ဘင်္ဂလီများအား
၁၉၈၂ခုနှစ်၊ နိုင်ငံသားဥပဒေအရ စီစစ်မည့်လုပ်ငန်းများတွင်
ဘူးသီးတောင်မြို့ရှိ ပြည်သူများက တောင်းဆိုချက်များထုတ်ပြန်တောင်းဆို
==========================================
ဘူးသီးတောင်၊ ၂၆ ၊စက်တင်ဘာ၊ ၂၀၁၄။ Coral Arakan News
ဘူးသီးတောင်မြို့နယ်၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများက လာမည့် အောက်တိုဘာလ(၁)ရက်နေ့မှ စတင်ဆောင်ရွက်မည့် ဘင်္ဂလီများအား ၁၉၈၂ခုနှစ်၊ နိုင်ငံသားဥပဒေအရ စီစစ်မည့်လုပ်ငန်းများတွင် ဆောင်ရွက်ပေးရန် အချက်(၉)ချက်ပါသော ကြေငြာချက်တစ်စောင်ကို ယနေ့ (၂၆-၉-၂၀၁၄)နေ့တွင် ထုတ်ပြန်တောင်းဆိုလိုက်သည်။
ယနေ့မွန်းလွဲ (၁း၃၀)ခန့်တွင် အေးစေတီကျောင်းတိုက်၌ မြို့ပေါ်ရှိသံဃာတော်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ စိတ်ပါဝင်စားသူများ တိုင်းရင်းသားများ စုစုပေါင်း (၁၀၀)ကျော်တက်ရောက်စည်းဝေး၍ ယင်းကြေငြာချက်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ဘူသီးတောင်မြို့မှ ပြည်သူများအနေဖြင့် မြေပုံမြို့တွင် ဥပဒေနှင့်မညီ၊ ရခိုင်ပြည်သူတို့၏ ဆန္ဒနှင့် မကိုက်ညီပဲ ဘင်္ဂလီအချို့ကို နိုင်ငံသားလက်မှတ်များ ထုတ်ပေးခြင်းကို ကန့်ကွက်ကြောင်း၊ နိုင်ငံသား စီစစ်ရာတွင် ပါဝင်အကောင်အထည် ဖေါ်မည့် ၀န်ထမ်းများအပါအ၀င် အများပြည်သူတို့က ၁၉၈၂ နိုင်ငံသားဥပဒေကို သိရှိအောင် ဆောင်ရွက်ပေးရန်၊ မှားယွင်းစွာ ထုတ်ပေးထားသော သက်သေခံကတ်ပြားများကို ပြန်လည်စီစစ်ပေးရန်၊ ကမန်လူမျိုးများအဖြစ် သက်သေခံ လက်မှတ်ရယူထားသူများအားလည်း ကမန်လူမျိုးအစစ်အမှန် ဖြစ်/ မဖြစ် ပြန်လည်စီစစ်ပေးရန်၊ နိုင်ငံသား စီစစ်ရေးကတ်ပြားများ မမှန်မကန်နည်းဖြင့် ရရှိအောင် ကူညီပေးသူများအား ဥပဒေနှင့်အညီ အရေးယူပေးရန်၊ ဥပဒေနှင့်အညီ စီစစ်ပြီးကျန်ရှိသည့် ဘင်္ဂလီများကို ခိုးဝင်ဘင်္ဂလီများကို မည်သို့အရေးယူမည်ဖြစ်ကြောင်း ထင်သာမြင်သာ ကြိုတင်ကြေငြာပေးရန်၊ မြို့နယ်အဆင့် စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် မြို့သူ/မြို့သားများ၏ ဆန္ဒမပါပဲ ရွေးချယ်ပေးရန်နှင့် ပြည်သူလူထု၏ ဆန္ဒမပါပဲရွေးချယ်ပါက ကန့်ကွက်ကြောင်း၊ လ၀က ၀န်ထမ်းများသည် သန်းခေါင်စာရင်း ကောက်ခံရာတွင် အကောက်မခံသူများအား ဘင်္ဂလီများအဖြစ် စာရင်းသွင်းရန် လှည့်လည်စည်းရုံးနေခြင်းဖြင့် နိုင်ငံဂုဏ်သိက္ခာမဲ့ကြောင်း သတ်မှတ်ပြီး ထိုကိစ္စကို ရပ်တန့်ပေးရန်တို့ပါဝင်ပြီး ထိုကိစ္စရပ်များ ဆောင်ရွက်ပြီးသည့်အခါမှ ဘူးသီးတောင်မြို့နယ်တွင် ဘင်္ဂလီများအား နိုင်ငံသား စီစစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် တောင်းဆိုလိုက်သည်။
တောင်းဆိုချက်တွင် လူမှုရေး အသင်းအဖွဲ့(၈)ခုနှင့် တက်ရောက်သည့် ပြည်သူများက လက်မှတ်ရေးထိုး တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ထိုကြေငြာချက်ကို နိုင်ငံတော်သမ္မတအပါအ၀င်၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ခရိုင်နှင့် မြို့နယ်ရှိ အုပ်ချုပ်ရေးမှူးများနှင့် သက်ဆိုင်ရာ ဌာနများသို့ပေးပို့သွားမည်ဖြစ်ကြောင်း သိရှိရသည်။
