- ` စိမ်းလဲ့ကန်သာ ငါးလောင်းပြိုင်လူသတ်မှု နောက်ကွယ်မှ မြုပ်ကွက်များ ´´
၂၀၀၈ခုနှစ် မတ်လပထမအပတ်တွင် ဖြစ်သည်၊ ဥ
တက္ကသိုလ်ရိပ်သာလမ်းတစ်လျှောက်နှင့် စိမ်းလဲ့ကန်သာ နိုင်ငံတော်ဧည့်ဂေဟာတွင် အစောင့်အရှောက်များ ထူထပ်စွာချထားသည်၊ အဘယ့်ကြောင့်ဆိုသော် ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီ ရန်ကုန်သို့လာရောက်ပြီး စိမ်းလဲ့ကန်သာအစိုးရဧည်ဂေဟာတွင် တည်းခိုမည့်အတွက်ဖြစ်သည်၊
သို့သော် အဆိုပါ နိုင်ငံတော်ဧည့်ဂေဟာနှင့်ကပ်လျှက် မိုးကုတ်သူဌေးကြီးဦးမြမောင်၏သားမက် ဦးချာလီ၊ ဇနီးနှင့်သမီးနှစ်ဦး၊ အိမ်ဖော်တစ်ဦးအပါအဝင် မိသားစုငါးဦးလုံး ထိုအချိန်တွင် အိမ်အတွင်း သေနတ်ဖြင့်နားထင်များကို ပစ်သတ်ခံနေရသည်ကိုတော့ မည်သူမှမသိလိုက်ပါ၊
ညနေစောင်းတွင် သားမက်ဖြစ်သူ ဦးသုဇော် အိမ်သို့ပြန်ရောက်လာချိန်တွင် အိမ်အတွင်းရှိ မိသားစုဝင်အားလုံး ရက်စက်စွာ အသတ်ခံထားရသည်ကိုသိရှိပြီး ရဲသို့ သတင်းပို့တိုင်ကြားခဲ့ရသည်၊
တစ်ချိန်တည်းတွင် လူသတ်သမားသည် ဘန်ကောက်မြို့သို့ ပျံသန်းနေသော လေယာဉ်ပေါ်တွင် အနားယူမှေးစက်ရင်း လွှတ်မြောက်သွားခဲ့ပြီ ဖြစ်သည်။
ထိုလူသတ်မှုနှင့်ပတ်သတ်၍ ပထမဆုံးထွက်ပေါ်လာသော ကောလဟာလမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏သမီး စိန်စီသောည မင်္ဂလာဆောင်အတွက် ဦးချာလီတို့မိသားစုထံမှ ဌားရမ်းထားသောစိန်များကို ရောင်းချရန် ကမ်းလှမ်းရာမရောင်းချသဖြင့် သတ်ဖြတ်သည်ဟူသည့် သတင်းဖြစ်သည်
ထိုသတင်းနှင့်တစ်ဆက်တည်း ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦး၏သား ဦးဆောင်သတ်ဖြတ်သည်ဟု သတင်းထွက်ပေါ်လာခဲ့သည်။
ထိုမိသားစုနာရေးတွင် ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးရွှေမန်းမှ ရုပ်အလောင်းများအနီးတွင် အစ်မကြီး လူသတ်သမားဘယ်သူဆိုတာ ကျွှန်တော်တို့ကို ပြောပြပေးပါဟု ရေရွတ်သည့်သတင်းမှာ ဂျာနယ်များတွင် ဟိုးလေးတကြော်ကြော်ဖြစ်ခဲ့သည်၊ ရဲတပ်ဖွဲ့မှ ပထမဆုံးသံသယရှိသည်မှာ သားမက်ဖြစ်သူ ဦးသုဇော်ဖြစ်ပြီး ချက်ခြင်းဖမ်းဆီးကာ စစ်ကြောရေးလုပ်ခဲ့သည်၊ ရိုးရိုးစစ်ဆေးရုံမျှမက ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်အတွင်းသို့ခေါ်ကာ ဦးသုဇော်နှင့် သူ၏မန်နေဂျာကို မေ့ဆေးတစ်ဝက်တစ်ပျက်ထိုးပြီး အိပ်မပျော်ပျော်အခြေအနေတွင်ပါ စစ်ကြောခဲ့သည်၊ သို့သော်လည်း ဦးသုဇော်သတ်ကြောင်း မည်သည့်အထောက်အထားမှ မတွေ့ရသဖြင့် ပြန်လွှတ်ပေးခဲ့ရသည်၊ တစ်ချိန်ထဲတွင် ဦးသုဇော်၏အဖိုးဖြစ်သူ ယခင် မဆလပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ဗိုလ်မှူးကြီးဝင်းမောင်၏ အိမ်ကိုလည်း မြေလှန်ရှာခဲ့သည်၊ သို့သော် အမှုနှင့်ပတ်သတ်သည့် မည်သည့်အထောက်အထားမှ မတွေ့ခဲ့ရပေ၊ ဦးသုဇော်သည် ထို့သို့အကြိမ်ကြိမ် စစ်ဆေးခံရသဖြင့် သူ၏စားသောက်ဆိုင်ဖြစ်သော ဖူဂျီကဖေးကို အေဒင်ဦးချစ်ခိုင်ထံသို့ ရောင်းချကာ နိုင်ငံခြားအထိ ပြောင်းရွှေ့သွားခဲ့ရသည်၊ ထို့ပြင် ဦးချာလီ၏ တစ်ဦးတည်းသော သားမက်ဖြစ်သော်လည်း ကျန်ရှိသည့်ပစ္စည်းများကို အစိုးရအစီအမံဖြင့် အမွေခွဲဝေပေးရာတွင် ဦးသုဇော်ကို တစ်ပြားတစ်ချပ်မှ မပေးခဲ့ပေ၊ ဦးသုဇော်သည် ယခုပြင်ဦးလွင်တွင် ပြန်လည်အခြေချပြီး စားသောက်ဆိုင် ပြန်ဖွင့်ထားသည်ဟု သိရသည်။
.
ထိုအမှုနှင့်အလားတူပြစ်မှုတစ်ခု ၁၉၇၅ ခုနှစ်က မိုးကုတ်အောင်ချမ်းသာအရပ်တွင် ဖြစ်ပွားခဲ့သည်ကို လူအများမေ့နေကြသည်၊ ထိုစဉ်က မိသားစုဝင် ခုနှစ်ဦးသည် ပါးစပ်ကိုတိတ်ဖြင့်ပိတ်ခံရပြီး လက်များကိုတိတ်ဖြင့် ချည်နှောင်ခံရကာ နားထင်ကို ပစ္စတိုသေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်သည်၊ အိမ်သားများကို မသတ်မီ ဖမ်းဆီးချည်နှောင်သော တိတ်ကြိုးများမှာ ထိုစဉ်က ပြည်တွင်းတွင်မရှိပဲ နိုင်ငံခြားမှပစ္စည်းများဖြစ်သည်၊ အလောင်းမှတိတ်ကြိုးများကို ဖြေသည့်အခါ အသားများ အရေပြားများပင် ပဲ့ထွက်ကုန်သည်ဟု ထိုစဉ်က ရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးက ပြောသည်၊ ထိုဖြစ်စဉ်တွင် အိမ်ရှင်ကျောက်ကုန်သည် လီရှောဦးကျော်အေး၊ ဇနီးဒေါ်ရွှေကြာ၊ သားနှစ်ဦး၊ သမီးတစ်ဦး၊ ခိုးရာလိုက်ပြေးလာပြီး ထိုအိမ်တွင် ခေတ္တတည်းခိုနေသော စုံတွဲနှစ်ဦး စုစုပေါင်း ခုနှစ်ဦး အသတ်ခံခဲ့ရသည်။
