ဒီနေ့ ဘာအရေးကြီးဆုံးလဲ
၅.၈.၂၀၁၄ နေ့ ...
မနေ့ညက ကျွန်တော် ရုပ်မြင်သံကြား လွှတ်တော်လိုင်းမှာ ဦးစောမြင့်မောင် ဆိုသူရဲ့ စာတမ်းဖတ်နေတာကို နားထောင်လိုက်မိတယ်။ တယ်ကောင်းတဲ့ စာတမ်းပါလား။ ဒီစာတမ်းရဲ့ အပြည့်အစုံကို ရချင် ဖတ်ချင်လိုက်တာဗျာ။ သူ့ကို ဘယ်လိုဆက်သွယ်ရမှန်းလဲ မသိ။ သူ့စာတမ်းက အလွန်ပြည့်စုံတဲ့ စာတမ်း။
ဒီနေ့ သမ္မတကြီး ဦးသိန်းစိန်အစိုးရ ဘာကြောင့် ခြေလှမ်းတွေ ရှေ့မတိုးနိုင်ဘဲ ဖြစ်နေတဲ့ဒုက္ခကို တည့်တည့်ကြီး ထောက်ပြသွားပါတယ်။
ဦးစောမြင့်မောင် ဘယ်သူလဲဆိုတာ ကျွန်တော် လုံးဝမသိပါ။
ဒီပုဂ္ဂိုလ်က အစိုးရအဖွဲ့ရဲ့ အားနည်းချက်ကို ရိုးရိုးထောက်ပြသွားတာ မဟုတ်ပါဘူး။ အဖြေကိုပါ တစ်ခါတည်းရှာပြီး ပေးသွားတယ်။ ဦးစောမြင့်မောင်က သူ့စာတမ်းကိုဖတ်ပြီး နိဂုံးမှာ ပွင့်ပွင့်လင်းလင်းပဲ ပြောချသွားပါတယ်။
သူက စကားပြောလည်း ကောင်းတယ် ခင်ဗျား။
“ကျွန်တော် ယခုလာမယ့် ၂၀၁၅ ရွေးကောက်ပွဲကို လုံးဝစိတ်မဝင်စားဘူး။ ဘယ်အဖွဲ့အစည်း၊ ဘယ်ပါတီပဲနိုင်နိုင်၊ ဒီနေ့ ကျင့်သုံးနေတဲ့ မြို့ပြအုပ်ချုပ်ရေးစနစ်၊ ဗျူရိုကရေစီစနစ်ကို ဒီနေ့ ဒီအချိန်နှင့် ကိုက်အောင်၊ အဲ ... ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လက်တွေ့ကျင့်သုံးနေတဲ့ (လစ်ဗရယ် ဒီမိုကရေစီ) စနစ်နဲ့ ကိုက်ညီအောင် တက်လာတဲ့ အစိုးရက မထုတ်ဖော်နိုင်ဘူး ဆိုရင်တော့ ... ဘယ်သူပဲ တက်ခဲ့ တက်ခဲ့ ... ဒီနေ့ မြန်မာနိုင်ငံကို တိုးတက်လာအောင် ဘယ်သူမှ လုပ်နိုင်ကြမှာ မဟုတ်ပါဘူး”
မှန်ပါတယ်။
သူ့ရဲ့စာတမ်းကို နားထောင်ပြီး ကျွန်တော် အလွန်အံ့သြတယ် ခင်ဗျား။
ဒီနေ့ ဦးစောမြင့်မောင်ရဲ့ အမြင်နှင့် ကျွန်တော့်အမြင်က တစ်ထပ်တည်း ဖြစ်နေပါတယ်။
တကယ်တော့ ဦးစောမြင့်မောင် ပြုစုတဲ့ စာတမ်းကို စာအုပ်ကို ထုတ်ဝေသင့်ပါတယ်။
လွှတ်တော်အမတ်တွေ အကုန်လုံး၊ အစိုးရအဖွဲ့ဝင် အားလုံး၊ နောက် မြို့ပြအုပ်ချုပ်ရေးကို လက်တွေ့တာဝန်ယူ ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်တွေ အကုန်လုံး၊ နောက် ... တပ်မတော်ကိုပါ အခမဲ့ ဖြန့်ဝေပေးသင့်ပါတယ်။
