ရခိုင်ပြည်ကို သွားခဲ့တယ်……
ဇာတိနယ်ကို ပြန်ရောက်ကတည်းက ရွာလိုက်တဲ့ မိုးဆိုတာ တစ်ရက်မှ မတိတ်တော့ အလေးခံသယ်သွားတဲ့ ကင်မရာတွေကို အသုံးချဖို့ အိမ်ထဲပဲ လှည့်ပတ် Macro ရိုက်နေရတယ်…… တစ်ရက်မှာ နေသာတုန်း အစ်ကိုဝမ်းကွဲက တောင်ပေါ် ဓါတ်ပုံသွားရိုက်ဖို့ ပြောလာတာနဲ့ သူရယ် ကျွန်တော်ရယ် ဆိုင်ကယ်နဲ့ တောင်ပေါ် တက်ဖြစ်ကြတယ်……
အစက ကျွန်တော်ထင်တာ နီးနီးနားနားပေါ့…… ဘယ်ဟုတ်မလဲ ရိုးမတောင်တန်းပေါ်တဲ့……. ဟ မင်းဆိုင်ကယ်နဲ့ တက်လို့ဖြစ်ပါ့မလားဆိုတော့ ခဏလေးရယ် ၁ နာရီလောက် မောင်းလိုက်ရုံပဲဆိုတော့ အိုကေပေါ့…… ငဝန်မြစ်ကိုကူးပြီး ဖြည်းဖြည်း မောင်းလိုက် ဓါတ်ပုံရိုက်လိုက်နဲ့ သွားကြရင်း ရေနံ့သာကို ရောက်တယ်…… ရေနံ့သာက ဘီယာဆိုင်မှာ ရေငတ်ပြေ သောက်မယ်ဆိုတော့ အိုကေပေါ့…….
အဲ့ဒိနေ့က ကျွန်တော် ဝတ်သွားတာ ဘောင်းဘီ အစိမ်းရောင် အတို၊ အင်္ကျီက တီရှပ်အဖြူ၊ ကင်မရာတစ်လုံးက လွယ်ထားတယ်၊ ကင်မရာအိပ်နဲ့ ထရိုင်ပေါ့ကို အိပ်မှာ ချိတ်ထားတယ်…… ခေါင်းမှာ ပျောက်ကြား ဦးထုပ်တစ်လုံး ဝတ်ထားတယ်…… ရေနံ့သာက ဘီယာဆိုင်မှာထိုင်တော့ အစက ကျွန်တော့်ကို နိုင်ငံခြားသားလို့ ထင်ကြတယ်….. ဒါပေမယ့် ကျွန်တော် ဆိုင်မှာ စားချင်တာမေးတော့ သူတို့က မြန်မာနိုင်ငံသားမှန်း သိသွားတယ်……
အဲ့ဒိအထိ ဘာပြဿနာမှ မရှိဘူး…… ဟိုဘက်နားက ဝိုင်းက ဝေါ်ကီတော်ကီနဲ့ ဘဲတွေကလည်း အစကတော့ ကွက်ကြည့် ကွက်ကြည့်ကနေ ကျွန်တော် မြန်မာစကားပြောတော့ ဆက်ကြည့်မနေတော့ဘူး….. ပြဿနာက စားသောက်ဆိုင်က အထွက်မှာ စ တာ….. စားသောက်ဆိုင်က လမ်းဘေးမှာ…… အစ်ကိုဝမ်းကွဲက လမ်းမပေါ်ကို ဆိုင်ကယ်ကို မောင်းတက်သွားပြီး ကျွန်တော်က အပေါ်ကို လမ်းလျှောက်လိုက်တယ်…….
အပေါ်ရောက်တော့မှ ကျွန်တော်က ဆိုင်ကယ်ပေါ် ခွတက်လိုက်တယ်……. အဲ့ဒိ ရေနံ့သာက စားသောက်ဆိုင်ဘေးမှာပဲ လဝက ဂိတ်ရှိတယ်….. ကျွန်တော်တို့ ထွက်တော့မှ ဆိုင်ကယ်ကို အတင်းတားတယ်….. ကျွန်တော့်အစ်ကိုကလည်း မရပ်တော့ ကျွန်တော့်တို့ကို ငါနဲ့ ကလော်တုတ်ပါလေရာ……. ဆိုင်ကယ်ကျော်သွားမှ ထိုင်ရာက ပုဂ္ဂိုလ်တွေ ထ လာတာ တွေ့လိုက်ရတယ်…… ကျွန်တော် မြန်မာဗျလို့ အော်ပြောလိုက်တယ်……
ဒါနဲ့ တောင်ပေါ်ရောက် ဓါတ်ပုံတွေရိုက်ပေါ့…… မျှော်တောင်လို့ ခေါ်တဲ့ တော်တော် မြင့်တဲ့ တောင်ပေါ်ကနေ လှမ်းကြည့်လိုက်ရင် ငဝန်မြစ်ကော ဧရာဝတီရဲ့ မြေပြန့်လွင်ပြင်ကြီးပါ မြင်နေရတော့ ကျွန်တော့်အတွက် ဓါတ်ပုံအင်မတန် ရိုက်လို့ကောင်းတာပေါ့….. တစ်ချိန်ကတော့ အဲ့ဒိခရီးဟာ အင်မတန်ကို ခက်ခက်ခဲခဲ သွားရတဲ့ခရီး…….
၁၉၉၅ လောက် ကျွန်တော် နောက်ဆုံးသွားခဲ့တုန်းက မျှော်တောင်မပြောနဲ့ ရေနံ့သာအထိ ရောက်ဖို့တောင် အင်မတန် ခက်ခက်ခဲခဲ သွားရတယ်……. လမ်းမှာ ချိုင့်ကြီးတွေ လူတောင် ဝင်လဲလို့ရအောင် အင်မတန် ကြီးတယ်…… ရှောင်မောင်းရတယ်….. အခုတော့ ပုံပါအတိုင်း ကတ္တရာလမ်းက တော်တော် ဖြူးနေတယ်……
တရုတ်က ရခိုင်ပြည် မြောက်ပိုင်းကို ကောင်းကောင်း ဝင်နေချိန်…… မြန်မာနိုင်ငံ အနောက်ဘက်ဝင်ပေါက် အရေးပါပုံကိုသိတဲ့ ဂျပန်ကလည်း ရခိုင်ပြည်အောက်ပိုင်းကို ဝင်ဖို့ ကြိုးစားနေတယ်…… အဲ့ဒိအတွက် ငါးသိုင်းချောင်း - ဂွ ကားလမ်းကို အဆင့်မှီမှီ လမ်းကျယ်ကျယ်ဖြစ်အောင် လုပ်ဖို့ အလှူငွေတွေပေးတယ်….. ဒါကြောင့်လည်း နည်းနည်းပျက် ချက်ခြင်းပြင်နဲ့ လမ်းက တော်တော်လေး ကောင်းလာတယ်လို့ ဆိုရမယ်……
တစ်ချိန်က မျှော်တောင်ဆိုတာ သစ်ကြီး ဝါးကြီးတွေနဲ့၊ ပါတ်ဝန်းကျင် ကြည့်လိုက်ရင်လည်း စိမ်းညို့ပြီး တောကောင်တွေ ကြောက်ရတယ်……. ၉၄ - ၉၅ လောက်က ကားသွားတဲ့အခါ တောကြောင်၊ ယုန်၊ သမင်၊ ချေ၊ ကျား၊ ဆင် စတာတွေ ခဏခဏတွေ့ရတဲ့ မျှော်တောင်နဲ့ ပါတ်ဝန်းကျင်……. အခုတော့ နွားတွေ၊ ဆိတ်တွေ ကျက်စားနေကြတယ်……