အစည်းအဝေး တက်ရောက်သူ ဦးဇော်ဝင်းက `ကျွန်တော်တို့ ဒီနေ့ဒီအစည်းအဝေးကို တက်ရောက်ဆွေးနွေးရတဲ့ အဓိကအကြောင်းက အခုဆောင်ရွက်မယ့် ဘင်္ဂလီတွေကို ၁၉၈၂ နိုင်ငံသား ဥပဒေအရ စီစစ်တဲ့အခါမှာ အခု မြေပုံမှာ လုပ်ခဲ့တဲ့ အတိုင်းဆိုရင် နိုင်ငံသား စီစစ်တဲ့ကိစ္စမှာ ဥပဒေနှင့် မညီတာတွေပါတယ်။ နောက်ပြီးတော့ ရခိုင်တိုင်းရင်းသား ကိုယ်စားလှယ်တွေရဲ့ တင်ပြချက်တွေကို ထည့်သွင်းစဉ်းစားခြင်းမရှိခဲ့ဘူးလို့ သိရတယ်၊ နောက်ပြီး ပေါက်တောမြို့နယ်တို့မှာဆို ဘင်္ဂလီအဖြစ် စာရင်းမသွင်းတဲ့ သူတွေကို ဘင်္ဂလီအဖြစ်စာရင်းသွင်းကြဖို့ လ၀က၀န်ထမ်းတွေက ကွင်းဆင်းပြီး စည်းရုံးနေတဲ့ ကိစ္စတွေရှိတယ်၊ ဘူးသီးတောင်မှာလည်း ဘင်္ဂလီအဖြစ် စာရင်းသွင်းကြဖို့ ဘင်္ဂလီတွေအချင်းချင်း စည်းရုံးလှုံ့ဆော်နေတာတွေလည်းရှိတယ်။ ဒါတွေကို ကျွန်တော်တို့ လက်မခံနိုင်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကန့်ကွက်သွားကြပါမယ်။ အခုဆိုရင် ဘူးသီးတောင်မြို့နယ်မှာလဲ ဒီလုပ်ငန်းကို လုပ်ပါတော့မယ်။ ရခိုင်တိုင်းရင်းသား ကိုယ်စားလှယ်အဖြစ်အမည်တင်သွင်းတဲ့အခါ အာဏာပိုင်က အများဆန္ဒကို မစုံစမ်းပဲ နီးစပ်ရာကို အမည်စာရင်းတင်သွင်းတယ်လို့ ကြားသိရပါတယ်။ ဒါကိုလဲ လက်မခံပါဘူး။ စီစစ်ရာမှာ ပါဝင်မယ့် ရခိုင်တိုင်းရင်းသားကိုယ်စားလှယ်အဖြစ် ပါဝင်ရမယ့် ပုဂ္ဂိုလ်ဆိုတာ လက်ညှိုးထောင် ခေါင်းငြိမ့်တဲ့သူ မဖြစ်သင့်ပါဘူး။ ပြောသင့်၊ ပြောထိုက်တာပွင့်ပွင့်လင်းလင်း ရဲရဲဝံ့ဝံ့ ပြောနိုင်သူဖြစ်ရပါမယ်။ ဒါဟာ တကယ်အရေးကြီးတဲ့ လုပ်ငန်းတစ်ခုပါ။ အမှားအယွင်းမခံနိုင်ပါဘူး။´ ဟု ရှင်းပြပါသည်။
၁၉၈၂ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေအရ စီစစ်ရာတွင် ဘင်္ဂလီအဖြစ် စာရင်းသွင်းသူများမှ ဥပဒေနှင့် ညီသူများကို နိုင်ငံသားအဖြစ်လည်းကောင်း၊ နိုင်ငံသားပြုခွင့်ရသူအဖြစ်လည်းကောင်း၊ ထိုအရည်အချင်းများနှင့် ကိုက်ညီသူမဟုတ်ပါက အခြားရသင့်သည့် နိုင်ငံသား အဆင့်အတန်းများပေးမည်ဟုဆိုထားရာ ရခိုင်တိုင်းရင်းသားများ တောင်းဆိုထားသည့် ခိုးဝင်ဘင်္ဂလီများကို ဖေါ်ထုတ်နိုင်မည့် နိုင်ငံသားစီစစ်သည့် လုပ်ငန်းမျိုးမဟုတ်ပဲ ဘင်္ဂလီမှန်သမျှမှာ နိုင်ငံသားအဆင့်အတန်း တစ်ခုခုတွင် ရရှိသွားမည်ဖြစ်ပြီး၊ မတရားခိုးဝင်လာသူများကို အရေးယူနိုင်မှု မရှိသည့်အပြင် ၀င်ရောက်လာသမျှကို လက်ခံမည်ဟု ဖိတ်ခေါ်နေသည့် သဘောမျိုးသက်ရောက်နေကြောင်း သုံးသပ်မှုများရှိသည်။
ထို့အပြင် နိုင်ငံတကာဖိအား၊ နိုင်ငံတကာအလယ်တွင် မျက်နှာပန်းလှရန် စသည့် အကြောင်းပြချက်များဖြင့် ယခုကဲ့သို့ ဆောင်ရွက်နေမှုများသည် ရခိုင်တိုင်းရင်းသားတို့အတွက်သာမက ပြည်ထောင်စု တစ်ခုလုံးအတွက်ပါ နစ်နာမှုဖြစ်လာမည်ဟု စိုးရိမ်ပူပန်မှုများလည်း ဖြစ်ပေါ်နေပြီး နိုင်ငံတော်၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှု ဆိုသည်ကိုပါ မေးခွန်းထုတ်စရာ ဖြစ်လာနေပြီဖြစ်သည်။
ပေးပို့သူ- ကိုအောင်(hyacinth)

![]() |
Add caption |
No comments:
Post a Comment