သိပ်စဉ်းစားဖို့ အချိန်တန်ပြီ
ဦးလှဝင်း (လေသူရဲတစ်ဦး)
လွန်ခဲ့တဲ့ နှစ်ပတ်လောက် အတွင်းမှာ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်ကြတဲ့ ကျွန်တော့် မိတ်ဆွေတွေ ကျွန်တော့်ကို မကြာခဏ ဖုန်းဆက်ပြောကြပါတယ်။
“အမေရိကန်ပြည်ထောင်စုရဲ့ လွှတ်တော်နှစ်ရပ်လုံးမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး သူတို့ လက်မခံနိုင်တာတွေကို ထောက်ပြပြီး ဆွေးနွေးနေကြတယ်။ တချို့အမတ်တွေက ရုပ်သိမ်းပြီးသား (ဆန်ရှင်) တွေကို ပြန်အသက်သွင်းဖို့ အဆိုတင်သွင်းနေကြတယ်။ အိုဘားမားကိုလည်း မြန်မာနိုင်ငံအပေါ် သိပ်အကောင်း မြင်လွန်းတယ်လို့ ဝေဖန်နေတယ်။ နောက်ကြောင်း ပြန်လှည့်တာကို မြန်မာအစိုးရ ပြန်မလှည့်လည်း သူတို့က ပြန်လှည့်ကြတော့မယ့်ပုံပဲ။ မြန်မာနိုင်ငံရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး မြန်မာအစိုးရ သိပ်စဉ်းစား ဆုံးဖြတ်ရမယ့် အချိန်ရောက်နေပြီ” ...တဲ့။
နောက် ... သတင်းစာကြီးတွေရဲ့ အာဘော်မှာလည်း ဖော်ပြထားတယ်။
“ဒီမိုကရေစီ လမ်းကြောင်းကို လျှောက်နေတဲ့ မြန်မာအစိုးရရဲ့ ခြေလှမ်းတွေက ရပ်သွားပြီ။ မြန်မာအစိုးရရဲ့ ဆန္ဒက မြန်မာနိုင်ငံကို ဒီအဆင့်ထက် ပိုပြီး အပြောင်းအလဲ ပြုလုပ်ချင်ပုံ မရတော့ဘူး” ... တဲ့ ခင်ဗျား။
ကျွန်တော် ဗေဒင်ဟောသလို ကြိုပြီး မြန်မာ့အနာဂတ်ကို ဟောလိုက်ပါမယ်။ ယခုအတိုင်းသာ မြန်မာ့အခြေအနေတွေက ကန့်လန့်ကြီး ဖြစ်နေခဲ့ရင် ဘာမှမကြာတဲ့ အနာဂတ်မှာ မြန်မာအစိုးရအပေါ် အနောက်အုပ်စုရဲ့ ဆက်ဆံပုံတွေ ပြောင်းလဲသွားပါတော့မယ်။
သမ္မတကြီး ဦးသိန်းစိန်အပေါ် ပြည်ပခေါင်းဆောင်တွေက အလွန် အထင်ကြီးခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အလွန်အထင်ကြီးပါတယ်။ သူ့ကို ထောက်ခံတဲ့ ဆောင်းပါးတွေ အမျိုးမျိုး ရေးခဲ့ဖူးပါတယ်။
ဒါပေမဲ့ သမ္မတကြီး ဦးသိန်းစိန်အပေါ် အမြင်တွေက စပြောင်းကုန်ပါပြီ။ ကျွန်တော့်အမြင်လည်း ပြောင်းသွားပါပြီ။
ကျွန်တော် စိတ်မကောင်းတာက ... မြန်မာနိုင်ငံရဲ့ ဆိုးကျိုး အကုန်လုံးကို သမ္မတကြီး ခေါင်းအပေါ် ပုံချကြမယ့် ပြဿနာပါပဲ။
