မိုးကျရွှေကိုယ် ဆိုတာ
မိုးကျရွှေကိုယ် ဆိုတာ
===============
ဒီအကြောင်းက ကျွန်တော်ခဏခဏရေးဖူးပါတယ် ။ ဒါပေမယ့် facebook friend
တစ်ယောက်က chatbox ကနေလာဆွေးနွေးပါတယ် **အဲဒိမိုးကျရွှေကိုယ်တွေကို
မုန်းနေတာလား? တချို့ကိစ္စတွေမှာ သူတို့လုပ်မှအဆင်ပြေတာတွေရှိပါတယ်
ဥပမာ သောင်းကျန်းသူနယ်မြေမှာဆိုရင် သူတို့နဲ့မှ အဆင်ပြေပါတယ်
၊ရဲချည်းပဲဆိုရင် ရဲကင်းတစ်ခုလုံး အတိုက်ခံရတယ် ရဲကတိုက်ခိုက်ရေးပိုင်းမှာ
အားနည်းတယ် အဲဒိနေရာမှာ စစ်တပ်ကအသွင်ပြောင်းတွေဆိုရင် တိုက်ခိုက်ရေးမှာ အသုံးတည့်တယ်**တဲ့ ။
ကျွန်တော်က သူကိုဒီကိစ္စဆွေးနွေးဖို့ အချိန်မပေးနိုင်တာရယ် နောက်ပီး chat box ကပြောဆိုရတာလဲ ကျွန်တော်ကသိပ်မပြောတတ်တာရယ်ကြောင့်
ပို့စ်တစ်ခုတင်ပေးပါ့မယ် အဲဒိကျမှဆက်ဆွေးနွေးတာပေါ့လို့ ပြောလိုက်တယ်
ဒါပေမယ့် အကြောင်းကြောင်းကြောင့် အခုမှတင်ဖြစ်ပါတယ် ။
အချိန်ကြာသွားတဲ့အတွက် အထူးတောင်းပန်ပါတယ်ဗျာ ။
ကျွန်တော့်ဆွေမျိုးအရင်းထဲမှာလဲ
တပ်ကနေအရပ်ဘက်ပြောင်းထားတဲ့ မိုးကျရွှေကိုယ်တွေရှိပါတယ် ။ သူတို့ကို
ပုဂ္ဂိုလ်ရေးအရ မည်သူမည်ဝါရယ်လို့ မုန်းတီးခြင်း မနာလိုခြင်းမရှိပါဘူး
ဒါပေမယ့် အဲဒိမိုးကျရွှေကိုယ်ဆိုတာကို ကျွန်တော်လက်မခံနိုင်ဘူး
ဘာကြောင့်လဲဆိုတော့ လူမှန်နေရာမှန်မဖြစ်ဖူးလို့ ယူဆတဲ့အတွက်ကြောင့်ပါ ။
ကောင်းပြီ သူတို့ကဘာကြောင့် လူမှန်နေရာမှန်မဖြစ်ရတာလဲ ဆိုတာဆက်တွေးမိတော့
သူတို့တက်ခဲ့တဲ့ တက္ကသိုလ်က အသက်မွေးဝမ်းကျောင်းမှု တက္ကသိုလ်မဟုတ်ဖူး
ကာကွယ်ရေး တိုက်ခိုက်ရေးအတွက် အဓိကထားသင်တဲ့ကျောင်း
အဲဒိကျောင်းကဆင်းပြီးရှေ့တန်းထွက်တယ်
စစ်တိုက်တယ် ဒုဗိုလ် ၊ ဗိုလ် ၊ ဗိုလ်ကြီး ဆိုပြီး မျက်စိတမှိတ်အတွင်းမှာ
အဆင့်တွေတက်သွားတယ် အဲဒိဗိုလ်ကြီးမှာ နည်းနည်းကြာတယ် ပြီးတော့မှ ဗိုလ်မှူး
ဖြစ်တယ် အဲဒါပြီးရင် သူတို့မှာ သိပ်တက်စရာလမ်းမရှိတော့ဘူး
အဆင့်မြင့်အရာရှိနေရာက နည်းသွားပြီ အရင်လူတွေကလဲဖယ်မပေးနိုင်သေးဘူး
ဒီတော့ စီနီယာတန်းစီနေရတဲ့ လူတွေကဗိုလ်သင်တန်းကျောင်းကနေ
