Friday, 19 September 2014

နငသပြုခွင့်ရသည့် ဘင်္ဂါလီများကျမ်းကျိန်ရမည်

နိုင်ငံသားဖြစ်ခွင့်နှင့် နိုင်ငံသားပြုခွင့်ရသည့် ဘင်္ဂါလီများ ကတိပြုကျမ်းကျိန်မည်

 မြန်မာနိုင်ငံသားဖြစ်ခွင့် လျှောက်ထားသူ ဘင်္ဂါလီလူမျိုး တစ်ထောင်ကျော်ရှိသည့်အနက် အစိုးရက နှစ်ရာကျော်ကို နိုင်ငံသားဖြစ်ခွင့်နှင့် နိုင်ငံသားပြုခွင့် ပေးလိုက်ပြီဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ သတင်းရရှိသည်။
နိုင်ငံသားဖြစ်ခွင့်နှင့် နိုင်ငံသားပြုခွင့်ပေးလိုက်သည့် ဘင်္ဂါလီ ၂၀၉ ဦးကို စက်တင်ဘာ ၂၂ ရက်တွင် ကတိပြုကျမ်းကျိန်မည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက အတည်ပြုပြောကြားသည်။
‘‘ဗဟိုက စိစစ်ခွင့်ပြုပေးလိုက်တာပါ။ နိုင်ငံသားဖြစ်ခွင့် အယောက် ၄၀၊ နိုင်ငံသားပြုခွင့်  အယောက် ၁၆၉ ရှိပါတယ်။ ၁၉၈၂ ဥပဒေပါ ပုဒ်မ ၆ နဲ့ ညီတဲ့ အတွက် ခွင့်ပြုလိုက်တာပါ။ ကျမ်းကျိန်ပြီးရင်တော့ အသိအမှတ်ပြု ကတ်ပြားတစ်ခုခု ရမှာပါ’’ ဟု အထက်ပါပုဂ္ဂိုလ်ကရှင်းပြသည်။
ဘင်္ဂါလီများ နိုင်ငံသားပြုခွင့် လျှောက်ထားမှုကို ယခုနှစ် ဇွန် ၁၅ ရက်မှစတင်ပြီး မြေပုံမြို့နယ်ကို စမ်းသပ်ဧရိယာအဖြစ် သတ်မှတ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လျှောက်ထားသူ ၁,၀၉၄ ဦး ရှိခဲ့သည်။
၁၉၈၂ ဥပဒေအရ ဗဟိုက ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး မျိုးရိုးစဉ်ဆက်များကို စိစစ်သည့်အခါ ဥပဒေပါပုဒ်မ ၆ နှင့် ကိုက်ညီ၍ ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် နိုင်ငံသားဖြစ်ခွင့်ကို သုံးမျိုးပေးထားပြီး နိုင်ငံသားဖြစ်ခွင့်၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားဖြစ်ခွင့်ရသူဟူ၍ ဖြစ်သည်။
‘‘တခြားကိစ္စတော့ သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ ဆိုင်ပါတယ်။ ရွေးကောက်ပွဲကော်မတီက နိုင်ငံသားပြုခွင့်ရသူတွေက  မဲ ပေးခွင့်ရတယ်။ ပါတီထောင်ခွင့်ရှိတယ်လို့ဆိုရင် အဲဒီလူတွေက အဲဒီအခွင့်အရေးရမှာပေါ့။ ဘယ်ဝန်ကြီးဌာနပဲဖြစ်ဖြစ် အလုပ်ပဲ ခေါ်ခေါ်၊ ဘာပဲလုပ်လုပ် နိုင်ငံသားဖြစ်ရမယ်။ တိုင်းရင်းသားလူမျိုးဖြစ်ရမယ်၊ အဲဒီအတိုင်းပဲ သွားမယ်’’ဟု ၎င်းကပြောသည်။
ဘင်္ဂါလီလူမျိုးများကို နိုင်ငံသားဖြစ်ခွင့်ရွေးချယ်ရာတွင် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့်နှင့် ဗဟိုအဆင့်သုံးမျိုးခွဲခြား ဆောင်ရွက်ခဲ့သည်။ ပြည်နယ်အဆင့် စစ်ဆေးရာတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့ နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ဥပဒေအရာရှိ၊ မြို့နယ်ဦးစီးမှူး၊ ဒေသခံ ရခိုင်နှင့် ဘင်္ဂါလီ ကိုယ်စားလှယ် တစ်ဦးစီထားကာ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
ပြည်နယ်မှ စိစစ်ပြီး စာရင်းများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အား ၀န်ကြီးဌာနမှ ပြန်လည်စိစစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန စသည့် ၀န်ကြီးဌာန လေးခု ပါဝင်သော ကော်မတီက ပြန်လည်စိစစ်ခွင့်ပြုပေးခြင်း ဖြစ်သည်။
သန်းခေါင်စာရင်းကောက်ယူစဉ်တွင် ဘင်္ဂါလီလူမျိုးများက ရိုဟင်ဂျာလူမျိုးအဖြစ် စာရင်းသွင်းခွင့်တောင်းဆိုခြင်းကြောင့် ထည့်သွင်းကောက်ယူမှု မရှိခဲ့ ချေ။ ရခိုင်ပြည်နယ်တွင် သန်းခေါင်စာရင်းကောက်ယူမှုမရရှိခဲ့၍ လ၀က၀န်ကြီးဌာန၏ ခန့်မှန်းတွက်ချက်မှုအရ ဘင်္ဂါလီဦးရေ တစ်သန်းကျော် ရှိမည်ဟု ရှေ့ ပြေးလူဦးရေစာရင်းတွင် ခန့်မှန်းထားသည်။
7 DAY NEWS

No comments:

Post a Comment