ဘေးပတ်ဝန်းကျင်က တောင်တွေကတော့ ကတုံးတွေ ဖြစ်လို့နေတယ်….. အရှေ့တောင်အာရှမှာ အကြီးမားဆုံး ဝါးတောကို ပိုင်ဆိုင်ခဲ့တယ်ဆိုတာ ယုံတမ်းစကားလို့ပဲ ဆိုရတော့မယ် ထင်ပါရဲ့…… ပုံမှာ ပါတဲ့အတိုင်း လမ်းဘေးမှာ တောင်တွေက ကတုံးတွေ ဖြစ်လို့နေတယ်…… ဒါနဲ့ ကုန်းပြင်ဘက်က ကောင်လေး ၂ ယောက်ကို မျှော်တောင်ပေါ်မှာ တွေ့ကြလို့ စကားစပ်ရင်း တောင်ပေါ်က ချင်းရွာမှာ ကြက်အာပူ ကောင်းတယ်ဆိုလို့ သွားစားကြတယ်……
ကြက်အာပူဆိုတာက မွေးထားတဲ့ကြက်ကိုပဲ အာပူရွက်လို့ခေါ်တဲ့ အရွက်နဲ့ အရည်သောက် အဖတ်စား ချက်တာ…… စားလိုက်ရင် ပါးစပ်ထဲ ပူလောင်နေပေမယ့် မျိုချတဲ့အခါ ဝမ်းထဲမှာ မပူတဲ့အပြင် ဝမ်းသွားတဲ့အခါလည်း မပူဘူးဆိုတော့ ကျွန်တော်လည်း စားမယ်ဆိုပီး သွားခဲ့ကြတယ်…… ကိုယ်ရောက်မှ မှာတာဆိုတော့ လတ်လတ်ဆတ်ဆတ် ကြက်ကိုသတ် ချက်ပြီးတဲ့အထိ ထိုင်စောင့်ရင်း စားကြတာပေါ့……..
တောင်ပေါ်ရောက်မှ မိုးကသည်း၊ သောက်စားထားတာတွေလည်း များနေကြတော့ ဒီတိုင်း ဆိုင်ကယ်နဲ့ ငါးသိုင်းချောင်းကိုပြန်ရင် ချောက်ထဲ ဆင်းသွားနိုင်တယ်လို့ တွက်ဆမိတော့ ဂွ မှာရှိတဲ့ အစ်မအကြီးဆုံး ယောက်ျားကို ဖုန်းလှမ်းဆက်လိုက်တယ် လာခေါ်ပေးဖို့….. သူလာခေါ်ပေးမယ်ဆိုတာနဲ့ ထိုင်စောင့်နေခဲ့တယ်……. (ကျွန်တော်တို့နဲ့ အတူသောက်တဲ့ ၂ ယောက်ကတော့ အဲ့ည မပြန်နိုင်လို့ အဲ့ဆိုင်မှာ အိပ်လိုက်ရတယ်လို့ သိခဲ့ရတယ်…..)
သူလာခေါ်တော့ ဆိုင်ကယ်ကို အဲ့ဒိ ချင်းရွာက ဆိုင်မှာပဲ ထားခဲ့ပြီးတော့ ကျွန်တော်တို့ ကားနဲ့ ဂွ ကိုတက်ကြတယ်…… လမ်းမှာ ပြောစကားအရ လမ်းတစ်ဝက်မရောက်ခင် ဗေဒါမှာလည်း လဝက စခန်းတစ်ခုရှိတယ် ဆိုတာ သိလိုက်ရတယ်……. မထင်မှတ်ပဲ ပြောင်းလဲသွားတဲ့ အခြေအနေကြောင့် ဂွ ကိုလာခဲ့ပေမယ့် ကျွန်တော့်မှာ မှတ်ပုံတင်မပါ အဝတ်တစ်ထည် ကိုယ်တစ်ခုရယ်နဲ့……
ဗေဒါဂိတ်ရောက်တော့ ယောက္ဖက လဝကနဲ့ ရဲက လူတွေနဲ့ ရင်းနှီးနေတော့ သိပ်တော့ ပြဿနာမရှိဘူး…… လဝက က ပုဂ္ဂိုလ်တွေက တဲထဲကတောင် မထွက်ဘူး…… ရဲက တပ်ကြပ်ကြီး တစ်ယောက်ပဲ ထွက်လာပီး ယောက္ဖကို နှုတ်ဆက်ရင်း ကျွန်တော့်ကို အကဲခတ်နေတယ်…… ယောက္ဖက ရိပ်မိပုံရတော့ ကျွန်တော့်ညီတွေပါလို့ ပြောလိုက်ပေမယ့် တော်တော်ကြာကြာ ကားဘေးက မခွါဘူး……