လူသတ်သမားသည် အဆိုပါအသတ်ခံရသော မိသားစုအိမ်မှ ဆွီဒင်ကားအဖြူရောင်ကို မောင်းနှင်လွတ်မြောက်သွားခဲ့သည်၊ ကားရှားပါးသော ထိုခေတ်ကာလတွင် လမ်းပေါ်ရှိ စစ်ဆေးရေးဂိတ်များရှိသော်လည်း လီရှောဦးကျော်အေးသည် အချိန်မတော်အပြင်သို့ ကားနှင့်ထွက်တက်သည့်အပြင် မြို့မျက်နှာဖုံးဖြစ်သဖြင့် စစ်ဆေးရေးဂိတ်မှ လူများက ကားကိုလက်ပြနုတ်ဆက်လိုက်သေးသည်၊ လူသတ်သမားက အဆိုပါကားကို မန္တလေး ပြင်ဦးလွင်ကားလမ်းပေါ်တွင် စွန့်ပစ်ထားခဲ့သည်၊ နောက်ပိုင်း ရဲတပ်ဖွဲ့၏ ကြိုးစားဖော်ထုတ်မှုကြောင့် မန္တလေးမှ တရုတ်လူမျိုးယောင်ဝေကြည်ဆိုသူကို မိုးကုတ်မှ လီရှောဦးကျော်အေးမှ တန်ဖိုးမရှိသောကျောက်များ လိမ်ရောင်းခဲ့သဖြင့် ထိုင်းနိုင်ငံမှ မြန်မာကြေးစားလူသတ်သမား မြအေးကို ဌားရမ်းသတ်ဖြတ်စေခဲ့ခြင်း ဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်၊ ယောင်ဝေကြည်ကို ဖမ်းဆီးပြီး ပြစ်ဒဏ်ချမှတ်နိုင်ခဲ့သော်လည်း လူသတ်သမား မြအေးကိုမှု ယနေ့အထိမဖမ်းမိခဲ့ပါ၊ အကယ်၍ မြအေးသာ သက်ရှိထင်ရှားရှိဦးမည်ဆိုပါက ယခုအသက် ၅၅ နှစ်နှင် ၆၀ အကြားတွင် ရှေိပေလိမ့်မည်။
.
စိမ်းလဲ့ကန်သာလူသတ်မှုကို စုံစမ်းဖော်ထုတ်ရာတွင် ပါဝင်ခဲ့သည့် အမှုလိုက်အရာရှိတစ်ဦးထံမှ ပြောပြချက်အရ ထိုလူသတ်မှုမှာ ဦးချာလီမိသားစုထံမှ ယူထားသောပစ္စည်းများ ပြန်မဆပ်လိုသဖြင့် သတ်ဖြတ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း၊ ဦးချာလီထံမှ စိန်နှင့်ကျောက်မြတ်ရတနာများ ဌားရမ်းသွားသူများသည် ပတ္တမြားငမောက်နီးပါး တနဖိုးရှိသည့် ပတ္တမြားတစ်လုံးပါ ဌားပြီးပြန်မပေးခြင်းဖြစ်ကြောင်း၊ ထိုကိစ္စတွင် ဂေါက်သီးရိုက်တော်သော စီးပွားရေးသမားတစ်ဦးနှင့် ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦး၏ဇနီးတို့က ကြားမှအာမခံပြီး ဌားရမ်းပေးခဲ့ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ဦးချာလီသည် ဂေါက်သီးကစားခြင်းကို အရူးအမူးဝါသနာပါသဖြင့် ဂေါက်သီးရိုက်တော်သော