ဗြိတိသျှတို့ အုပ်စိုးတဲ့ခေတ်က မြန်မာနိုင်ငံရဲ့ မြို့ပြအုပ်ချုပ်ရေးစနစ်၊ ဗျူရိုကရေစီစနစ်ကို သူတို့ဗြိတိန်နိုင်ငံမှာ အသုံးပြုတဲ့ နည်းစနစ်တွေကို မြန်မာ့ရေမြေ အနေအထားနှင့် ကိုက်ညီအောင် ပြုပြင်သင့်တဲ့ အပိုင်းလေးတွေကို ပြုပြင်ပြီး နည်းဥပဒေတစ်ခုအဖြစ် တိတိကျကျ သတ်မှတ်ပေးခဲ့ပါတယ်။
ဒီနည်းဥပဒေက အုပ်ချုပ်ရေးကို တာဝန်ယူ ဆောင်ရွက်ရမယ့် လက်စွဲစာအုပ်ပါပဲ။ မိမိတာဝန်ယူရတဲ့ အုပ်ချုပ်ရေးနယ်မြေမှာ ဘာပြဿနာ တက်လာခဲ့ ... တက်လာခဲ့ ... ဒီလက်စွဲ စာအုပ်ကြီးကို လှန်ပြီး ကိုယ်ဆောင်ရွက်ရမယ့် အဖြေကို ရှာလိုက်ရုံပါပဲ။ နောက် ... တာဝန်ယူရမယ့် အာဏာပိုင်တွေကို ပေးထားတဲ့ အာဏာတွေကို လိုက်ပြီး စနစ်တကျ အဆင့်မြင့် ပညာရပ်တွေ သင်ကြားပေးခဲ့တယ်။
အုပ်ချုပ်ပုံ အဆင့်ဆင့်ကတော့ ကျေးရွာ၊ မြို့နယ်၊ ခရိုင် အဲ ... ဒီစတိတ် (District) ပေါ့ ခင်ဗျား။ အဆင့်သတ်မှတ်ထားပြီး (ဒီစတိတ်) သုံးခုပေါင်းပြီး အရေးပိုင်တစ်ယောက်ကို အုပ်ချုပ်ဖို့ တာဝန်ပေးပါတယ်။
အရေးပိုင်ဆိုတဲ့ ပုဂ္ဂိုလ်က အာဏာအရှိဆုံး။
အတော်ဆုံး။
တကယ်လက်တွေ့ သူအုပ်ချုပ်ရတဲ့ နယ်မြေဒေသ တစ်ခုလုံးရဲ့ အရေးတွေ အားလုံးကို ပိုင်ပါတယ်။
အရေးပိုင်လောင်းကို စပြီး ရွေးချယ်ကတည်းက တက္ကသိုလ်မှာ ပညာအတော်ဆုံး ကျောင်းသားတွေကို ရွေးတယ်။ အပြိုင်စာမေးပွဲ ဖြေခိုင်းတယ်။ လူကိုယ်တိုင်တွေ့ပြီး မင်းကြီးဖြစ်ထိုက်သူ ဟုတ်မဟုတ်ကို စစ်ဆေးတယ်။
နောက် ... ဗြိတိန်နိုင်ငံကို ပို့လွှတ်တယ်။ အောက်စ်ဖို့တ်တို့လို နာမည်အကြီးဆုံး တက္ကသိုလ်မှာ အုပ်ချုပ်ရေးဘွဲ့ သင်တန်း ... အိုင်စီအက်စ် သင်တန်းပေါ့ ခင်ဗျား။ ဒီသင်တန်းကို တက်ခိုင်းတယ်။
အင်္ဂလိပ်စစ်စစ်တွေ တက်တဲ့ သင်တန်းကို အပြိုင်တက်ခိုင်းတာ။
