အီးဗီဇာလျှောက်ထားမှု လက်ခံ၊ မခံကို တစ်နာရီနှင့် ပြည်ဝင်ခွင့်ပြု၊ မပြု ရုံးဖွင့်ရက် ငါးရက်အတွင်း အကြောင်းပြန်မည်

ရန်ကုန်လေဆိပ်တွင် ပြည်ပခရီးသွားများကိုတွေ့ရစဉ်(ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
မြန်မာနိုင်ငံသို့ လာ ရောက်မည့် နိုင်ငံခြားခရီးသွား များအွန်လိုင်းမှ
လျှောက်ထားနိုင်သော အီးဗီဇာစနစ်ကို ကျင့်သုံးရာတွင် လျှောက်ထားမှု လက်ခံ၊
မခံကို တစ်နာရီအတွင်း ပြန်လည် အကြောင်းပြန်မည်ဖြစ်ပြီး ပြည်ဝင်ခွင့်ပြု၊
မပြုကို ရုံးဖွင့်ရက် ငါးရက်အတွင်း ပြန်လည်အကြောင်း ပြန်မည်ဖြစ်ကြောင်း
ပြည်ထောင်စုဝန်ကြီး ဦးခင်ရီကပြောသည်။
သြဂုတ် ၁၇ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အစည်းအဝေးခန်းမ၌ ပြုလုပ် သော အီးဗီဇာဆိုင်ရာဆွေးနွေး ရှင်းလင်းပွဲတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက အထက်ပါအတိုင်း ပြောကြား ခဲ့ခြင်းဖြစ်သည်။
အီးဗီဇာစနစ်ကို လာမည့် စက်တင်ဘာ ၁ ရက်မှစ၍ နိုင်ငံ ပေါင်း ၄၁ နိုင်ငံအား ဆောင်ရွက် ပေးမည်ဖြစ်ပြီး ခရီးသွားဗီဇာဖြင့် လာရောက်လိုသူများကို ထုတ်ပေးနိုင်ရန်အတွက် စီစဉ်ပေးခြင်းဖြစ်ကာ မြန်မာနိုင်ငံသို့ လာရောက်လိုသော ခရီးသွားများအနေဖြင့် တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ မိမိတို့တစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များကို ပြည့်စုံစွာ ဖြည့်စွက်ဖော်ပြပေးရမည်ဖြစ်သည်။
အီးဗီဇာဖြင့် ပြည်ဝင်ခွင့်ရရှိသော ခရီးသည်အနေဖြင့် ရရှိထားသော သက်တမ်းတွင် တစ်ကြိမ်သာ ပြည်ဝင်ခွင့်ရရှိမည်ဖြစ်ပြီး ပြည်ဝင်ခွင့်အတွက် ဗီဇာကြေး အမေရိကန်ဒေါ်လာ ၅၀ ကျသင့်မည်ဖြစ်သည်။
‘‘တကယ်သာဒီစနစ်ကို ပီပီ ပြင်ပြင် အကောင်အထည်ဖော် နိုင်မယ်ဆိုရင် ခရီးသွားရာသီဖြစ်တဲ့ အောက်တိုဘာကနေ ဧပြီ အထိ နိုင်ငံခြားသားဧည့်သည် တစ်လကို ငါးထောင်ကနေ နှစ်သောင်း လောက်ထိ ၀င်လာနိုင်မယ်။ အခု ကြိုတင်ဆိုက်ရောက်ဗီဇာစနစ် သုံးနေတာတောင် ခရီးသွားရာသီမှာ တစ်လကို နှစ်ထောင်ကနေ ငါးထောင်ကြား ခရီးသွားဧည့်သည်တွေ ၀င်နေတယ်’’ဟု ခရီးသွားလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဒေါ်စံပယ်အောင်ကပြောသည်။
၂၀၁၂ ခုနှစ် ဇွန်လမှစတင်ကာ လုပ်ငန်းဗီဇာ၊ ပြည်ဝင်ဗီဇာ၊ ဖြတ်သန်းဗီဇာများကို ဆိုက်ရောက်ဗီဇာအဖြစ် ခွင့်ပြုပေးခဲ့ သော်လည်း နိုင်ငံတကာစံချိန် စံညွှန်းများနှင့် ကိုက်ညီအောင် ဆောင်ရွက်ရာတွင် ခရီးသွားဗီဇာဖြင့် လာရောက်သူများအား ဆိုရောက်ဗီဇာထုတ်ပေးရန် မဖြစ်နိုင်သည့်အတွက် အွန်လိုင်းမှလျှောက်ထားနိုင်မည့် အီးဗီဇာစနစ်ကို အကောင်အထည်ဖော်ရခြင်းဖြစ်ကြောင်း ဦးခင်ရီကဆိုသည်။

No comments:
Post a Comment