ဒါနဲ့ ယောက္ဖက နောက်နေ့ ကျွန်တော်တက်လာတော့ တွေ့ကြတာပေါ့လို့ ပြောလိုက်တော့မှ ကားနားက ခွာသွားတယ်…… ဒါနဲ့ ရခိုင်ရောက်၊ ဓါတ်ပုံရိုက်ပေါ့…… အပြန်ကြတော့ လိုင်းကားနဲ့ ပြန်မယ်ဆိုပီးလုပ်မှ ပြဿနာက စ တယ်….. မှတ်ပုံတင် မပါတဲ့ ကျွန်တော်တို့ ၂ ယောက်…… ကျွန်တော့်အစ်ကိုက ပြဿနာ မရှိပေမယ့် ကျွန်တော့်ကို လမ်းတောက်လျှောက်မှာ တွေ့တဲ့လူတိုင်း နိုင်ငံခြားသားလို့ ထင်ကြတယ်……
ဖြစ်ချင်ရာဖြစ် ပြန်မယ်ဆိုပီး ပြန်ချလာတယ်……. လိုင်းကားက Lite Ace Pickup လေးကို နောက်မှာ အမိုးတပ်ထားတာ…… အစောပိုင်းက ကားခေါင်းခန်းမှာ ထိုင်လိုက်ပေမယ့် နောက်တော့ ပူလာတာနဲ့ ညီအစ်ကို နှစ်ယောက်သား နောက်ခန်း ပြောင်းထိုင်လိုက်ကြတယ်…… ကားသမားကတော့ စိတ်မပူဖို့ သူတို့လည်း ဝိုင်းပြောပေးပါ့မယ်လို့ ဆိုတယ်…..
ဗေဒါရောက်တော့ ကားကို ခေါင်းခန်းကို လဝကရဲ့ ဝါးတားဂိတ် (ဝါးလုံးတားထားတဲ့ဂိတ်) မှာရပ်လိုက်ပီး ဆရာတို့ အပြန်ဘာဝယ်လာရမလဲ ဘာညာနဲ့ မေးနေတော့ အပေါ်က လိုချင်တာတွေ မှာနေတာကို ကြားလိုက်ရတယ်…… ပြီးတော့ ကားသမားလည်း ဝူးခနဲ မောင်းထွက်လာတော့မှ နောက်ခန်းကို လှမ်းကြည့်ရင်း ကျွန်တော့်ကိုတွေ့လို့ လက်ညှိုးထိုးပြီး ပွစိ ပွစိနဲ့ သူတို့ ကျန်ခဲ့ကြတယ်…..
အစောပိုင်းကတော့ ဆိုင်ကယ်ပါ ကားပေါ်တင်ပြီး ပြန်ဖို့ပေမယ့် ဓါတ်ပုံလည်း ရိုက်ချင်တာနဲ့ နေလည်းသာတော့ ချင်းရွာမှာ ဆင်းနေခဲ့ကြတယ်…… ကြက်အာပူနဲ့ ဘီယာလေး ဘာလေးသောက်ပြီး အေးအေးဆေးဆေး ဆိုင်ကယ်နဲ့ ပြန်ခဲ့ကြတယ်…… ရေနံ့သာ လဝက ဂိတ် ရောက်ခါနီးကြတော့ အစ်ကိုက ငါ ဖြည်းဖြည်းမောင်းရမလား အမြန်မောင်းရမလား မေးတယ်…… ပုံမှန်ပဲ မောင်းပါ သူတို့ ရစ်ရင်လည်း ပြန်ရစ်တာပေါ့ကွာလို့ ပြောလိုက်တယ်……
ထင်ထားတဲ့အတိုင်းပါပဲ ဗေဒါဂိတ်က လွှတ်လိုက်တာပဲဆိုတဲ့ပုံနဲ့ တဲထဲက အပြင်တောင်မထွက် အခန့်သားထိုင်ပီး ကျွန်တော်တို့ ဆိုင်ကယ်ကို ကြည့်ရင်းမှ ကျွန်တော့်တွေ့တော့ မှတ်မိသွားပြီး တဲပြင်ကို ထွက်လာဖို့ ဟန်ပြင်ချိန် ကျွန်တော်တို့ ဆိုင်ကယ်က သူတို့ဂိတ်ကို ကျော်သွားခဲ့ပြီ……..