ဒီသင်တန်းပြီးလို့ မြန်မာပြည် ပြန်လာတော့လည်း မြို့ပြအုပ်ချုပ်ရေးရဲ့ အနိမ့်ဆုံးရာထူး ဖြစ်တဲ့ မြို့အုပ်ရာထူး၊ မြို့အုပ်မှာမှ မြို့အုပ်ရာထူးကို ချက်ချင်းမပေးဘူး။ လက်ထောက် မြို့အုပ်ရာထူးကို ခြောက်လ လုပ်ခိုင်းတယ်။ မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးကို အခြေခံတဲ့နိုင်ငံ။ ဒါကြောင့် မြေအကြောင်းကို လက်တွေ့ကွင်းဆင်းခိုင်းပြီး ဘယ်လိုမြေမျိုးက စိုက်ပျိုးလို့ရတဲ့မြေ၊ စပါးစိုက်သင့်သလား၊ အခြားသီးနှံ စိုက်သင့်သလား၊ နွားစားကျက်အဖြစ် သတ်မှတ်ပေးသင့်တဲ့ မြေလား ...။
အဲ ... မြေကြီးကို ကိုယ်တိုင် နင်းခိုင်း သွားခိုင်းပြီး မြေအကြောင်းကိုသိအောင် လုပ်ခိုင်းတယ်။ နောက် ... ဒီမြေတွေအပေါ်မှာ အခွန်ဘယ်လို သတ်မှတ်ခွဲခြားပြီး ကောက်ခံရသလဲဆိုတာ သင်ခိုင်းတယ်။ မြေတိုင်းအလုပ်ကလည်း မသင်မနေရ ပညာပေါ့ခင်ဗျား။ မြေတိုင်းပညာတတ်မှ နောင် မြေပြဿနာတွေကို ရှင်းပေးနိုင်မယ် မဟုတ်လား။
အဲ ... ဒီတော့ အရေးပိုင်မင်းလောင်းက ဒုတိယမြို့အုပ် ဘဝထဲက မြန်မာနိုင်ငံရဲ့ အသက်သွေးကြောဖြစ်တဲ့ စိုက်ပျိုးမြေ အကြောင်းကို အကုန်သိနေပြီ။
နောက် ... မြို့အုပ်ရာထူးကို ပေးမယ်။
နောက် ... မြို့ပိုင်ရာထူးကို ပေးမယ်။
မြို့ပိုင်ကြီးရာထူးကို ဆက်ပေးမယ်။
ဒုတိယနယ်ပိုင်ဝန်ထောက် ရာထူးပေးမယ်။
နယ်ပိုင်ရာထူး ပေးမယ်။
အဲ ... အရေးပိုင်ရာထူး ဆိုတာက အောက်ခြေအဆင့် ရာထူး အမျိုးမျိုးကို စနစ်တကျ လေ့လာခဲ့ပြီး တာဝန်ထမ်းဆောင်ခဲ့ပြီး အဲဒီ အထဲကမှ အတော်တက အတော်ဆုံးဆိုတဲ့ ပုဂ္ဂိုလ်တွေကိုမှ အရေးပိုင် ရာထူးကို နောက်ဆုံးပေးလိုက်တာ ခင်ဗျား။ သူ့အထက်လူကြီး အဆင့်ဆင့်က ထောက်ခံပေးမှလည်း ဒီရာထူးကို ရကြပါတယ်။
ဗြိတိသျှတို့ မြို့ပြအုပ်ချုပ်ရေးကြီးကို ဘာကြောင့် ဒီလောက် ချောမွေ့ကောင်းမွန်မှု ရှိအောင် ကြိုးစားပါသလဲ။ တိုင်းပြည်ငြိမ်းချမ်းပြီး ကုန်သွယ်မှု အကုန်လုံး ချောမွေ့မှုရှိအောင် အတွက်ပေါ့ခင်ဗျား။ နိုင်ငံရဲ့ အဆီအသွေးကို အကုန်စားနိုင်အောင် အတွက်ပေါ့ ခင်ဗျား။
ဒီနေ့ သမ္မတဦးသိန်းစိန်ရဲ့ လက်ထက်မှာ ဒီလို အုပ်ချုပ်ရေးယန္တရားမျိုး ရှိပါသလား။