တစ်နှစ်တစ်နှစ်ဗိုလ်ပေါင်း ထောင်သောင်းချီပြီးဆင်းနေကြတယ်
သူတို့ကိုဘယ်နားသွားထားမလဲ?ထားစရာကနေရာသိပ်မရှိတော့ဘူး
အဲဒိမှ မိုးကျရွှေကိုယ်ဇာတ်လမ်းစတာပဲ နောက်ခံအားကောင်းရင် ဌာနကောင်းရမယ်
နောက်ခံအားနည်းရင် ဝင်ငွေနည်းပါးတဲ့ဌာနရောက်မယ် ဒါပဲ ။ အများစုက အကောက်ခွန်
၊ ဆောက်လုပ်ရေး ၊ ရဲ ၊ ထွေအုပ် ၊ လျပ်စစ် ၊ ဘဏ် ၊ လဝက
အစရှိတဲ့ဌာနကောင်းနေရာကောင်းတွေမှာ နေရာယူကြတယ် ။ ဒီနေရာမှတစ်ခုပြောချင်တာက ဟုတ်ပြီ သူတို့စစ်တပ်ကနေဌာနပြောင်းချင်တယ်
ရပါတယ်ပြောင်းပါ ဒါပေမယ့် အောက်ခြေကနေစဝင် ဒါဆိုဘာမှပြောစရာမလိုဘူး anti
လုပ်စရာမလိုဘူး comment ပေးစရာမလိုဘူး ။ အခုဟာက သူတို့ကအပေါ်ကနေဝင်လာတယ်
ပြီးတော့ ဒီဌာန ဒီနယ်ပယ်မှာ အောက်ခြေကလုပ်သက်ရင့် အတွေ့အကြုံရင့်နေတဲ့
ပညာရှင်တွေကို သူတို့ညွှန်ကြားတယ် ။ အဲဒိမှာ ပထမအချက်က
လုပ်ငန်းမအောင်မြင်ဘူး နောက်တစ်ချက် အဲဒိဌာနကဝန်ထမ်းတွေ စိတ်ဓာတ်ပျက်ဆီးတယ်
အဲဒိအချက်နှစ်ချက်တည်းနဲ့တင် တိုင်းပြည်အတွက်ဖွံ့ဖြိုးတိုးတက်မှုတွေဟာ
အများကြီးဆုံးရှုံးသွားရတယ် ။ သူတို့အပေါ်ကနေ ဘာမှမတတ်ပဲခိုင်းနေတာကို
အောက်ခြေကပညာရှင်က သူတို့လိုးလားချက်အတိုင်း
မဖြစ်ဖြစ်အောင်လုပ်ပေးနေရတဲ့အတွက်
လုပ်ငန်းမှာအရည်အသွေးမပါပဲ အရေအတွက်တွေများလာတယ် ။ ဥပမာ
တပ်မတော်အစိုးရလက်ထက်မှာ တံတားကြီးပေါင်း ဘယ်လောက် ၊ ကားလမ်းအရှည်မိုင်
ဘယ်လောက် ၊ မီးရထားလမ်းအရှည်မိုင် ဘယ်လောက် တိုးချဲ့ဖောက်လုပ်ပေးခဲ့ပါတယ် ။
ပြီးပြီ ဖဲကြိုးတွေဖျက် ပူပေါင်းတွေလွှတ် ရွှီးးးဖြောင်းးးးဖြောင်းးးးTV
ထဲပါ သတင်းစာထဲပါ ။ ဒါပေမယ့် မြန်မာပြည်မှာ မိုးရေထိလို့မပေါက်တဲ့
ကတ္တရာလမ်းရှိလား ? မိုးရွာလို့ဘီးမချော်တဲ့ မီးရထားလမ်းရှိလား? အခုချိန်ထိ
မြန်မာပြည်မှာ တံတားနဲ့ချဉ်းကပ်လမ်းဆက်တဲ့နေရာမှာ ပြေပြေပြစ်ပြစ်ဖြစ်အောင် လုပ်ထားတဲ့တံတားမရှိဘူး ဒါဘာကြောင့်လဲဆိုတောဲ့ အရေအတွက်ကိုပဲဦးစားပေးခဲ့လို့ပဲ အရည်အသွေးကိုမထိန်းနိုင်ဘူဲး အဲဒိဆောက်လုပ်ရေးလုပ်ငန်းခွင်ကို
လာစစ်တဲ့သူကလည်း ဘာမှမတတ်ဖူး။ ဟုတ်တယ်လေ သူကစစ်သား လမ်းခင်းနေတာလာစစ်တယ်
