Tuesday, 29 July 2014

MSFဖိတ်ခေါ်မှုနှင့်ပက်သက်ပီး ဦးခင်ရီရှင်းလင်း

ခွဲခြားဆက်ဆံရာ ရောက်မည်စိုး၍ MSF ကို ဖိတ်ခေါ်ဟု ဦးခင်ရီဆို

စစ်တွေ၊ ဇူလိုင် ၂၆

ရခိုင်ပြည်နယ်တွင် အကူအညီပေးရေး လုပ်ငန်းများ လုပ်ကိုင်ရန် နိုင်ငံတကာ အဖွဲ့အစည်းများ (INGO) များကို ဖိတ်ခေါ်ရာတွင် နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ (MSF) ကို ချန်ထားပါက ခွဲခြားဆက်ဆံရာ ရောက်မည် စိုးရိမ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားသည်။

စစ်တွေမြို့တွင် ရခိုင်လူမှု အဖွဲ့အစည်းများ၊ မြို့မိမြို့ဖများနှင့် ဦးခင်ရီ၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းတို့ ဇူလိုင်လ ၂၇ ရက်နေ့က တွေ့ဆုံစဉ် ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်ကြောင်း ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက ပြောကြားသည်။

ရခိုင်တိုင်းရင်းသားများကလည်း MSF အဖွဲ့အစည်း အပါအဝင် INGO များနှင့် ပတ်သက်၍ စိုးရိမ်မှုများကို တင်ပြခဲ့ကြပြီး MSF ကို ရခိုင်ပြည်နယ်တွင် လုပ်ငန်း ပြန်လည်လုပ်ကိုင်ရန် ဖိတ်ခေါ်မှုကို ရုပ်သိမ်းပေးရန် တင်ပြခဲ့ကြောင်း ၎င်းကဆိုသည်။

နိုင်ငံတကာ ဖိအားများလည်း ပြန်ကြည့်ရန် လိုအပ်ကြောင်း၊ INGO များကို လုပ်ကိုင်ခွင့်ပေးရာတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် နားလည်မှုစာချွန်လွှာ (MoU) ပါအတိုင်း လုပ်ကိုင်ရမည် ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီးများက ပြောဆိုခဲ့ကြောင်း ဒေါ်ညိုအေးက ပြန်လည် ပြောဆိုသည်။

ယင်းတွေ့ဆုံပွဲတွင် ရခိုင်ပြည်နယ်တွင် လျှပ်စစ်မီးရရှိရေး၊ စက်မှုဇုန်များ အကောင်အထည် ဖော်ဆောင်ရေး စသည့် ကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း ဆွေးနွေးပွဲ တက်ရောက်ခဲ့သူများထံမှ သိရှိရသည်။

ရခိုင်ပြည်နယ်တွင် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအတိုင်း နိုင်ငံသားစိစစ်မှုကို မဖြစ်မနေ သေသေချာချာ လုပ်ဆောင်မည်ဟု ဦးခင်ရီက ပြောဆိုခဲ့သော်လည်း မည်သို့ လုပ်ဆောင်မည်ကို ပြောဆိုခဲ့ခြင်း မရှိခဲ့ကြောင်း ဒေါ်ညိုအေးက ပြောကြားသည်။

လုပ်ကိုင်ခွင့် ရပ်ဆိုင်းခံခဲ့ရသည့် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) ကို လုပ်ငန်း ပြန်လည်လုပ်ကိုင်ရန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ဖိတ်ခေါ်မှုကို ရုပ်သိမ်းပေးရန် ရခိုင်တိုင်းရင်းသားများက နိုင်ငံတော်သမ္မတထံ ဇူလိုင်လ ၂၇ ရက်နေ့တွင် စာတင်ပြ တောင်းဆိုထားသည်။

နိုင်ငံတကာဖိအားကို အကြောင်းပြကာ အချုပ်အခြာအာဏာကို ထိပါးစေမည့် လုပ်ရပ်များကို မပြုလုပ်ရန်၊ မြန်မာနိုင်ငံ၏ ရေရှည်အကျိုးစီပွားနှင့် ရခိုင်ပြည်သူလူထု၏ အကျိုးစီးပွားအတွက် ရဲဝံ့ပြတ်သားစွာ ဆောင်ရွက်ရန်၊ ရခိုင်တိုင်းရင်းသားများ လက်မခံသည့် MSF နှင့် Malteser အဖွဲ့အစည်းတို့ကို လုပ်ငန်းဆောင်ရွက်ခွင့် မပြုရန် ရခိုင်လူမှုကွန်ရက် (စစ်တွေ) က ဇူလိုင်လ ၂၇ ရက် နေ့တွင် ထုတ်ပြန်သည်။

နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများကို ရခိုင်ပြည်နယ် အစိုးရက ဖိတ်ခေါ်ခြင်းသည် ရခိုင်လူထုဆန္ဒကို ဦးစားပေးသည်ထက် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို အလေးထား ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ်က ဇူလိုင်လ ၂၆ ရက်နေ့တွင် စစ်တွေမြို့၌ ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

ယခုကဲ့သို့ MSF အဖွဲ့ကို ထပ်မံဖိတ်ခေါ်ခြင်းကို ရခိုင်လူထုက နှစ်သက်လိမ့်မည် မဟုတ်ကြောင်း သိရှိထားသော်လည်း နိုင်ငံတကာအလယ်တွင် နိုင်ငံတော်အစိုးရအဖွဲ့ ရင်ဆိုင်နေရသည့် အကျပ်အတည်းနှင့် ရခိုင်ပြည်သူလူထု ကြုံတွေ့နေရသော အခက်အခဲ အားလုံးကို ခြုံငုံပြီး ယုံကြည်မှု အပြည့်ဖြင့် ခေါင်းခံခဲ့ခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ်က ပြောဆိုသည်။

“ဝန်ကြီးချုပ်တစ်ယောက် အနေနဲ့ လုပ်ချင်တာ ကောက်လုပ်တာ မဟုတ်ပါဘူး။ နိုင်ငံတော်အဆင့် အနေနဲ့ အားလုံးကောင်းဖို့ လုပ်ရတာ” ဟု ၎င်းက ပြောဆိုသည်။

ခွဲခြားဆက်ဆံခြင်း၊ ဆေးဝါးကုသရာတွင် ဘင်္ဂါလီများကိုသာ ဦးစားပေးခြင်း၊ ဘင်္ဂါလီများကိုသာ အကူအညီပေးခြင်း၊ ဒုချီးရားတန်း အကြမ်းဖက်မှုတွင် သတင်းမှားများ ထုတ်ပြန်ခြင်း စသည်တို့ကြောင့် ရခိုင်ပြည်နယ်က ထွက်သွားရန် MSF အဖွဲ့ကို ရခိုင်တိုင်းရင်းသားများက ပြီးခဲ့သည့် ဖေဖော်ဝါရီလက ဆက်တိုက် ဆန္ဒပြခဲ့ကြသည်။

(ခင်မောင်အေး)
the voice weekly
Photo: ခွဲခြားဆက်ဆံရာ ရောက်မည်စိုး၍ MSF ကို ဖိတ်ခေါ်ဟု ဦးခင်ရီဆို

No comments:

Post a Comment