တာဝန်ခံတတ် တာဝန်ယူတတ်သူများ ဖြစ်ပါစေ
နှုတ်တစ်ရာ စာတစ်လုံးလို့ ရှေးတုန်းက ဆို ထုံးရှိပေမယ့် သည်ခေတ်မှာတော့
နှုတ်တစ်ခွန်းဟာ လည်း စာတစ်လုံးဖြစ်တတ်ပါ သည်။ သည်ကနေ့ ပြောလိုက် သော
နှုတ်ထွက်စကားတစ်ခွန်း သည် နောက်တစ်နေ့သတင်းစာ မျက်နှာများပေါ်ရောက်နိုင်သော
ကြောင့် ဖြစ်ပါ၏။ အထူးသဖြင့် သာမန်ပြည်သူများ၏ ပြောစကား ထက်
ဌာနဆိုင်ရာတာဝန်ရှိသူများ မှစ၍ အစိုးရအဖွဲ့ဝင်များ၊ လွှတ် တော်ဥက္ကဋ္ဌများနှင့်
ကိုယ်စား လှယ်များ၊ နိုင်ငံတော်အဆင့် ထိပ်ပိုင်းခေါင်းဆောင်များစသည့်
ပုဂ္ဂိုလ်များ၏ ပြောစကားများ သည် စာမျက်နှာများပေါ် ပိုရောက်နိုင်ကြပါ၏။
‘‘နွားနို့သောက်ပါ’’ ‘‘အကြွေး ဆပ်ဖို့ ထမင်းတစ်နပ်လျှော့စား ပါ’’ ‘‘ရွှေလက်နဲ့ ခေါ်လို့မလာရင် ဘူးလက်နဲ့ခေါ်မယ်’’ ‘‘နယ်လှည့် ပြီး ပါးရိုက်လာတာ။ ပုဆိုးလှန်ပြ လိုက်မယ်’’ ‘‘ကျုပ်တို့က တိုင်း ပြည်အတွက် တိုက်ရင်းဟောသ လိုဒဏ်ရာရခဲ့တာ(ဗိုက်လှန်ပြ လျက်။ ဒေါ်စုက တိုင်းပြည်အ တွက် မြက်တစ်ပင်စိုက်ဖူးလို့ လား’’ စသည့် ကျွန်တော်တို့ တိုင်း ပြည်က ခေါင်းဆောင်ဟုဆိုသည့် လူကြီးများ၏ သမိုင်းတွင်မည့် နှုတ်ထွက်စကားများကို စာမျက် နှာများပေါ်က ဖတ်ခဲ့ရခြင်းဖြစ်၏။ ထို့ကြောင့် တာဝန်ရှိသူများအ ပြောအဆိုဆင်ခြင်အပ်သည်။ သို့ သော်ကျွန်တော်တို့ဆီမှ လူကြီး များနှုတ်မစောင့်စည်းနိုင်ကြ။ ရာ ထူးသေးသေးမှစ၍ ရာထူးကြီးကြီးများအထိ စကားတစ်ခွန်းကို လက်လွတ်စပယ်ပြောနေကြဆဲ ဖြစ်သည်။ ပြီး ကိုယ်ပြောသည့် စကားအပေါ်တာဝန်ယူမှု၊ တာဝန်ခံမှုလည်း မရှိ။ စစ်အစိုးရလက် ထက်ကအတိုင်း ပြည်သူကို ကိုယ့် ထက်အစစအရာရာနိမ့်ကျသူများ အဖြစ် ရှုမြင်နေဆဲဖြစ်သည်။ ပြည်သူသာအမိ၊ ပြည်သူသာအဖ ဟု နှုတ်ကတွင်တွင်ပြောနေသော် လည်း ရင်ထဲမှာမူ ကိုယ့်ကိုယ် ကိုယ်အရှင်သခင်အဖြစ် မှတ်ထင် ထားကြဆဲဖြစ်၏။