သူကဘယ်တော့မှ အရင်စကားမပြောဘူး တာဝန်ခံအင်ဂျင်နီယာက
နားနေဆောင်ထဲကမြေပုံပေါ်တုတ်နဲ့ ထောက်ပြတာကို ကြည့်တယ် ပြီးတော့မှ
ဧည့်ခံတာစားတယ် ကားနောက်ခန်းထဲတင်ပေးလိုက်တာယူတယ် ပြီးတော့ လိုအပ်သည်များကိုမှာကြားသွားပါသည် ဆိုပြီး ပြန်သွားတယ် သူဘာမှာသွားတာလဲ ?ဘာတွေဖြည့်ဆည်းပေးသွားတာလဲ?ဆိုတာ
အခုချိန်ထိဘယ်သူမှ မသိရဘူး ။ ဖြစ်သင့်တာက လမ်းခင်းနေတဲ့နေရာသွား
ပေါက်တူးနဲ့ဖော်ကြည့် ကျောက်ကြီးထုဘယ်လောက်ရှိသလဲ? ကျောက်လတ် ကျောက်သေး
ထုဘယ်လောက်ရှိသလဲ? သူတို့ကြားမှာသဲညှပ်သလား roller ကျိတ်ရဲ့လား
ရေလောင်းရဲ့လား ကတ္တရာဘယ်နှစ်လွှာလောင်းသလဲ ရေပိတ်လွှာပါလောင်းရဲ့လား
ဆိုတာကိုယ်တိုင်စစ်ရမှာ သူများတုတ်နဲ့ထောက်ပြတာပဲကြည့်ပြီးပြန်သွားလို့ကတော့
အဲဒိလမ်းတစ်မိုးမခံဘူး ။ သူဘာကြောင့်မကြည့်သလဲ ဆိုတော့ ကြည့်လဲဘာမှမတတ်ပဲ
ဘာပြောလို့ရမှာလဲ ပြည်သူ့ဘဏ္ဍာဆုံးရှုံးတာပဲ အဖတ်တင်တယ် လမ်းပျက်ကြီးတွေအပေါ်
ခုန်ပေါက်သွားနေရတယ် ။ အဲဒါက လုပ်ငန်းမအောင်မြင်တဲ့အကြောင်း ။ နောက်တစ်ချက်
ဝန်ထမ်းတွေက အောက်ခြေကနေတက်လာတယ် နှစ်ပေါင်းများစွာ
မျော်လင့်တကြီးလုပ်လာခဲ့ရတယ် ဒါပေမယ့် ရာထူးမတက်ဖူး ။ အပေါ်ကလူတွေတောင်
နေရာတစ်ခုအတွက် တန်းစီလုတိုးနေရတာ အောက်ကတက်လာမဲ့သူက မော့ကိုမကြည့်ရဲဘူး
အဲဒိမှာ မိခင်ဌာနကလူတွေက တော်ပါပီကွာ ရာထူးတက်ဖို့ကြိုးစားနေလဲ အပိုပါပဲ
ဂွင်ကောင်းကောင်း နေရာကောင်းကောင်းမှာပဲ မလုပ်မရှုပ်မပြုတ်နေတော့မယ်
ဆိုပြီးစီးပွားရေးဖက်အားသာသွားတယ် အဲဒိမှာ ဝန်ထမ်းတွေစိတ်ဓာတ်ပျက်ဆီးမှုကစတာပဲ
။တချို့ဆို ဒုရဲအုပ်နဲ့ နှစ် ၂၀ ကျော်လုပ်ခဲ့ရတယ် ။ အစိုးရဝန်ထမ်းဘဝမှာ
မျော်လင့်စရာဆိုလို့ ရာထူးတိုး လစာတိုးပဲရှိတာ အဲဒိရာထူးကနှစ်ပေါင်းများစွာ
ပေးဆပ်နေတာတောင် တိုးဖို့အလှည့်မရောက်နိုင်ဘူးဆိုတော့ သူကဒီလုပ်ငန်းအပေါ် သူ့တာဝန်အပေါ် စေတနာထားပါဦးမလား ရာထူးတိုးဖို့အတွက် ရိုးရိုးသားသားကြိုးကြိုးစားစား ထမ်းဆောင်ပါ့ဦးမလား သူမျော်လင့်ချက်က သေဆုံးနေပြီလေ ဒီတော့မဖြစ်နိုင်ဘူးဆိုတာကိုသိသိနဲ့