“မပြေးသော် ကန်ရာရှိ” ဆိုတဲ့ စကားလို ခေါင်းဆောင်လုပ်သူ တာဝန်ရှိနေတဲ့ ပြဿနာတွေကိုတော့ ငြင်းလို့ မရနိုင်ပါဘူး။
ဒါပေမဲ့ မြန်မာသမ္မတကြီးမှာ သူလုပ်ချင်တာတွေကို ပြတ်ပြတ်သားသား မလုပ်နိုင်တဲ့ ပြဿနာတွေ ရှိကောင်း ရှိနိုင်ပါတယ်။
ပြောရလည်းခက်။
စွပ်စွဲရလည်းခက်။
ဒါပေမဲ့ ... မပြောဘဲ ... မစွပ်စွဲဘဲလည်း ထိုင်ကြည့်နေလို့လည်း မရတော့ပါဘူး။
(၁) မဟာသန္တိသုခကျောင်း ပိုင်ဆိုင်မှု ပြဿနာဖြေရှင်းပုံနှင့် ပတ်သက်ပြီး လူထုတုန်လှုပ်စေတဲ့ ပြဿနာကြီး ဖြစ်ခဲ့တယ်
ဒီပြဿနာ ကိုင်တွယ်ဖြေရှင်း ပေးလိုက်ခြင်းအတွက် အစိုးရကို တိုက်ရိုက် အကျိုးစီးပွား ဖြစ်စေတာ ဘာရှိသလဲ။
ဘာမှ မဖြစ်စေဘူးလို့ ကျွန်တော်မြင်တယ်။ ဒါ ရဟန်းတွေ ပြဿနာပဲ။ အကျိုးစီးပွားရှိခဲ့ရင် နိုင်တဲ့ဘက်က ရဟန်းတွေပဲ ရှိကြမှာပါ။
ဒါပေမဲ့ ဒီနေ့ အစိုးရကိုပဲ လက်ညှိုးထိုးနေပါတယ်။ ဘာကြောင့်လဲ။ ကိုင်တွယ်ပုံ မှားတာပေါ့ ခင်ဗျား။ “ဘုန်းကြီးအမှု ရွာပတ်” ဆိုတဲ့ စကားရှိပေမယ့် ဒီနေ့ ရွာမပတ်ဘူး။ အစိုးရကို သွားပတ်နေပါတယ်။
ကမ္ဘာမှာ ဘယ်လိုမြင်သလဲ။ ဘုန်းကြီးငါးပါးကို ဆန္ဒမပါဘဲ လူဝတ်လဲခိုင်းပြီး ထောင်ထဲ ဆွဲသွင်းလိုက်တဲ့ ပြဿနာ။
အစိုးရ ပုံရိပ်ကို ပျက်စေတာပေါ့ ခင်ဗျား။
(၂) ယူနတီဂျာနယ်မှ စာနယ်ဇင်းသမားတွေကို ထောင်ဆယ်နှစ် ချလိုက်တဲ့ ပြဿနာ
ဒီနေ့ ဒီပြဿနာက မီးဟုန်းဟုန်း တောက်နေပါတယ်။
ဒီဂျာနယ်ရဲ့ ဖြစ်စဉ်တစ်ခုလုံးကို လေ့လာကြည့်ရင် ဖမ်းတာ၊ ပုဒ်မတပ်တာ၊ တရားစွဲတာ၊ အစိုးရအမှား တစ်ခုမှ မရှိဘူး။
နိုင်ငံတော်ရဲ့ လျှို့ဝှက်မှုတွေကို ပေါက်ကြားအောင် ပြုလုပ်ရင် တရားစွဲတာ အဆန်းမှ မဟုတ်ဘဲ။ နိုင်ငံတိုင်းမှာ ပြုလုပ်နေတာပဲ။
အဲ ... မှားသွားတာက ဆယ်နှစ်ဆိုတဲ့ ပြစ်ဒဏ်ကြီးကို ချလိုက်တာ။
ပြစ်မှုတိုင်းကို တရားသူကြီး လုပ်တဲ့သူက ပြစ်ဒဏ်စီရင်ဖို့ စဉ်းစားတဲ့အခါ ပြစ်မှုကျူးလွန်သူရဲ့ ရည်ရွယ်ချက်က Intention . . . ဆိုတာကို အသေအချာ စဉ်းစားရတယ်။
