Monday, 29 September 2014

မြန်မာ နိင်ငံ ၀န်ကြီးတွေရဲ့ ခံယူတတ်မှုများ

တာဝန်ခံတတ် တာဝန်ယူတတ်သူများ ဖြစ်ပါစေ

နှုတ်တစ်ရာ စာတစ်လုံးလို့ ရှေးတုန်းက ဆို ထုံးရှိပေမယ့် သည်ခေတ်မှာတော့ နှုတ်တစ်ခွန်းဟာ လည်း စာတစ်လုံးဖြစ်တတ်ပါ သည်။ သည်ကနေ့ ပြောလိုက် သော နှုတ်ထွက်စကားတစ်ခွန်း သည် နောက်တစ်နေ့သတင်းစာ မျက်နှာများပေါ်ရောက်နိုင်သော ကြောင့် ဖြစ်ပါ၏။ အထူးသဖြင့် သာမန်ပြည်သူများ၏ ပြောစကား ထက် ဌာနဆိုင်ရာတာဝန်ရှိသူများ မှစ၍ အစိုးရအဖွဲ့ဝင်များ၊ လွှတ် တော်ဥက္ကဋ္ဌများနှင့် ကိုယ်စား လှယ်များ၊ နိုင်ငံတော်အဆင့် ထိပ်ပိုင်းခေါင်းဆောင်များစသည့် ပုဂ္ဂိုလ်များ၏ ပြောစကားများ သည် စာမျက်နှာများပေါ် ပိုရောက်နိုင်ကြပါ၏။

‘‘နွားနို့သောက်ပါ’’ ‘‘အကြွေး ဆပ်ဖို့ ထမင်းတစ်နပ်လျှော့စား ပါ’’ ‘‘ရွှေလက်နဲ့ ခေါ်လို့မလာရင် ဘူးလက်နဲ့ခေါ်မယ်’’ ‘‘နယ်လှည့် ပြီး ပါးရိုက်လာတာ။ ပုဆိုးလှန်ပြ လိုက်မယ်’’ ‘‘ကျုပ်တို့က တိုင်း ပြည်အတွက် တိုက်ရင်းဟောသ လိုဒဏ်ရာရခဲ့တာ(ဗိုက်လှန်ပြ လျက်။ ဒေါ်စုက တိုင်းပြည်အ တွက် မြက်တစ်ပင်စိုက်ဖူးလို့ လား’’ စသည့် ကျွန်တော်တို့ တိုင်း ပြည်က ခေါင်းဆောင်ဟုဆိုသည့်  လူကြီးများ၏ သမိုင်းတွင်မည့် နှုတ်ထွက်စကားများကို စာမျက် နှာများပေါ်က ဖတ်ခဲ့ရခြင်းဖြစ်၏။ ထို့ကြောင့် တာဝန်ရှိသူများအ ပြောအဆိုဆင်ခြင်အပ်သည်။ သို့ သော်ကျွန်တော်တို့ဆီမှ လူကြီး များနှုတ်မစောင့်စည်းနိုင်ကြ။ ရာ ထူးသေးသေးမှစ၍ ရာထူးကြီးကြီးများအထိ စကားတစ်ခွန်းကို လက်လွတ်စပယ်ပြောနေကြဆဲ ဖြစ်သည်။ ပြီး ကိုယ်ပြောသည့် စကားအပေါ်တာဝန်ယူမှု၊ တာဝန်ခံမှုလည်း မရှိ။ စစ်အစိုးရလက် ထက်ကအတိုင်း ပြည်သူကို ကိုယ့် ထက်အစစအရာရာနိမ့်ကျသူများ အဖြစ် ရှုမြင်နေဆဲဖြစ်သည်။ ပြည်သူသာအမိ၊ ပြည်သူသာအဖ ဟု နှုတ်ကတွင်တွင်ပြောနေသော် လည်း ရင်ထဲမှာမူ ကိုယ့်ကိုယ် ကိုယ်အရှင်သခင်အဖြစ် မှတ်ထင် ထားကြဆဲဖြစ်၏။