တကယ်တော့ ဒီနေ့ခေတ် တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်တွေက အင်္ဂလိပ်ခေတ်က အရေးပိုင်အဆင့်ထက် ပိုမြင့်ပါတယ်။ သူ့နယ်၊ သူ့တိုင်းမှာတော့ သူတို့က ဘုရင်ငယ်တွေလိုပါပဲ။
တကယ်တော့ သူတို့သာ အရည်အချင်း ပြည့်မီပြီး အမှန်တကယ် လူတော်လူကောင်းတွေ ဖြစ်ခဲ့ရင် ယခင် ဗြိတိသျှတို့ခေတ်က နယ်ပိုင်ကြီးတွေ စွမ်းဆောင်နိုင်ခဲ့တာတွေထက် ပိုပြီး တိုးတက်အောင်မြင်အောင် စွမ်းဆောင်နိုင်ကြပါလိမ့်မယ်။
သူတို့ မြို့ပြအုပ်ချုပ်ရေးနှင့် ပတ်သက်ပြီး စနစ်တကျ ဘာသင်တန်းတွေ တက်ဖူးပါသလဲ။ သူတို့ခေတ်၊ သူတို့တက္ကသိုလ်တွေမှာ အတော်ဆုံး ကျောင်းသားတွေအဖြစ် သတ်မှတ်ခံခဲ့ကြရဖူးပါသလား။
လယ်ယာမြေတွေရဲ့တန်ဖိုး သိနိုင်ဖို့အတွက် လက်ထောက်မြို့အုပ် တာဝန်ကို ဘယ်နှစ်လ ထမ်းဆောင်ဖူးပါသလဲ။ ပညာရှာခဲ့ဖူးသလဲ။ မြေယာအကြောင်းကို ဘယ်လောက်သိနေကြသလဲ။
စိတ်မကောင်းစရာပါပဲ။
ဘာမှမသိကြပါဘူး။
ဒီနေ့ တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ် အားလုံးက မိုးကျရွှေကိုယ်တွေ ဖြစ်နေပါတယ်။ သူတို့ကို သမ္မတက တိုက်ရိုက်ခန့်ခဲ့တာ။ သမ္မတမှာ ရွေးချယ်စရာ မရှိခဲ့ပါဘူး။ ပြင်ဆင်ချိန်လည်း မရပါဘူး။
စစ်အာဏာရှင်ခေတ်က ဒီနေ့ (လစ်ဗရယ်ဒီမိုကရေစီ) ခေတ်ကို ချက်ချင်းပြောင်းခဲ့တာ မဟုတ်လား။
ရယ်ရတယ်ခင်ဗျား။
မြန်မာနိုင်ငံမှာ ခေတ်တိုင်းမှာ အာဏာရခဲ့တဲ့ လူတွေက မြို့ပြအုပ်ချုပ်ရေးစနစ်နဲ့ ဥပဒေတွေက တိုင်းပြည်ရဲ့အသက် ဆိုတာကိုတော့ သိကြပါတယ်။ ဒါပေမဲ့ အုပ်စိုးခဲ့သူတိုင်းက သူတို့နိုင်ငံရေး ယုံကြည်ချက်နဲ့ ကိုက်ညီတဲ့ မြို့ပြအုပ်ချုပ်ရေးစနစ်တွေ၊ ဥပဒေတွေ သိပ်ဖြစ်ချင်တယ်။
ဒါကြောင့် ဝန်ကြီးချုပ်ဦးနု ခေါင်းဆောင်တဲ့ ဖဆပလအစိုးရ ခေတ်ကလည်း သူတို့နှစ်သက်တဲ့ ဒီမိုကရေစီ မြို့ပြအုပ်ချုပ်ရေးစနစ် ဆိုတာကို ရေးဆွဲခဲ့တယ်။
မအောင်မြင်ပါဘူး။
ဦးနေဝင်းက အာဏာသိမ်းပြီး မဆလခေတ် ... အဲ ... ဆိုရှယ်လစ်ခေတ်ဆိုတာ ရောက်လာတယ်။