ယူနတီ ဂျာနယ်သမားတွေက သူတို့ဒီသတင်းကို ဖော်ပြတဲ့အခါ တကယ်ပဲ နိုင်ငံရဲ့ လျှို့ဝှက်မှုကြီးကို ပေါက်ကြားအောင် ပြုလုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီသတင်းကို ဖော်ပြခဲ့တာလား။ သတင်းကို ဖတ်ကြည့်လိုက်တာနဲ့ သိသာပါတယ်။
သူတို့ ဂျာနယ်သတင်းကို ပြည်သူစိတ်ဝင်စားပြီး ဂျာနယ် ရောင်းရအောင်၊ ဂျာနယ်စောင်ရေ တိုးအောင် အကြံအဖန် လုပ်ကြရင်းနဲ့ ဆင်ဆင်ခြင်ခြင် ဥပဒေနှင့် ညီညွတ်အောင် မဖော်တတ်၊ မရေးတတ်ကြတဲ့အတွက် ထောင်ထဲ ရောက်ကုန်ကြတာပါ။
ဒီလူတွေမှာ ဒီသတင်းကြီးကို ရေးလိုက်ရင် နိုင်ငံတော်လျှို့ဝှက်ချက် ဖောက်ဖျက်တဲ့ ဥပဒေနဲ့ ငြိတော့မယ် ဆိုတာကို လုံးဝသိကြပုံ မရပါဘူး။ သိရင်လည်း ရေးရဲကြမယ် မထင်ပါဘူး။ ဂျာနယ် ရောင်းအားတက်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီသတင်းကို ကြံဖန်ရေးပြီး ဖော်ပြခဲ့ကြတာပါ။
အဲဒီသတင်းကို အသေအချာ ဖတ်ကြည့်ပါ။ ခေါင်းစဉ်ကြီးပဲ ပြူးတူးပြဲတဲ ဖြစ်အောင် ဖော်ပြထားပြီး သတင်းအသားက ဘာမှ လေးနက်မှု မရှိပါဘူး။ ခေါင်းစဉ်ကို ပေါ်လွင်အောင် ဘာမှ ထိုးပြနိုင်စွမ်း မရှိပါဘူး။
နောက် ... ပြစ်ဒဏ်ပေးတဲ့အခါ စဉ်းစားရမယ့် အချက်တစ်ခုက “ဂယက်” ... အဲ ... “သက်ရောက်မှု” ပေါ့ ခင်ဗျား။
သူတို့သတင်း သူတို့ဂျာနယ်မှာ ဖော်ပြခဲ့ပြီးတဲ့နောက် သူတို့ မဟာသတင်းကြီးကြောင့် နိုင်ငံမှာ ဆိုးကျိုး “ဂယက်” တွေ ဘာတွေ ဖြစ်ပေါ်ခဲ့ပါသလဲ။
ကျွန်တော်သိသလောက် ဘာတစ်ခုမှ မရှိပါဘူး။
အဲဒီလို သက်ရောက်မှု မဲ့နေတဲ့ သတင်းဖော်ပြမှုအတွက် ထောင်ဆယ်နှစ်ဆိုတဲ့ ပြစ်ဒဏ်မျိုးကို ချသင့်ပါသလား။
အာဏာပိုင်တွေ ညံ့လွန်းလို့ ချခဲ့တယ် ... ချခွင့်ပြုခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။
ဒီဆယ်နှစ်ချလိုက်တဲ့ ပြစ်ဒဏ်သတင်းကြောင့် ဘယ်သူထိခိုက်ရသလဲ။
နိုင်ငံတော်အစိုးရပေါ့ ခင်ဗျား။
သမ္မတကြီးဦးသိန်းစိန်ပေါ့ ခင်ဗျား။
“ဟဲ့ ... တယ်ရက်စက်ပါလား”
“ဟဲ့ ... မြန်မာနိုင်ငံမှာတော့ မီဒီယာသမားတွေကို နှိပ်ကွပ်ကုန်ပြီ”