တစ်ချိန်တည်းမှာ ခေါင်းထဲရောက်လာတာက ကိုယ်နဲ့ စကားပြောခဲ့တဲ့ ရခိုင်တွေ ပြောတဲ့စကား…… သံတွဲ - ဂွ - ငါးသိုင်းချောင်း လမ်းဟာ အင်မတန် ကောင်းတဲ့အတွက် ဘင်္ဂါလီတွေ မြန်မာပြည်မကိုဝင်ဖို့ အကောင်းဆုံး လမ်းထဲက တစ်ခုပဲ…… ဗေဒါ လဝက ဂိတ်နဲ့ ရေနံ့သာ လဝက ဂိတ်ကို ကျော်တာနဲ့ ပြီးသွားပြီ…… ငါးသိုင်းချောင်းရောက်ရင် ရှေ့ဆက်က စစ်စရာမရှိတော့ သူတို့အတွက် အေးအေးဆေးဆေးပဲတဲ့…….
အင်မတန် ကြပ်ထားပေမယ့် သွားနေတဲ့ လမ်းကြောင်းတွေတော့ ရှိတယ်တဲ့….. ဘင်္ဂါလီ တစ်ယောက်ကို ရခိုင်ကနေ အထွက် သိန်း ၅၀ ရှိတယ်တဲ့…… ဘင်္ဂါလီတွေဟာ ပြည်မထဲကိုရောက်ဖို့ နည်းပေါင်းစုံနဲ့ သွားကြတယ်….. တစ်ချို့က အောက်လမ်းကနေ မလေး၊ ထိုင်းနဲ့ ဆော်ဒီဘက်တွေကို သွားကြသလို တစ်ချို့က ပြည်မမှာ အခြေချဖို့ လုပ်ကြတယ်….. တစ်ချို့က အပေါ်လမ်းကနေ နိုင်ငံခြားကို ထွက်ကြတယ်ဆိုတာ သိလိုက်ရတယ်……
ကုန်ကားတွေဟာ တစ်ကြောင်းမှာ ဘင်္ဂါလီ ၃ ယောက်လောက် တင်လာလိုက်ရင် စားရိတ်ကြေတဲ့အပြင် အမြတ်ပါထွက်တော့ လုပ်ရဲသူတွေ လုပ်ကြတယ်လို့ သိရတယ်….. ငါး၊ ပုဇွန်ထည့်တဲ့ ဘူးတွေထဲမှာ ဘင်္ဂါလီတွေဟာ ခွေပြီး လိုက်လာကြတယ်…. အသက်ရှုဖို့ ပိုက်လေးပဲ ထုတ်ပြီးထားတယ်….. တစ်ချို့ကတော့ ဒီတိုင်း ထိုင်လိုက်ပေမယ့် စစ်ဆေးရေးဂိတ်ကို ရောက်ခါနီးရင် ဘူးထဲ ဝင်နေပြီး ပိုက်ကလေးနဲ့ အသက်ရှုကြတယ်……
ငါး၊ ပုဇွန်ဘူးတွေနဲ့ ရောနေတော့ တော်ရုံ စစ်ဆေးဖို့ မလွယ်တာကို အခွင့်ကောင်းယူတဲ့သဘောပေါ့….. သူတို့ပြောတာရယ် ကျွန်တော် ကိုယ်တိုင် ကြုံခဲ့တာရယ်နဲ့ ပေါင်းစပ်ပြီး စဉ်းစားကြည့်လိုက်တော့ စစ်ဆေးရေး ဂိတ်တွေက ပေါ့လျော့တာကို တွေ့ရတယ်….. မိုးရွာနေရင် ဂိတ်တဲထဲက အပြင်ကို မထွက်ချင်ကြဘူး…… ကားသမားက ဆရာ၊ ဆရာ ဘာလိုသေးလဲ ဘာမှာလိုက်ဦးမလဲဆိုတာနဲ့ လိုချင်တာ မှာချင်တာမှာပြီး စစ်ဆေးဖို့ တာဝန်ကို လစ်ဟင်းတာကို တွေ့ရတယ်…..