ယခုအကြောင်းအရာကို ဆောင်းပါးမရေးတော့ပါဘူးဟု ဆုံးဖြတ်ထားပြီးမှ ဌာနဆိုင်ရာ လူကြီးတစ်ဦး၏ တာဝန်မဲ့နှုတ် ထွက်စကားကြောင့်ရေးဖြစ်ရခြင်း ဖြစ်ပါသည်။ ပြောပုံကလည်း ကြည့်ပါ။ ‘‘ပြည်သူတွေ ကိုယ့် အန္တရာယ်ကို ကိုယ်ကြည့်ရှောင်’’ တဲ့။ မဇ္စျိမနေ့စဉ်သတင်းစာက သတင်းတစ်ပုဒ်က ဖေ့စ်ဘွတ်ခ် ထဲပျံ့နှံလာခြင်းဖြစ်သည်။ ပြည် သူတွေကိုယ့်အန္တရာယ်ကို ကိုယ် ကြည့်ရှောင်ဆိုတော့ နောက်တစ် ခါဓာတ်လိုက်သေလျှင် လျော် ကြေးမပေးတော့ဘူးဆိုတဲ့ သ ဘောပေါ့။ သည်တော့ ပြည်သူ တွေကပဲ လျော်ကြေးလိုချင်လို့ ဓာတ်လိုက်ပြီး အသေခံနေသလို လို။  အိမ်တွေမှာ ၀ိုင်ယာရှော့ခ် ဖြစ်ပြီး အိမ်ရှင်အရေးယူခံရသည်။ပုဂ္ဂလိကသတင်းစာတွေမှာရော၊ အစိုးရသတင်းစာတွေမှာပါ ၀ိုင် ယာရှော့ခ်ဖြစ်ပြီး အိမ်မီးလောင် လို့ အိမ်ရှင်အရေးယူခံရသည့် သတင်းတွေ မကြာခဏဖတ်ရ သည်။ လမ်းပေါ်က ဓာတ်တိုင် တွေ ဓာတ်ကြိုးပြုတ်ကျလို့ လူ တွေသေတာ၊ ယခုသင်္ဃန်းကျွန်း မြို့နယ်၊ ၁၆/၁ ရပ်ကွက်သံသုမာ လမ်းက ဓာတ်တိုင်လို ကြွေသီးကွဲ ပြီး ဓာတ်အားကတိုင်ထဲစီးဝင်၊ အဲသည်ကမှ တိုင်ခြေရင်းက ဗွက် အိုင်ထဲစီးဝင်၊ ဗွက်အိုင်ကို နင်းမိ သူ နှစ်ယောက်သေတာ လျှပ်စစ် ဌာနနှင့် မဆိုင်ဘူးလား။ တရား လွှတ်တော်ရှေ့နေဦးကိုနီပြောသ လိုပင် ‘‘မတော်တဆမှုကြောင့် ဓာတ်လိုက်သေဆုံးရတာဆိုရင်  သက်ဆိုင်ရာဌာနတစ်ခုခုမှာ တာ ၀န်ရှိတယ်။ လူတွေက သူ့ဟာသူ အိမ်မှာနေရင်း သေရတာ မဟုတ် ဘူး။ သဘာဝဘေးအန္တရာယ် ကြောင့် သေရတာမဟုတ်ဘူး။ မကောင်းတဲ့ ပစ္စည်းတွေကို ဌာန က ပြုပြင်ခြင်းမရှိလို့သေရတာ’’ တဲ့။ တစ်ခါတစ်ရံများ ထရန်စဖာ ထိုင်ထားတဲ့ ဓာတ်တိုင်ကနေ မီး  တွေ တဖွားဖွားပန်းထွက်နေတာ များ သီတင်းကျွတ်မီးရှူးမီးပန်းများထက်သာပါသည်။ အနီးဝန်းကျင်ကလူတွေမှာ ပြေးကြလွှား ကြ၊ အထက်က လူကြီးပြောသလို ကိုယ်အန္တရာယ်ကိုယ်ကြည့်ရှောင် ကြပါ၏။ ရှောင်ရင်းကြားက ဖြစ် သွားတော့လည်း ပွဲထဲက လူတွေ စကားနှင့် ပြောရလျှင် စောစော အိပ်ခွင့်ရသွားပါသည်။