ဆက်မမျော်လင့်တော့ပဲ ဖြစ်နိုင်တာလေးကိုပဲ မှိန်းလုပ်နေကြတဲ့အတွက်
အဲဒိဌာနရဲ့လုပ်ငန်းတွေဟာ ဘယ်တော့မှမအောင်မြင်ဘူး ကြိုက်တဲ့လူဝန်ကြီးလာလုပ်
သူ့ဖာသာမိုးပျံအောင်တော်နေပါစေ အောက်ခြေဝန်ထမ်းရဲ့အားမပါပဲ
သူတစ်ယောက်တည်းဘာမှလုပ်လို့မရဘူး ။ အောက်ခြေဝန်ထမ်းတွေရဲ့
ွ လုပ်ငန်းခွင်မပျော်ရွှင်မှုက အဲဒိဌာနရဲ့အကြီးမားဆုံးသော ဆုံးရှုံးမှုပဲ ။
ဒါကိုနားမလည်ကြဘူး အကြောက်တရားနဲ့ ဖိအားတွေပေးပြီး ခိုင်းနေကြတယ်
အောက်ခြေကလဲကြောက်လို့သာ လုပ်နေရတာ စေတနာမပါဘူး အားမပါဘူး
ဝတ်ကျေတန်းကျေပဲလုပ်ကြတယ် ။ အဲဒါဟာ တိုင်းပြည်ဖွံ့ဖြိုးရေးအတွက်
အကြီးမားဆုံးသောအန္တရာယ်ပဲ ။
အဲဒါကြောင့် ခင်ဗျားတို့ တိုင်းပြည် ကျုပ်တို့တိုင်းပြည်တိုးတက်စေချင်သလား ဖွံ့ဖြိုးစေချင်သလား အဲဒိမိုးကျရွှေကိုယ်စနစ်ကိုရအောက်တိုက်ပါ ။ ပညာရှင်တွေကို လူမှန်နေရာမှန်ရောက်အောင်ပို့ပေးပါ
။ ဒီလိုမှမဟုတ်ရင် ဘာစီမံကိန်းကြီးတွေကို ဘယ်လိုပဲလုပ်လုပ်
ဝေစားမျှစားနဲ့ပဲကုန်သွားမှာပဲ တိုင်းပြည်နဲ့ ပြည်သူတွေကတော့
ဘာမှဖြစ်လာမှာမဟုတ်ဖူး ။ ကျွန်တော်ပြောခဲ့ဖူးပါတယ် အိမ်ဆောက်တဲ့လက်သမားကို
ပန်းပုထုခိုင်းလို့မရဘူး ။ ပန်းပုထုတဲ့လူကို အိမ်ဆောက်ခိုင်းလို့မရပါဘူး
ဒီလို စစ်တက္ကသိုလ်တက်တိုင်းသာ အကုန်တက်တယ်ဆိုရင် ကျန်တဲ့အခြားတက္ကသိုလ်တွေ
အကုန်ဖျက်ပြစ်လိုက်တော့ မြေလေးတယ် ဆယ်တန်းအောင်ရင် မေမြို့ပို့ ပြီးပြီ
ကျောင်းဆင်းလာရင် တစ်ဦးချင်းမေးလိုက်ပေါ့ မင်းဘာလုပ်ချင်သလဲလို့ ။
သူလုပ်ချင်တဲ့ဌာနပို့ပေးလိုက် ပေါ့ သဘောပေါက်လားမသိဘူး ။
သူပြောထားတဲ့နောက်တစ်ချက်က သောင်းကျန်းသူနယ်မြေမှာ စစ်တပ်ကပြောင်းလာတဲ့ရဲတွေနဲ့ပဲအဆင်ပြေတယ်
ရဲစစ်စစ်ဆိုရင် တိုက်ခိုက်ရေးအားနည်းလို့ ရဲကင်းတွေကျသွားရတယ် တဲ့
ဒါကလဲရှင်းရှင်းလေးပါ သောင်းကျန်းသူနယ်မြေပါဆိုနေမှာ
အနည်းဆုံးအညိုရောင်အဆင့်ရှိမှာပေါ့
အဲလိုအညိုရောင်နယ်မြေမှာ ကာကွယ်ရေးလုပ်ငန်းတွေထိရောက် အောင်မြင်နေရင်
ရဲစခန်းထဲသူပုန်ရောက်လာစရာကို အကြောင်းမရှိဘူး ။ ရဲအဖြစ်အသွင်ပြောင်းပေးမှ