အဆိုပါစီးပွားရေးသမားနှင့် အလွန်ခင်ကြောင်း၊ ဦးချာလီသည် လိမ္မော်သီးအလွန်ကြိုက်သဖြင့် လူသတ်သမားသည် လိမ္မော်သီးအထမ်းရောင်းသမားအသွင်ယူပြီး လိမ္မော်သီးအော်ရောင်းရာမှ ဦးချာလီကဝယ်ယူရန် အိမ်တံခါးမှအထွက်တွင် သေနတ်ဖြင့်တေ့ပြီး အိမ်အတွင်းခေါ်သွားခြင်း ဖြစ်နိုင်ကြောင်း၊ လူသတ်သမားသည် ကြေးစားလူသတ်သမားဖြစ်ပြီး ပြည်ပတွင်နေထိုင်သူ ဖြစ်နိုင်ကြောင်း၊ လိမ္မော်သီးသည် အသွင်ယူထားသဖြင့် မြန်မာစကားပြောတက်သူ သို့မဟုတ် ပြည်ပနေ မြန်မာကြေးစားလူသတ်သမား ဖြစ်နိုင်ကြောင်းတို့ကို သိရှိခဲ့ရသည်၊
သတ်ဖြတ်ရာတွင် အသုံးပြုသောသေနတ်မှာ အသံတိတ်ကိရိယာတပ်ထားသော ၉မမ ပစ္စတိုသေနတ်ဖြစ်ကြောင်းလည်း သိရှိခဲ့ရသည်၊
လူသတ်သမားသည် ပရော်ဖက်ရှင်နယ် ကြေးစားလူသတ်သမားဖြစ်သဖြင့် ထွက်ပြေးသော အိမ်ဖော်မလေးကိုပင် နားထင်မှန်အောင် ပစ်ခတ်နိုင်ခဲ့ကြောင်း၊
.
သို့သော် အတွင်းသတင်းတစ်ခုအရ သိရှိရသည်မှာ စုံစမ်းဖော်ထုတ်နေသည့်အဖွဲ့မှ အဓိကကျသူတစ်ဦးကို အမှုနှင့် ပတ်သတ်သူတစ်ဦးက ကျပ်သိန်းလေးထောင်ပေးလိုက်သဖြင့် အမှုလမ်းကြောင်းပြောင်းသွားပြီး ဝေ့သွားကြောင်း၊ ထိုအမှုတွင် မြန်မာအမျိုးသား မော်ဒန်တစ်ဦးလည်း ပတ်သတ်နေကြောင်းလည်း စုံစမ်းမေးမြန်းသိရှိရသည်။
စိမ်းလဲ့ကန်သာလူသတ်မှုနှင့် ပတ်သတ်ပြီး ထူးဆန်းသောအချက်များကို တွေ့ရသည်၊
ပထမဆုံးအချက်မှာ မြန်မာနိုင်ငံတွင် တိုင်းကျော်ပြည်ကျော်ဖြစ်ပွားခဲ့သော ပြစ်မှုများကို သုးလအတွင်း မဖော်ထုတ်နိုင်ပါက သက်ဆိုင်ရာနယ်မြေရဲစခန်းရှိ မြို့နယ်မှူး၊ စခန်းမှူးတို့သည် တစ်ဆင့်နိမ့်ရာထူးဖြင့် ဝေးလံခေါင်ဖျားသော ဒေသများသို့ ပြောင်းရွှေ့ရသော်လည်း ယခုပြစ်မှုဖြစ်ပွားသည့် ကမာရွတ်မြို့နယ်ရဲတပ်ဖွဲ့မှူးသည် ပင်စင်ယူသည်အထိ ကမာရွတ်တွင်သာ နေမြဲတာဝန်ထမ်းဆောင်ခွင့် ရခဲ့ခြင်း၊ အဆိုပါ လူသတ်မှုကို မဖော်ထုန်နိုင်သည့် မည်သည့်ရဲတပ်ဖွဲ့ဝင်ကိုမှ အရေးယူမခံရခြင်းတို့မှာ ထူးဆန်းလှသည်၊