အဲဒီခေတ်မှာလည်း ဆိုရှယ်လစ် မြို့ပြအုပ်ချုပ်ရေးစနစ် ဆိုတာကို ရေးသားပြုစု ဖော်ထုတ်ကျင့်သုံးခဲ့ပါတယ်။
မအောင်မြင်ပါဘူး။
စုပေါင်း ခေါင်းဆောင်တယ်။ စုပေါင်း အုပ်ချုပ်တယ်။ စုပေါင်း စီရင်ချက်ချတယ်။ ဘာအကျိုးရှိသလဲ။
ပြဿနာပေါ်ရင် တာဝန်ယူမယ့်သူ မရှိတော့ဘူး။
အင်္ဂလိပ်ခေတ်က မြို့အုပ်တစ်ယောက်တည်း လုပ်နိုင်တဲ့အလုပ်ကို ငါးယောက် ခွဲလုပ်နေကြတယ်။ မြို့နယ် ပါတီကောင်စီ ဥက္ကဋ္ဌ၊ တိုင်းပါတီကောင်စီ ဥက္ကဋ္ဌတွေ လုပ်ချင်သလို လုပ်လို့ရတဲ့ခေတ် ဖြစ်ခဲ့တယ်။ အကျိုးဆက်ကတော့ နိုင်ငံတော်ရဲ့ စီးပွားရေး သုညအထိ ထိုးကျသွားတယ်။
နောက် ... ၁၉၈၈ လို အရေးအခင်းကြီး နိုင်ငံမှာပေါ်ခဲ့တယ်။
နောက် ... စစ်အာဏာရှင်ခေတ် ... ။
စစ်အာဏာရှင် အစိုးရကလည်း မြို့ပြအုပ်ချုပ်ရေးစနစ်ကို စစ်ခေါင်းဆောင်တွေအပေါ် အခြေခံတဲ့ အုပ်ချုပ်ရေးစနစ်ကို တည်ထောင်ဖို့ ကြိုးစားခဲ့ပြန်တယ်။
စစ်တိုင်းမှူးတွေက နယ်စားပယ်စားကြီးတွေလို ဖြစ်ခဲ့ပါတယ်။ အကျိုးဆက်က ဘာလဲ။ အာဏာရှင် ရွေးချယ်ထားတဲ့ စစ်တိုင်းမှူး တချို့က အလွန်ညံ့ဖျင်းကြတဲ့အတွက် သူတို့အုပ်စိုးတဲ့ တိုင်းတွေ၊ ပြည်နယ်တွေ ဒုက္ခရောက်ကြရပြန်တယ်။
ဒီနယ်စား ဆိုးတွေက သူတို့နယ်မြေအတွင်း ရှိသမျှ ပြည်သူလူထုရဲ့ မြေတွေကို သူတို့ပိုင်မြေ၊ သူတို့လုပ်ချင်သလို လုပ်လို့ရတယ်လို့ ထင်သွားပြီး နယ်မြေတွေကို ခွဲဝေချင်သလို ခွဲဝေပစ်လိုက်တယ်။
အပေါ်ကိုလည်းပေး။ ကိုယ်လည်း ယူချင်သလို ယူခဲ့ကြတာပေါ့ဗျာ။
အဲ ... ဒီနေ့ ကြုံတွေ့နေရတဲ့ လယ်ယာမြေ ပြဿနာအားလုံးက ဒီခေတ်စနစ်ဆိုးရဲ့ အမွေအနှစ်တွေပေါ့ ခင်ဗျား။
၂၀၁၀ ခုနှစ် ရွေးကောက်ပွဲပြီးတော့ သမ္မတဦးသိန်းစိန် တက်ခဲ့ပါပြီ။ ဒီနေ့ သူအာဏာရခဲ့တာ သုံးနှစ်ကျော်သွားပါပြီ။ သူ့ကိုလည်း အပြစ်မတင်ပါဘူး။ သူလက်လှမ်းမီသမျှ လုပ်ဆောင်နိုင်တာတွေ အကုန်ကြိုးစား လုပ်နေပါတယ်။ အဲ ... ဒါပေမဲ့ ဝမ်းနည်းဖို့ အကောင်းဆုံးက ဒီနေ့ (လစ်ဗရယ် ဒီမိုကရေစီစနစ်) ကို ဖော်ဆောင်ပေးမယ့် မြို့ပြအုပ်ချုပ်ရေး စနစ်ကြီးကို လုံးဝ စမလုပ်ရသေးပါဘူး။
