“နိုင်ငံသားဖြစ်ပြီဆိုတော့ မြန်မာကိုပဲ အားပေးရမှာပေါ့ ”ဟု မြေပုံတောင်ပေါ်စခန်းမှ ဘင်္ဂလီအချို့ဆို
By မိုးဝေ (မြစ်မခ)
မြန်မာနိုင်ငံသားအဖြစ်အသိအမှတ်ပြုလိုက်ပြီးနောက် မြန်မာနိုင်ငံသားများအတိုင်း လက်ခံကျင့်သုံးသွားမည်ဟု မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြုခံရသည့် မြေပုံမြို့နယ် တောင်ပေါ်စခန်းမှ ဘင်္ဂလီများကပြောသည်။
“မြန်မာနဲ့ မလေးရှားဘောလုံးကန်ရင် မြန်မာကိုပဲအားပေးရမှာပေါ့။ ကျွန်တော်တို့က မြန်မာနိုင်ငံသားဖြစ်ပြီလေ။ မြန်မာနိုင်ငံသားအတိုင်းနေရမှာပါ။ ဝမ်းသာပါတယ်။ အခုလို ကျနော်တို့ကို မြန်မာနိုင်ငံသားအဖြစ် လုပ်ပေးတဲ့ အစိုးရကိုရော ရခိုင်တွေကိုလည်း ကျေးဇူးတင်ပါတယ်“ဟု မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြုခံရသည့် ဘင်္ဂလီ ဦးကျော်မောင်သွင်က ပြောသည်။
စက်တင်ဘာ ၂၂ ရက်နေ့က မြေပုံမြို့သမဝါယမရုံးခန်းတွင် ဘင်္ဂါလီ ၄၀အား မြန်မာနိုင်ငံသားအဖြစ် နိုင်ငံသားစိစစ်ရေးကဒ်များ ထုတ်ပေးခဲ့ပြီးနောက် ထိုသို့ပြောကြားလိုက်ခြင်းဖြစ်သည်။
“မြန်မာနိုင်ငံသားဖြစ်ပြီဆိုတော့ သွားချင်တဲ့နေရာသွားလို့ရပြီ။ ကျန်းမာရေး၊ ပညာရေးအစ မြန်မာ နိုင်ငံသားအတိုင်း ခံစားခွင့်ရှိပြီ။စိတ်ထဲမှာတော့ ပျော်တာပေါ့။ မြန်မာနိုင်ငံသားဖြစ်သွားလို့လေ၊ တခြားနယ်တွေကိုလည်း သွားချင်တယ်“ဟု မြန်မာနိုင်ငံသား အသိအမှတ်ပြုခံရသူ နုရ်ဘာနု(ခ) ခင်ခင်သန်း ကဆိုသည်။
ယခု မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြုခံရသူများသည် မြန်မာနိုင်ငံသား၏ အခွင့်အရေးအတိုင်း ခံစားခွင့်ရမည်ဟု ရခိုင်ပြည်နယ်နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက ပြော သည်။ သို့သော်လည်း ယခု မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြုခံရသူများကို မည့်သည့်နေရာတွင် ထားမည်ကိုမသိရှိသေးကြောင်း မြန်မာနိုင်ငံသားအဖြစ် အသိမှတ်ပြုခံရသူတို့က ဆိုသည်။
“သူတို့ကို မြန်မာနိုင်ငံသားပေးလိုက်တာ လက်ခံတယ်။ ပြီးတော့သူတို့ကိုဘယ်မှာထားမလဲ။ နိုင်ငံသား မဖြစ်တဲ့သူတွေနဲ့ ဆက်ထားမလား။ပြီးတော့ နိုင်ငံသားမဖြစ်တဲ့သူတွေကို ဘယ်လိုလုပ်မလဲ။ ကျွန်တော်တို့သိချင်တာက အခုနိုင်ငံသားဖြစ်တဲ့သူနဲ့ နိုင်ငံသားမဖြစ်တဲ့သူ မင်္ဂလာဆောင်လိုက်ရင် အကုန်လုံးက နိုင်ငံသားဖြစ်သွားသလို သက်ရောက်မလားဆိုတာပဲ“ဟု မြေပုံမြို့မှ ဒေသခံ ကိုမောင်မောင်က ဆိုသည်။
မြန်မာနိုင်ငံသားအဖြစ်အသိအမှတ်ပြုခံထားရသူများအနက် ကမန်လူမျိုးများလည်း ပါဝင်ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြုကဒ်တွင် လူမျိုး၊ဘာသာကို ဘင်္ဂါလီ၊ အစ္စလာမ်ဟု ဖော်ပြပါရှိသည်။
မြေပုံမြို့နယ်တောင်ပေါ်စခန်းရှိဘင်္ဂလီများနိုင်ငံသားအဖြစ်လျှောက်ထားရာတွင်၁၉၈၂ခုနှစ်မြန်မာနိုင်ငံသား ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်ခဲ့ရာ ယင်းတွင် နိုင်ငံသားအဖြစ်သဘောထားမှတ်ချက်ပြုခံရသူ (၉၈)ဦး၊ နိုင်ငံသားပြုခွင့်ရသူအဖြစ် သဘောထားမှတ်ချက်ပြုခံရသူ(၆၀၉)ဦး၊အရည်အချင်းမပြည့်မီ၍ ခေတ္တဆိုင်းငံ့ထားသူ(၁၄)ဦး၊လျှောက်ထားသူမိဘ၏စာရင်းတွင် ပါဝင်သော သား/သမီး(၃၄၉) ဦး၊ ဖခင်မိခင် နိုင်ငံခြားသားလက်မှတ်ကိုင်ဆောင်ထားသူ ၏သား/သမီး(၈)ဦး၊ စခန်းတွင်းမှာ အခြား မြို့နယ်သို့ ထွက်ခွါသွားသူ(၁၄)ဦး၊ စခန်းအတွင်းသေဆုံးသွားသူ(၂)ဦး စုစုပေါင်း(၁၀၉၄)ဦး အနက် စက်တင်ဘာ၂၂ရက်နေ့တွင်ဦးရေ၄၀အားနိုင်ငံသား၊ပြုနိုင်ငံသားကဒ်များ ထုတ်ပေးခဲ့ခြင်းဖြစ်သည်။
မြစ်မခ မီဒီယာ
No comments:
Post a Comment