“ဟဲ့ ... မြန်မာအစိုးရကတော့ မင်းသားခေါင်း ဆောင်းထားတဲ့ မျက်နှာဖုံးကို ခွာပစ်လိုက်ပြီ။ ခေတ်ကို နောက်ပြန်ဆုတ်တော့မှာလား”
ဒီဆိုးကျိုးတွေက ပြည်တွင်းမှာသာ မဟုတ်ပါဘူး။ ကမ္ဘာတစ်ခုလုံးကို ရိုက်ခတ်သွားစေခဲ့ပါတယ်။
ဒါကြောင့် ... ကျွန်တော်သာ အာဏာပိုင်ဆိုရင် ဘာလုပ်မလဲ။
“ဟေ့ကောင်တွေ ... မင်းတို့ရေးတဲ့ သတင်းရဲ့ ခေါင်းကြီးက ဆင်ခေါင်းကြီး ဖြစ်နေတယ်ဆိုတာ သိသလား။ စာဖတ်ပရိသတ်က အရူးတွေ၊ ဖွတ်ကျားတွေ မဟုတ်ဘူး။ ခေါင်းရှိတယ်။ သူတို့ဟာသူတို့ ခွဲခြားတတ်တယ်။ သူတို့ကို သွားအထင်မသေးနဲ့။ မစော်ကားနဲ့။ ဒီသတင်းမျိုးရေးတာ တစ်နေ့ မင်းတို့ကို ပြန်ပတ်လိမ့်မယ်။ အာဏာပိုင်ဖြစ်တဲ့ ငါတို့အနေနဲ့ကတော့ ဒီတစ်ကြိမ် သည်းခံမယ်။ မင်းတို့ဂျာနယ်ကို အမည်းဂျာနယ် စာရင်းထဲမှာ ထည့်ထားမယ်။ နောက်တစ်ကြိမ် ဒါမျိုး ထပ်ရေးရင်တော့ သတိမပေးတော့ဘူး။ ဂျာနယ်ထုတ်ဝေခွင့် တစ်နှစ်ပိတ်ပစ်မယ်”
ဒီအတိုင်း ကျွန်တော် ပြုလုပ်ပါမယ်။
ကျွန်တော် မဆလခေတ်က ပြန်ကြားရေး ဝန်ကြီးဌာနမှာ အထူးအရာရှိ တာဝန်ယူရစဉ်ကလည်း ဝန်ကြီးတာဝန် ပေးတဲ့အတွက် ရန်ကုန်သတင်းစာမှ ဆရာမြို့မမောင်ကို ဒီလိုပဲ ခေါ်သတိပေးခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဆရာမြို့မမောင်က နိုင်ငံကျော် စာပေပညာရှင်တစ်ဦး ဖြစ်နေတော့ ဝန်ကြီးခိုင်းသလို ကျွန်တော် လုံးဝမလုပ်ဘူး။
“ဆရာရယ် ... ဝန်ကြီးက တာဝန်ပေးလို့ ကျွန်တော် ခေါ်ပြောရတာပါ။ ကျွန်တော် တောင်းပန်တာပါ။ နောင်ကိုတော့ ဒါမျိုး ဆရာထပ်မရေးပါနဲ့။ ဆရာထပ်ရေးခဲ့ရင် ကျွန်တော်ပါ ဒုက္ခရောက်ပါလိမ့်မယ် ဆရာ”
အဲဒီအတိုင်း ပြောခဲ့ပါတယ်။
ဆရာမြို့မမောင်ကလည်း လုံးဝ ထပ်မရေးတော့ပါဘူး။ ဧည့်ခံပွဲတွေမှာ ကျွန်တော်နဲ့ ပြန်ဆုံတိုင်း ... “လေတပ်ဗိုလ်လေး နေကောင်းတယ်နော်။ မင်းခိုင်းတဲ့အတိုင်း ငါထပ်မရေးဘူး” လို့ ရယ်ပြီး ပြောတတ်ပါတယ်။
ဒီလို ဖြေရှင်းပုံမျိုးက ကြိုဆိုရမယ့် ဖြေရှင်းပုံနည်း မဟုတ်လား ခင်ဗျား။
ယခု ထောင်ဆယ်နှစ် ချပစ်လိုက်တယ်ဆိုတော့ ... အဲ ... စိတ်မချမ်းသာစရာကြီးပေါ့။