ဒီအတွက် ကော်မရှင် ဖွဲ့ရပါမယ်။
ပြည်ပမှ ပညာရှင်တွေရဲ့ အကြံဉာဏ်တွေကို တောင်းယူရပါမယ်။ ဥပဒေတွေ ရေးဆွဲရပါမယ်။
သမ္မတကြီးရဲ့ သက်တမ်းကလည်း တစ်နှစ်ခွဲလောက်ပဲ ကျန်ပါတော့တယ်။
နောက် ... ငြိမ်းချမ်းရေး မရသေးတဲ့ ပြဿနာကလည်း ရှိနေပါသေးတယ်။
ငြိမ်းချမ်းမှုမရှိဘဲ ကောင်းမွန်တဲ့ မြို့ပြအုပ်ချုပ်ရေးကို အသက်သွင်းဖို့ အလွန်ခက်ပါတယ်။ နောက် ... အဆိုးဆုံးကတော့ ဒီနေ့ အုပ်ချုပ်ရေးပိုင်းမှာ သမ္မတကြီးအရှေ့မှာ လက်နဲ့ ရေးသွားသမျှကို အနောက်မှ ခြေနှင့် လိုက်ဖျက်နေတာတွေ ရှိနေပါတယ်။
ဒီနေ့ဖြစ်ပေါ်နေသမျှ နိုင်ငံရဲ့စိတ်ညစ်စရာ ပြဿနာအားလုံးရဲ့ အခြေခံက မြို့ပြအုပ်ချုပ်ရေးစနစ် အလွန်အားနည်းနေတာပါ။
သမ္မတကြီးခင်ဗျား။
အင်္ဂလိပ်တွေ မြန်မာနိုင်ငံကို သိမ်းပိုက်ပြီး သူတို့ ပထမဆုံး ကြိုးစားဆောင်ရွက်ခဲ့တာက သူတို့ရဲ့ ကောင်းမွန်တဲ့ ဗျူရိုကရေစီ အုပ်ချုပ်ရေးကို အစားသွင်းခဲ့တာပါ။
ဒီနေ့ လစ်ဗရယ် ဒီမိုကရေစီနှင့် ကိုက်ညီတဲ့ မြို့ပြအုပ်ချုပ်ရေးစနစ် ချက်ချင်း အကောင်အထည် ဖော်ကြရပါမယ်။ ဒါပေမဲ့ ယခင်မြန်မာအစိုးရ အဆက်ဆက် လုပ်သွားသလို ကိုယ်ဖြစ်ချင်တဲ့၊ ကိုယ်ကြိုက်တဲ့စနစ်ကို ချက်ချင်း အစားထိုးခဲ့တာမျိုးကိုလည်း မပြုလုပ်သင့်ပါဘူး။
အလွန်စဉ်းစားရပါမယ်။
အရာရှိဆိုး ဆိုတာ ညံ့ဖျင်းတဲ့ မြို့ပြအုပ်ချုပ်ရေးစနစ်မှ မွေးဖွားလာတာပါ။ တိုင်းပြည်ပျက်တယ် ဆိုတာ ဒီအရာရှိ ဆိုးတွေကြောင့်ပါ။
စာတမ်းရှင် ဦးစောမြင့်မောင် စာတမ်းနိဂုံးစကားကိုပဲ ကျွန်တော့် နိဂုံးအဖြစ် ထပ်ဖော်ပြလိုက်ပါတယ်။
“မြန်မာနိုင်ငံရဲ့ လစ်ဗရယ်ဒီမိုကရေစီနှင့် ကိုက်ညီတဲ့ မြို့ပြအုပ်ချုပ်ရေးနစ်ကို မဖော်ထုတ်ပေးနိုင်ရင် ဘယ်အစိုးရ တက်လာ တက်လာ ဘာမှ ထိရောက်တဲ့ အပြောင်းအလဲတွေ ရှိလာနိုင်မှာ မဟုတ်ဘူး”
ဦးလှဝင်း( လေသူရဲတစ်ဦး)
the voicemyanmar

No comments:
Post a Comment