ဗေဒါဂိတ်မှာ ကျွန်တော်တို့ကို မစစ်လိုက်ရလို့ ရေနံ့သာဂိတ်မှာ စစ်မယ်မှတ်တာလည်း လွတ်သွားခဲ့တယ်….. တစ်ခုတော့ရှိတယ် ကျွန်တော်တို့က လိုင်းကားကနေ ဆိုင်ကယ်ပေါ် ပြောင်းစီးခဲ့လို့ မသိလိုက်ဘူးဆိုတဲ့ ဆင်ခြေပေးလို့ရတာပေါ့…… သို့သော် ဘင်္ဂါလီတွေလည်း ဂိတ် ၂ ခုကြားမှာ ကားအပြောင်းအလဲ လုပ်သွားခဲ့ရင် ဘယ်လိုလုပ်မလဲဆိုတဲ့ မေးခွန်းကို မေးစရာ ရှိလာတယ်….
ဒီလိုကိစ္စတွေအပေါ် ဖြေရှင်းဖို့ နည်းလမ်းကို စဉ်းစားဖို့တော့လိုမယ်…… ဝန်ထမ်းတွေကို တာဝန်ပေါ့လျော့မှုနဲ့ အရေးယူလိုက်ပြီး အသစ်ခန့်လည်း အချိန်အတိုင်းအတာ တစ်ခုအထိပဲ ခံ လိမ့်မယ်….. နောင် ဒုံရင်းက ဒုံရင်း ဖြစ်မှာပဲ…… လဝက စခန်းတွေအပြင် ဂွ ကနေ ထွက်တဲ့ ထွက်ပေါက်တွေမှာ ဖြစ်စေ၊ သင့်တော်တဲ့ နေရာတွေမှာဖြစ်စေ X-Ray စက်တွေနဲ့ ကားတွေကို စစ်နိုင်ရင်ပိုကောင်းမယ်……
လူကိုတောင် အကောင်အထည်လိုက် သွင်းနိုင်ရင်တော့ လက်နက် မှောင်ခိုသွင်းဖို့ဆိုတာလည်း ဖြစ်နိုင်ချေရှိတဲ့ အချက်တွေထဲမှာ ပါနေတာပေါ့…… ဒီလို ဘင်္ဂါလီတွေကို ခိုးသွင်းနေတာကို သာမန် ရွာသူ ရွာသားတွေတောင် သိနေတာ တာဝန်ရှိသူတွေ မသိတဲ့အပေါ် မေးခွန်းတော့ မထုတ်လိုတော့ဘူး၊ အဖြေလည်း သိနေတာကိုး…….
အဲ့ဒိတော့ အဓိက မေးချင်တာ ဒီကိစ္စတွေကို ဘယ်လို ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းကြမလဲ ဆိုတာပါပဲ…… ဟုတ်ကဲ့ ကျွန်တော် ရခိုင်ကိုသွားခဲ့တယ်၊ လမ်းတွေလည်း ကောင်းလာတာ၊ သွားရ လာရတာ စိတ်ချမ်းသာတယ်….. လမ်းဘေးက တဲတွေမှာ ဆိုလာမီးတွေ၊ စကိုင်းနက်တွေနဲ့ တောသူတောင်သားတွေကို ကြည့်ရင်း စိတ်ချမ်းသာခဲ့ရသလို ဒီလို ကြားရတဲ့ သတင်းတွေကလည်း ရင်ထဲကို ဆို့ သွားစေခဲ့တယ်…..
သူတို့ ပူပင်ကြောင့်ကြမှုကို ကိုယ်ချင်းစာမိတယ်….. ကျွန်တော် ရခိုင်ကို သွားခဲ့ပါတယ်ဗျာ…….

voice of james myint
Photo : ရခိုင်ရိုးမပေါ်က ဂွ - ငါးသိုင်းချောင်း ကားလမ်း......

No comments:
Post a Comment