တိုက်ခိုက်ရေးလုပ်ငန်းကို လုပ်မှာလား?လို့မေးစရာဖြစ်လာတယ် ။ စစ်သားအနေနဲ့ပဲ ကာကွယ်လို့ရောမရဘူးလား ။ ကျွန်တော်ကတော့ လုပ်သက် ၁၃ နှစ်လုံးမှာ အဲလိုနယ်မြေတွေကိုတော့မရောက်ဖူးပါဘူး
။ဝန်ခံပါတယ် ။ ဒါပေမယ့် မှတ်မှတ်ရရ ရွှေကျင်ဘက်က တံတားလုံခြုံရေးရဲကင်းကို
သူပုန်ဝင်စီးတော့ အကုန်ကျကုန်တယ် ရဲဘော်တစ်ယောက်က လက်ထဲကရိုင်ဖယ်ကို
လုံးဝမလွှတ်ဖူး လက်ထဲကိုင်ထားရက်နဲ့ သေနေတယ် သူ့ရိုင်ဖယ်ထဲကကျည်ဆန်မှာ
ကျည်ရိုက်တံအရာမထင်ဘူးလို့ လက်နက်ကျွမ်းကျင်တဲ့
ဆရာသမားတစ်ယောက်ကပြောပြတာနားထောင်ဖူးခဲ့ပါတယ် ။ အဲဒါဘာကြောင့်လဲ ရဲသင်တန်းစတက်ကတည်းက ဒီရိုင်ဖယ်အစုတ်တွေနဲ့ပဲ သင်လာခဲ့ရတယ် တိုက်ခိုက်ရေးအပိုင်းမှာလဲလက်ထောက်ဒူးထောက် လက်လှဲ ဒူးလှဲလောက်ပဲသင်လာခဲ့ရတယ် ။ သင်တန်းဆင်းကတည်း သေနတ်ဆိုတာ လက်နက်တိုက်ထဲမှာ လူကြီးလာရင်အစစ်ခံဖို့သက်သက်ပဲပြထားတာ အဲဒါကိုတိုက်ခိုက်ရေးညံ့တယ်လို့ဝေဖန်တာကိုတော့
အံ့သြမိတယ် တိုက်ခိုက်ရေးလုပ်ငန်းက ရဲလုပ်ငန်းမဟုတ်ဖူးဗျ ။ ရဲတပ်ဖွဲ့ဆိုတာ
ပြည်ထဲရေးလက်နက်ကိုင်တပ်ဖွဲ့ဗျ ။ ဥပဒေလုပ်ထုံးလုပ်နည်းနဲ့
စာရွက်တွေလူတွေကြားမှာ ရပ်တည်ရတာ အဲဒါကိုတိုက်ခိုက်ရေးအားနည်းလို့ဆိုပြီး သေနတ်တွေထုတ် ရပ်ကွက်ထဲစစ်ရေးလေ့ကျင့်နေလို့ ဘယ်ဖြစ်မလဲဗျ ။ စစ်အစိုးရလက်ထက်မှာ မိုးကျရွှေကိုယ်တွေနေရာပေးလို့ကောင်းအောင်သာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ တပ်မတော်ရဲ့ညီနောင်တပ်ဖြစ်တယ် ဘာညာနဲ့ညာခိုင်းလာတာ လူလက်နက်ဖွဲ့စည်းပုံကိုကြည့်လိုက်တော့ အဖိုးနဲ့မြေးအငယ်ဆုံးလောက်ကိုကွာခြားနေတယ်ဗျ ဒါကိုမှရဲကတိုက်ခိုက်ရေးညံ့တယ်ဆိုရင်တော့ ကျွန်တော့်မှာ ဘာမှပြန်ပြောစရာမရှိတော့ပါဘူး ။ ဒါပါပဲ ။
ကျွန်တော်ထပ်တောင်းပန်ပါတယ် လူပုဂ္ဂိုလ်မုန်းတီခြင်းမရှိပါ ရန်ညှိုးမရှိပါ
မနာလိုဝန်တိုခြင်းမရှိပါ ။ အများကောင်းကျိုးအတွက် မှားယွင်းနေသော
အကျိုးမရှိသော စနစ်တစ်ခုကို တွန်းလှန်ခြင်းသာဖြစ်ပါတယ်။
RF
နှစ်သီးစားလှရွှေ
No comments:
Post a Comment