Thursday, 21 August 2014

မန္တလေးတိုင်းတွင် ကွန်ပြူတာဆာဗာစနစ်စတင်လုပ်ဆောင်မည်

နိုင်ငံသားစိစစ်ရေး မှတ်ပုံတင်ဆိုင်ရာ လုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီးတွင် ကွန်ပျူတာ ဆာဗာစနစ်ဖြင့် ပထမဆုံး လုပ်ဆောင်မည်

မန္တလေး၊ သြဂုတ် ၂၀

အစိုးရသစ် လက်ထက်တွင် စတင် အကောင်အထည်ဖော် လုပ်ကိုင်နေသည့် e-Government စနစ်တွင် တစ်ခု ပါဝင်သည့် မွေးဖွားမှု၊ သေဆုံးမှုနှင့် နိုင်ငံသားစိစစ်ရေး မှတ်ပုံတင်ဆိုင်ရာ လုပ်ငန်းများကို အချက်အလက် တိကျမှန်ကန်စေရန် မြန်မာနိုင်ငံတွင် ပထမဆုံးအနေနှင့် e- File Management System ဖြင့် ထိန်းချုပ်မည့် ကွန်ပျူတာဆာဗာစနစ်ကို မန္တလေးတိုင်းဒေသကြီးအတွင်း နိုဝင်ဘာလဆန်းတွင် စတင် အကောင်အထည်ဖော်မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာန (လဝက) အကြီးတန်း အရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။

အဆိုပါ ကွန်ပျူတာ ဆာဗာစနစ်ကို အသုံးပြုနိုင်ရန် လိုအပ်သော ဆော့ဝဲကို စင်ကာပူနိုင်ငံ အခြေစိုက် ကုမ္ပဏီတစ်ခု ဖြစ်သည့် East Wind Solutions က ရေးဆွဲပေးပြီး ဖြစ်ကြောင်း၊ အဆိုပါ ဆော့ဝဲတွင် လိုအပ်သော အချက်အလက်များကို ထပ်မံဖြည့်စွက်လျက်ရှိရာ မူရင်းအခွေများ မကြာမီ ရောက်ရှိမည် ဖြစ်ကြောင်း၊ အဆိုပါဆော့ဝဲကို အသုံးပြုရန် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ခရိုင်နှင့်မြို့နယ် လဝက ရုံးများတွင် အသုံးပြုနေသော ကွန်ပျူတာများကို အဆင့်မြှင့်တင်ရန် လိုအပ်သော စာရင်းများ ကောက်ယူထားကြောင်း၊ ယင်းကွန်ပျူတာများ အဆင့်မြှင့်တင် ပြီးပါက သန်းခေါင်းစာရင်း၊ မွေးဖွားမှု၊ သေမှုဆိုင်ရာ အချက်အလက်များ၊ နိုင်ငံသားစိစစ်ရေး မှတ်ပုံတင်ခြင်းကိစ္စနှင့် စပ်ဆိုင်သော အချက်အလက်များကို ထည့်သွင်းမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

အဆိုပါ ဆော့ဝဲအသုံးပြုနိုင်ရန် တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ဦးစီးဌာနက မွေးဖွားမှုနှင့် သေဆုံးမှု မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်း စာရင်းဇယားများ ပူပေါင်း ဆောင်ရွက်ရေးအဖွဲ့ ဖွဲ့စည်းထားပြီး သြဂုတ်လ ၁၆ ရက်နှင့် ၁၇ ရက်နေ့တို့တွင် မြို့နယ် လဝကရုံးများတွင် မှတ်တမ်းတင်ထားသော Database များ ဆော့ဝဲအတွင်း ထည့်သွင်းအသုံးပြုနည်းကို သင်ကြားထားပြီး ဖြစ်ကြောင်းနှင့် ကွန်ပျူတာ ကျွမ်းကျင်လုပ်သား မရှိသော မြို့နယ်များအတွက် ကျွမ်းကျင်လုပ်သားများကို ပြင်ပမှ ခေါ်ယူမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

“အရင်က မှတ်ပုံတင် လုပ်ချင်ရင် လဝကကို လာရတယ်။ အခု ဒီဆော့ဝဲကို အသုံးပြုပြီး အချက်အလတ်တွေ အကုန်ထည့်ထားတဲ့အတွက် မှတ်ပုံတင် လုပ်လိုတဲ့သူတွေ၊ မလုပ်ရသေးတဲ့သူတွေ မှတ်ပုံတင်လုပ်ရမဲ့ အချိန်ရောက်တာနဲ့ ကွန်ပျူတာတွေက အချက်ပေးမယ်၊ အဲဒီအခါ သက်ဆိုက်ရာ လဝကက အဲဒီသူတို့ဆီ စာပို့ပြီး မှတ်ပုံတင်လာ လုပ်ခိုင်းမယ်” ဟု အဆိုပါ တာဝန်ရှိသူက ရှင်းပြသည်။

မှတ်ပုံတင်ဆိုသည်မှာ နိုင်ငံသားတိုင်း ရှိသင့်ကြောင်း၊ မှတ်ပုံတင်ကို အလွယ်တကူ ထုတ်ပေးခြင်း၊ အထက်အမိန့်ဖြင့် ထုတ်ပေးခဲ့ခြင်းတို့ကြောင့် မြန်မာနိုင်ငံတွင် ရုံးတွင်း စာရွက်စာတမ်းနှင့် အထောက်အထား အပြည့်အစုံ မရှိဘဲ မှတ်ပုံတင် လက်ကိုင်ရရှိသူ များစွာရှိကြောင်း၊ နိုင်ငံသား စိစစ်ရေးကဒ်ပြားနှင့် သက်ဆိုင်သော စာရွက်စာတမ်း စာရင်းဇယားတို့မှာ စာရွက်ပေါ်တွင် ရှိနေသဖြင့် လိုအပ်သည့်အခါ ရှာဖွေရ ခက်ခဲကြောင်း ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် နာဂစ်မုန်တိုင်း တိုက်စဉ်က မြို့နယ်လဝက ရုံးများရှိ အဆိုပါ အထောက်အထား စာရွက်စာတမ်းများ ပျက်ဆီးခဲ့၍ ယခုနှစ်ပိုင်းအတွင်း အဆိုပါ ဒေသများတွင် မှတ်ပုံတင်ပြုလုပ်လိုသူများ အခက်အခဲနှင့် ကြုံတွေ့ခဲ့ရကြောင်း နိုင်ငံတကာတွင် ကိုယ်ရေးအချက်အလက်များကို ကွန်ပျူတာစနစ်ဖြင့်သာ ထားရှိကြောင်း ယခုကဲ့သို့ ကွန်ပျူတာ ဆာဗာစနစ်ဖြင့် ပြုလုပ်နိုင်မည် ဆိုပါက အချက်အလက်များ တိတိကျကျ ရရှိနိုင်မည့်အပြင် မှတ်ပုံတင် အတုလုပ်ခြင်း၊ နိုင်ငံကူးလက်မှတ် အတုလုပ်ခြင်းများကိုပါ တားဆီးနိုင်မည် ဖြစ်ကြောင်း မြို့နယ်လဝက အငြိမ်းစားတစ်ဦး ဖြစ်သည့် ဦးနိုင်နိုင်က သုံးသပ်ပြောကြားသည်။

“မကွေးတိုင်းက ပြောင်းလာပြီး မန္တလေးမှာ နေတယ်။ မှတ်ပုံတင်လုပ်တော့ မန္တလေးမှာ လုပ်တယ်။ နိုင် ၁ ဆိုတာကို မကွေးသွားယူရတယ်၊ အခုလို အချက်အလက်အားလုံး သူတို့ထံမှ ရှိနေတယ်ဆိုတော့ အဆင်ပြေမယ် ထင်တယ်” ဟု အောင်မြေသာစံ မြို့နယ်တွင် နေထိုင်သည့် အသက် ၄၀ အရွယ်ရှိ ဦးစိုးမြင့်က ပြောဆိုသည်။

ကွန်ပျူတာဆာဗာများကို မန္တလေးခရိုင်တွင် တည်ဆောက်ပြီးစီးပါက ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်၊ မြင်းခြံခရိုင်၊ ညောင်ဦးခရိုင်၊ မိတ္ထီလာခရိုင်၊ ရမည်းသင်းခရိုင်တို့တွင်လည်း ဆက်လက်လုပ်ဆောင်မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ဦးစီးဌာန (လဝက) အကြီးတန်းအရာရှိက ပြောဆိုသည်။
the voice weekly

No comments:

Post a Comment