ထို့အပြင် လာဘ်စားမှုနှင့်ပတ်သတ်ပြီး နေပြည်တော်သို့ ခေါ်ယူစစ်ဆေးနေသော ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနိုင်ဝင်းမှာ မြန်မာနိုင်ငံအလယ်ပိုင်း နေပြည်တော်စစ်ဆေးရေးနေရာမှ ပြည်ပသို့ တိမ်းရှောင်သွားနိုင်ခဲ့သည်၊
ယခုလားရှိုးတွင် ပြန်လည်အခြေချနေထိုင်ခြင်းမှာ စိမ်းလဲ့ကန်သာလူသတ်မှုအကြောင်း အသေးစိတ်သိထားသဖြင့် မဖော်ထုတ်ရန် အပေးအယူလုပ်ထားခြင်းဟုလည်း သတင်းများထွက်ပေါ်ခဲ့သည်။
ထိုစဉ်က ရဲချုပ်ဖြစ်သူ ရဲချုပ်ခင်ရီသည် သတင်းစာရှင်းလင်းပွဲတွင် စိမ်းလဲ့ကန်သာလူသတ်မှုအတွက် အထောက်အထားများရရှိထားသဖြင့် မကြာမီ တရားခံများ မည်သူမည်ဝါကို ကြေငြာနိုင်ပါတော့မည်ဟု ပြောသော်လည်း ယခုထိမဖော်ထုတ်နိုင်ခြင်း၊ သို့သော် ဦးခင်ရီသည် ထိုအမှုကို တာဝန်အရှိဆုံးသူအနေဖြင့် မဖော်ထုတ်နိုင်ခဲ့သော်လည်း ရဲချုပ်မှ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးအဖြစ် ဒီမိုကရေစီအစိုးရလက်ထက်တွင် ရာထူးတိုးသွားခြင်းတို့သည်မှာလည်း မူမှန်သည့်ကိစ္စဟုတ်မဟုတ် စဉ်းစားစရာများဖြစ်နေသည်။
အချို့သောမှုခင်းများတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် နိုင်ငံတကာရဲတပ်ဖွဲ့အင်တာပိုလ်နှင့် ပူးပေါင်းဆောင်ရွတ်ပြီး တရာခံများဖမ်းဆီးရမိခဲ့သည့် သာဓကများရှိခဲ့သော်လည်း ယခုအမှုကို အင်တာပိုလ်၏ အကူအညီမရယူခြင်းကလည်း စဉ်းစားရန်အချက်များဖြစ်သည်၊
လူသတ်မှုကို မြို့နယ်ရဲစခန်းမှ မှုခင်းတပ်ဖွဲ့ ( CID ) က လွဲပြောင်းကိုင်တွယ်ခဲ့သော်လည်း မည်သည့်ထူးခြားမှုမှ ရှိမလာပါ၊
မည်သို့ပင်ဖြစ်စေ ရာဇဝတ်ဘေးပြေးမလွတ် ဟူသော စကားရှိပြီးဖြစ်ရာ လွတ်လပ်စွာပြောဆိုရေးသားခွင့်ရှိသော်ခေတ်တွင် အသတ်ခံရသူများ၏ အရိုးများတွန်ပြီး လူသတ်သမားမည်သူမည်ဝါဆိုသည်မှာ မကြာမီအတွင်း ပေါ်ပေါက်လာမည်ဟု ယူဆရကြောင်း တင်ပြအပ်ပါသည် ... ///
( Tomorrow သတင်းအဖွဲ့ )
ဖိနှိပ်ခံဝန်ထမ်းများအတွက် အမှန်တရားတွေကို ရှာဖွေဖော်ထုတ်ပေးမယ့် ရွှေတံခါးမှူးချစ်သူ
Wednesday, 17 September 2014
ဦးခင်ရီနှင့်ငါးလောင်းပြိုင်(မဖော်ခဲ့လို့ ၀န်ကြီးဖြစ်တာလား)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment