်ပျူတာများဖြင့် စာရင်းများ စစ်ဆေးဆောင်ရွက်ခြင်း၊ ရှေ့ပြေးလူဦးရေစာရင်း ထုတ်ပြန်နိုင်ရေးအတွက်ဆောင်ရွက်ခြင်း လုပ်ငန်းအခြေအနေများနှင့် ဆာဗာခန်းတို့ကို လှည့်လည်ကြည့်ရှု့ လေ့လာကြသည်။
ယင်းနောက် သံအမတ်ကြီးများနှင့် ကိုယ်စားလှယ်များသည် အစည်းအဝေးခန်းသို့ ရောက်ရှိကြပြီး သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်မှုများအပေါ် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သတင်းရရှိသည်......

No comments:

Post a Comment