(၃) မကြာခင်က ဖြစ်ခဲ့တဲ့ မန္တလေးမြို့မှ ပဋိပက္ခ
ပြဿနာအကြောင်းကို ကျွန်တော် မဆွေးနွေးချင်တော့ပါဘူး။ သက်ရောက်မှု အပိုင်းကိုပဲ ဆွေးနွေးချင်ပါတယ်။
သေဆုံးသူ၊ ဒဏ်ရာရသူ၊ အဖမ်းအဆီးခံရသူ၊ ကြောက်ရွံ့စိတ်ဖြင့် နေထိုင်ရသူ။ ... ဒါတွေက ပြည်သူ့ဘက်ကို ကျရောက်တဲ့ သက်ရောက်မှုပေါ့ ခင်ဗျား။
အစိုးရအပေါ် သက်ရောက်မှု ... ။
ဒီနေ့ထုတ် စာနယ်ဇင်းတွေကို ဖတ်ကြည့်လိုက်ရင် ပြည်သူတွေက အစိုးရကို ဘယ်လိုမြင်နေကြပြီ ဆိုတာ ရှင်းနေပါတယ်။
ကျွန်တော် ထပ်ရှင်းဖို့ပင် မလိုပါဘူး။
အဲ ... ပြည်ပ သက်ရောက်မှုတွေက ပိုဆိုးပါတယ်။ အေပီတို့၊ အေအက်ဖ်ပီတို့လို ကမ္ဘာကျော် သတင်းဌာနကြီးတွေရဲ့ မန္တလေးသတင်းနဲ့ ပတ်သက်ပြီး ရေးသား ဖော်ပြထားပုံတွေကို ဖတ်ကြည့်ပါ။
ဟာရယ်ထရီဗွန်းတို့၊ ဝါရှင်တန်ပို့စ်တို့လို သတင်းစာကြီးတွေမှာ ပါတဲ့ သုံးသပ်ချက် သတင်းတွေကို ဖတ်ကြည့်ပါ။
ဒီနေ့ မြန်မာအစိုးရရဲ့ ပုံရိပ်တွေကို ပုံရိပ်အမှန် အဆင့်ထက် ပိုနိမ့်သွားအောင် သက်ရောက်မှုတွေ ဖြစ်ပေါ်နေပါတယ်။
တစ်နေ့ကပဲ အမေရိကန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး ကလည်း ပြောသွားပါတယ်။ ဒီနေ့ မြန်မာနိုင်ငံမှာ လူမျိုးရေး ... ဘာသာရေး ... မျိုးချစ်စိတ် ... ဆိုတာတွေကိုပဲ စိတ်ဝင်စားနေတယ်၊ ငြင်းခုံနေတယ်။ တကယ် စဉ်းစားသင့်တာက မြန်မာနိုင်ငံ သားကောင်းဖြစ်လာဖို့ ပြဿနာပါတဲ့။
ကျွန်တော် သူပြောတာကို လက်ခံတယ်။
ဒီနေ့ ကျွန်တော်တို့ လမ်းမှားလိုက်နေပါတယ်။
ဒီနေ့ ကျွန်တော်တို့ မြန်မာတွေ ခိုင်းစေဖို့ ကျွန်အဖြစ် ရောင်းစားခံနေရတဲ့ ပြဿနာ။
မယားအဖြစ် အရောင်းစား ခံနေရတဲ့ ပြဿနာ။
ပြည့်တန်ဆာလုပ်ဖို့ အရောင်းစား ခံနေရတဲ့ ပြဿနာ။
ပြည်ပမှာ အနှိမ်ခံ အလုပ်သမားအဖြစ် အလုပ်လုပ်နေကြရတဲ့ ပြဿနာ။ လယ်အသိမ်းခံရပြီး လယ်လုပ်စရာ မြေမရှိ ဖြစ်နေရတဲ့ ပြဿနာ။
အရွယ်ကောင်းတဲ့ လူငယ်တွေ သန်းနှင့်ချီပြီး အလုပ်ကြမ်းသမားတွေအဖြစ် ပြည်ပရောက်နေတဲ့ ပြဿနာ။
ဒီနေ့ကျေးရွာတွေမှာ ဆားနဲ့ ငရုတ်သီးကိုပဲ ဟင်းလုပ်ပြီး စားနေကြရတဲ့ လူတွေ ပြဿနာ။