ယခုအကြောင်းအရာကို ဆောင်းပါးမရေးတော့ပါဘူးဟု ဆုံးဖြတ်ထားပြီးမှ ဌာနဆိုင်ရာ လူကြီးတစ်ဦး၏ တာဝန်မဲ့နှုတ် ထွက်စကားကြောင့်ရေးဖြစ်ရခြင်း ဖြစ်ပါသည်။ ပြောပုံကလည်း ကြည့်ပါ။ ‘‘ပြည်သူတွေ ကိုယ့် အန္တရာယ်ကို ကိုယ်ကြည့်ရှောင်’’ တဲ့။ မဇ္စျိမနေ့စဉ်သတင်းစာက သတင်းတစ်ပုဒ်က ဖေ့စ်ဘွတ်ခ် ထဲပျံ့နှံလာခြင်းဖြစ်သည်။ ပြည် သူတွေကိုယ့်အန္တရာယ်ကို ကိုယ် ကြည့်ရှောင်ဆိုတော့ နောက်တစ် ခါဓာတ်လိုက်သေလျှင် လျော် ကြေးမပေးတော့ဘူးဆိုတဲ့ သ ဘောပေါ့။ သည်တော့ ပြည်သူ တွေကပဲ လျော်ကြေးလိုချင်လို့ ဓာတ်လိုက်ပြီး အသေခံနေသလို လို။ အိမ်တွေမှာ ၀ိုင်ယာရှော့ခ် ဖြစ်ပြီး အိမ်ရှင်အရေးယူခံရသည်။ပုဂ္ဂလိကသတင်းစာတွေမှာရော၊ အစိုးရသတင်းစာတွေမှာပါ ၀ိုင် ယာရှော့ခ်ဖြစ်ပြီး အိမ်မီးလောင် လို့ အိမ်ရှင်အရေးယူခံရသည့် သတင်းတွေ မကြာခဏဖတ်ရ သည်။ လမ်းပေါ်က ဓာတ်တိုင် တွေ ဓာတ်ကြိုးပြုတ်ကျလို့ လူ တွေသေတာ၊ ယခုသင်္ဃန်းကျွန်း မြို့နယ်၊ ၁၆/၁ ရပ်ကွက်သံသုမာ လမ်းက ဓာတ်တိုင်လို ကြွေသီးကွဲ ပြီး ဓာတ်အားကတိုင်ထဲစီးဝင်၊ အဲသည်ကမှ တိုင်ခြေရင်းက ဗွက် အိုင်ထဲစီးဝင်၊ ဗွက်အိုင်ကို နင်းမိ သူ နှစ်ယောက်သေတာ လျှပ်စစ် ဌာနနှင့် မဆိုင်ဘူးလား။ တရား လွှတ်တော်ရှေ့နေဦးကိုနီပြောသ လိုပင် ‘‘မတော်တဆမှုကြောင့် ဓာတ်လိုက်သေဆုံးရတာဆိုရင် သက်ဆိုင်ရာဌာနတစ်ခုခုမှာ တာ ၀န်ရှိတယ်။ လူတွေက သူ့ဟာသူ အိမ်မှာနေရင်း သေရတာ မဟုတ် ဘူး။ သဘာဝဘေးအန္တရာယ် ကြောင့် သေရတာမဟုတ်ဘူး။ မကောင်းတဲ့ ပစ္စည်းတွေကို ဌာန က ပြုပြင်ခြင်းမရှိလို့သေရတာ’’ တဲ့။ တစ်ခါတစ်ရံများ ထရန်စဖာ ထိုင်ထားတဲ့ ဓာတ်တိုင်ကနေ မီး တွေ တဖွားဖွားပန်းထွက်နေတာ များ သီတင်းကျွတ်မီးရှူးမီးပန်းများထက်သာပါသည်။ အနီးဝန်းကျင်ကလူတွေမှာ ပြေးကြလွှား ကြ၊ အထက်က လူကြီးပြောသလို ကိုယ်အန္တရာယ်ကိုယ်ကြည့်ရှောင် ကြပါ၏။ ရှောင်ရင်းကြားက ဖြစ် သွားတော့လည်း ပွဲထဲက လူတွေ စကားနှင့် ပြောရလျှင် စောစော အိပ်ခွင့်ရသွားပါသည်။
ကျွန်တော်တို့ ပြည်သူတွေ မှာ လွန်စွာသနားဖို့ကောင်းပါ သည်။ ကျွန်တော်တို့ဟုဆိုခြင်းမှာ ကျွန်တော်ပါ ပါသောကြောင့်ဖြစ် ပါ၏။ ဓာတ်တိုင်က ဖြူးစ်ပြတ်၍ လာဆက်လည်း ငွေနှစ်ထောင် ပေးရသည်။ လှေကားထောင်ပြီး တိုင်ပေါ်တက်လာတာနှင့် နှစ် ထောင်ပေးရပါသည်။ ငွေနှစ် ထောင်ကို နှမြော၍ မဟုတ်ပါ။ ကြာတော့ ဒီနှစ်ထောင်ကျပ်ကြီး က ထုံးစံလိုဖြစ်လာသည်။ ငွေ နှစ်ထောင်ကျပ်သည် ရှိသူအ တွက် ဘာမှမဟုတ်သော်လည်း မရှိသူများအဖို့ တစ်ခါတစ်ရံ အလွန်အကျပ်အတည်းဖြစ်ရပါ သည်။ နှုန်းတစ်ခုသတ်မှတ်ထား ခြင်းမျိုးမဟုတ်ဘဲ စေတနာအ လျောက်သဒ္ဓါကြေး ပေးခြင်းမျိုး သာဖြစ်သင့်ပါသည်။ ကျွန်တော်တို့ လူမျိုးသည် စေတနာနည်းသူ များမဟုတ်ကြပါ။ ကိုယ့်ကိုအဆင်ပြေအောင် လုပ်ပေးခြင်းအတွက် ကိုယ့်ဘက်ကလည်း တစ်ခုခုပြန် ပေးဆပ်ရန် စဉ်းစားထားကြပြီး ဖြစ်ပါသည်။
ထမင်းပေါင်းအိုးတည်ထား စဉ် မီးပြတ်သွား၍ ချက်တုန်း တန်းလန်းထမင်းအိုးကြီးမှာ ဘာ မှလုပ်မရဘဲ ပစ်လိုက်ရသည့် အဖြစ်မျိုးအိမ်တိုင်းအိမ်တိုင်း တစ်ကြိမ်မဟုတ်တစ်ကြိမ် ကြုံဖူးကြ ပါလိမ့်မည်။ ကျွန်တော့်အိမ်ရှင်မ ကတော့ ပထမတစ်ခါသာ ပစ် လိုက်သည်။ နောက်တစ်ခါတွေ ကျတော့ မီးပျက်တာနှင့် မီးဖိုထဲ ပြေးဝင်၊ သူ၏ ထင်းမီးဖိုကြီးကို မီးမွှေးပြီး တဖူးဖူးနှင့် မီးတွေမှုတ်၊ မီးတောက်ကလေးအရှိန်ရလာ သည်နှင့် သူ့ထမင်းပေါင်းအိုးကြီး ကို မီးဖိုပေါ်ရွှေ့တင်လိုက်သည်။ ပါးစပ်ကလည်း ပြောလိုက်သေး သည်။ ‘‘ဆန်ဈေးကြီးတယ် တော် ရေ့၊ ထမင်းပေါင်းအိုးမည်းသွား တယ်က ပြန်တိုက်လို့ရတယ်။ တိုက်လို့မရလည်း အမည်းအ တိုင်း တည်လို့ရတယ်’’ဟူသ တည်း။ ကျွန်တော့်မှာလည်း ဘယ်နိုင်ငံမှာမှ မရနိုင်သော ထမင်း တစ်ဝက်ပေါင်း၊ တစ်ဝက်ငှဲ့ထမင်းကို လျှပ်စစ်ဌာန၏ ကောင်းမှုဖြင့် ခဏခဏစားခဲ့ရပါသည်။
ဤသို့သော အသေးအဖွဲ ပြဿနာလေးများ၌ပင် အသေအ ချာစိစစ်ကြည့်ပါက လျှပ်စစ်ဌာန ၌ တာဝန်မကင်းဟုဆိုလျှင် လူ သေဆုံးသည်အထိ ဖြစ်ပွားခဲ့ သော ပြဿနာများ၌ လျှပ်စစ် ဌာနတွင် လုံးလုံးတာဝန်ရှိနေပေ သည်။ ဇွန် ၂၃ ရက်က လှည်း တန်း ပေ ၅၀ လမ်းတွင် ဓာတ် ကြိုးပြတ်ကျ၍ လူနှစ်ဦးသေဆုံး ခဲ့သည်။ ဇွန် ၃၀ ရက်တွင် မြောက်ဥက္ကလာ၊ (ဌ) ရပ်ကွက်၊ ပတ္တ မြားလမ်းတွင် ဓာတ်ကြိုးပြတ်ကျ ၍ လူတစ်ဦးသေဆုံးခဲ့သည်။ ယင်းဖြစ်စဉ်နှစ်ခုတွင် သက်ဆိုင် ရာဌာနက နစ်နာကြေးပေး ဆောင်ခြင်းမျိုးမရှိဘဲ နာရေးကိုသာ ကူ ညီပေးခဲ့သည်။ ဇူလိုင် ၁၅ ရက် လှိုင်သာယာမြို့နယ် ၁၅ ရပ်ကွက်၊၁၅ ဈေးအတွင်း ဓာတ်ကြိုးပြတ် ကျမှုကြောင့် ဈေးဝယ်လာသူ အမျိုးသမီး