အလွယ်တကူ ကုသလို့ရနိုင်တဲ့ ရောဂါသည် ဖြစ်ပေမယ့် ဆေးဖိုးငွေ မရှိလို့ သေနေကြရတဲ့ လူတွေပြဿနာ။
ငြိမ်းချမ်းမှု မရှိလို့ စစ်ရှောင်ပြီး မိမိအိုးအိမ်ကို စွန့်ခွာထွက်ပြေး နေကြရတဲ့ လူတွေရဲ့ ပြဿနာ။
ဒီပြဿနာတွေက လူမျိုး ... ဘာသာ . . မျိုးချစ်စိတ် ဆိုတာတွေထက် ပိုအရေးမကြီးဘူးလား ခင်ဗျား။
(၄) ရွေးကောက်ပွဲ
ယခုနှစ်အတွင်း ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ ... ။ ၂၀၁၅ ခုနှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲ။
ဒီရွေးကောက်ပွဲတွေနဲ့ ပတ်သက်ပြီးတော့လည်း လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲ ဖြစ်လာနိုင်၊ မဖြစ်လာနိုင်ကို ဒီနေ့ တစ်ကမ္ဘာလုံး စောင့်ကြည့်နေပါတယ်။
လိမ်လို့မရပါဘူး။
ဘာဖြစ်လာနိုင်တယ်ဆိုတဲ့ ရှေ့ပြေး နိမိတ်တွေကလည်း ပေါ်လာနေပါပြီ။
အားလုံးကတော့ အစိုးရအပေါ်မှာပဲ တည်ပါတယ်။ သူတို့ကောင်းစေချင်ရင် ကောင်းလိမ့်မယ်။ သူတို့ဆိုးချင်လည်း ဆိုးလိမ့်မယ်။
ရွေးကောက်ပွဲ အဆိုးအကောင်းရဲ့ သက်ရောက်မှုကတော့ ပြည်သူနဲ့ အစိုးရ နှစ်ဦးစလုံးအပေါ် ရှိပါလိမ့်မယ်။
အဲ ... ဆိုးကျိုးဘက်ကိုသာ ပြောင်းသွားခဲ့ရင်တော့ အစိုးရအပေါ် သက်ရောက်မယ့် ဆိုးကျိုးတွေကို အဓိက ပုံချခံရမှာကတော့ သမ္မတကြီးပေါ့ခင်ဗျား။ ကျွန်တော်ကလည်း သမ္မတဦးသိန်းစိန်ကို မကြာခဏ ထောက်ခံရေးခဲ့ဖူးတဲ့ စာရေးဆရာဆိုတော့ သက်ရောက်မှုက ကျွန်တော့်အပေါ်လည်း ရှိလာနိုင်ပါတယ်။
အနာဂတ်ကို ကြိုမမြင်တတ်တဲ့ ငထုံစာရေးဆရာ။ ခေါင်းမရှိတဲ့ စာရေးဆရာ။
ကဲ ... ထားပါတော့။
ကျွန်တော်ဒီနေ့ အဓိကတင်ပြချင်တာက ဒီနေ့ အနောက်အုပ်စုက မြန်မာအစိုးရအပေါ် အကောင်း မမြင်တော့ပါဘူး။ အဆိုးဘက်ကို မြင်စပြုနေပါပြီ။ သူတို့ ဒီလိုမြင်တဲ့ နောက်ကွယ်မှာ သက်ရောက်လာမယ့် ဆိုးကျိုး အများကြီး ရှိပါတယ်။
ဒါကြောင့် ဒီနေ့ သမ္မတကြီးဦးသိန်းစိန် “သိပ်စဉ်းစားဖို့ အချိန်တန်ပြီ” ... လို့။
ဦးလှဝင်း (လေသူရဲတစ်ဦး)၊ ၁၄-၇-၂၀၁၄

the voice weekly

No comments:
Post a Comment