သုံးဦးသေဆုံးခဲ့သည်။ ယင်းဖြစ်စဉ်တွင် သက်ဆိုင်ရာက နစ်နာကြေးကျပ် ၂၃ သိန်းစီပေး ခဲ့၏။ ယခုသင်္ဃန်းကျွန်းဖြစ်စဉ် တွင် နာရေးအတွက် တစ်ဦးကို ကျပ် ၁၀ သိန်းပေးခဲ့သည်ဟု သိ ရ၏။ ဓာတ်လိုက်သေဆုံးတာချင်း အတူတူ နာရေးကူညီပုံချင်း မတူ ခြင်းမှာ ပြင်းပြင်းလိုက်သူနှင့် ခပ် ပျော့ပျော့လိုက်သူဟူ၍ ခွဲခြားထားသောကြောင့်လားဟု မေးစရာ ဖြစ်နေသည်။
အထက်ပါ ဖြစ်စဉ်များကို ကြည့်လျှင် လျှပ်စစ်စွမ်းအားပြည် ထောင်စုဝန်ကြီးပင် နုတ်ထွက် သင့်သည့် ဖြစ်စဉ်များချည်းဖြစ် ၏။ သို့သော်ပြည်ထောင်စုဝန်ကြီး နုတ်ထွက်ဖို့အသာထားလို့ ဘယ် ၀န်ထမ်းတစ်ယောက်ကိုမျှ အရေး ယူအပြစ်ပေးလိုက်ပါသည်ဟူ၍ ပွင့်လင်းမြင်သာစွာ မတွေ့ရ။ ပြည်သူတွေ ကိုယ့်အန္တရာယ်ကို ကိုယ်ကြည့်ရှောင်ဟူသည့် စကား မျိုးကိုတော့ သိက္ခာမဲ့စွာ ပြော ထွက်ရက်သည်။ သူတို့ဌာနဆိုင် ရာအရာရှိများနှင့် အုပ်ချုပ်ရေး ပိုင်း(နောက်ပိုင်းတွင် တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် များ) က လူကြီးများသည် အခွင့် ထူးခံ လူတန်းစားများဖြစ်ကာ ကိုယ်ပြောတာအဟုတ်၊ ကိုယ် ပြောတာ အမှန်ယူကာ ပဒေသ ရာဇ်နယ်စား၊ ပယ်စားတွေလို ဖြစ်လာကြသည်။ တာဝန်ခံမှု၊ တာဝန်ယူမှုမရှိ ပြီးစလွယ်ပြော ပြီးစလွယ်လုပ်ဖြစ်လာကြသည်။
တစ်ခါတစ်ခါ ကျွန်တော် စဉ်းစားကြည့်မိသည်။ အခုခေတ် အချို့လူငယ်တွေ တာဝန်ခံစိတ်၊ တာဝန်ယူစိတ်နည်းပါးလာခြင်း သည် သည်ခေတ်လူကြီးများဆီက မကောင်းသည့်အတုတွေကို အတတ်သင်ခဲ့သောကြောင့်လား ဟု ထင်စရာဖြစ်၏။ ကျွန်တော်တို့ သည်အနာဂတ်မျိုးဆက်များ၌ တာဝန်ခံတတ်၊ တာဝန်ယူတတ် သူများဖြစ်စေလိုလျှင် ကိုယ်ကိုယ် တိုင်က တာဝန်ခံတတ်၊ တာဝန်ယူတတ်သူဖြစ်ဖို့ လိုပါသည်။ အထူး သဖြင့် ဌာနဆိုင်ရာအရာရှိများ၊ လုပ်ငန်းတစ်ခုကို စီမံခန့်ခွဲပိုင်ခွင့် ရှိသူများ၊ နိုင်ငံတော်အစိုးရအဖွဲ့ ၀င်ဝန်ကြီးများစသည်ဖြင့် ကိုယ့် လုပ်ငန်းနယ်ပယ်အသီးသီးတွင် တာဝန်ခံတတ်၊ တာဝန်ယူတတ် သူများဖြစ်ကြပါမှ ကျွန်တော်တို့ မျှော်မှန်းရာ ရွှေပြည်ကြီးဆီသို့ ရောက်နိုင်မည်ဖြစ်ပါသည်။

မင်းသန်းထိုက်(ဒေးဒရဲ)

No comments:
Post a Comment