ကျွန်တော်တို့ ပြည်သူတွေ မှာ လွန်စွာသနားဖို့ကောင်းပါ သည်။ ကျွန်တော်တို့ဟုဆိုခြင်းမှာ ကျွန်တော်ပါ ပါသောကြောင့်ဖြစ် ပါ၏။ ဓာတ်တိုင်က ဖြူးစ်ပြတ်၍ လာဆက်လည်း ငွေနှစ်ထောင် ပေးရသည်။ လှေကားထောင်ပြီး တိုင်ပေါ်တက်လာတာနှင့် နှစ် ထောင်ပေးရပါသည်။ ငွေနှစ် ထောင်ကို နှမြော၍ မဟုတ်ပါ။ ကြာတော့ ဒီနှစ်ထောင်ကျပ်ကြီး က ထုံးစံလိုဖြစ်လာသည်။ ငွေ နှစ်ထောင်ကျပ်သည် ရှိသူအ တွက် ဘာမှမဟုတ်သော်လည်း မရှိသူများအဖို့ တစ်ခါတစ်ရံ အလွန်အကျပ်အတည်းဖြစ်ရပါ သည်။ နှုန်းတစ်ခုသတ်မှတ်ထား ခြင်းမျိုးမဟုတ်ဘဲ စေတနာအ လျောက်သဒ္ဓါကြေး ပေးခြင်းမျိုး သာဖြစ်သင့်ပါသည်။ ကျွန်တော်တို့ လူမျိုးသည် စေတနာနည်းသူ များမဟုတ်ကြပါ။ ကိုယ့်ကိုအဆင်ပြေအောင် လုပ်ပေးခြင်းအတွက် ကိုယ့်ဘက်ကလည်း တစ်ခုခုပြန် ပေးဆပ်ရန် စဉ်းစားထားကြပြီး ဖြစ်ပါသည်။
ထမင်းပေါင်းအိုးတည်ထား စဉ် မီးပြတ်သွား၍ ချက်တုန်း တန်းလန်းထမင်းအိုးကြီးမှာ ဘာ မှလုပ်မရဘဲ ပစ်လိုက်ရသည့် အဖြစ်မျိုးအိမ်တိုင်းအိမ်တိုင်း တစ်ကြိမ်မဟုတ်တစ်ကြိမ် ကြုံဖူးကြ ပါလိမ့်မည်။ ကျွန်တော့်အိမ်ရှင်မ ကတော့ ပထမတစ်ခါသာ ပစ် လိုက်သည်။ နောက်တစ်ခါတွေ ကျတော့ မီးပျက်တာနှင့် မီးဖိုထဲ ပြေးဝင်၊ သူ၏ ထင်းမီးဖိုကြီးကို မီးမွှေးပြီး တဖူးဖူးနှင့် မီးတွေမှုတ်၊ မီးတောက်ကလေးအရှိန်ရလာ သည်နှင့် သူ့ထမင်းပေါင်းအိုးကြီး  ကို မီးဖိုပေါ်ရွှေ့တင်လိုက်သည်။ ပါးစပ်ကလည်း ပြောလိုက်သေး သည်။ ‘‘ဆန်ဈေးကြီးတယ် တော် ရေ့၊ ထမင်းပေါင်းအိုးမည်းသွား တယ်က ပြန်တိုက်လို့ရတယ်။ တိုက်လို့မရလည်း အမည်းအ တိုင်း တည်လို့ရတယ်’’ဟူသ တည်း။ ကျွန်တော့်မှာလည်း ဘယ်နိုင်ငံမှာမှ မရနိုင်သော ထမင်း တစ်ဝက်ပေါင်း၊ တစ်ဝက်ငှဲ့ထမင်းကို လျှပ်စစ်ဌာန၏ ကောင်းမှုဖြင့် ခဏခဏစားခဲ့ရပါသည်။
ဤသို့သော အသေးအဖွဲ ပြဿနာလေးများ၌ပင် အသေအ ချာစိစစ်ကြည့်ပါက လျှပ်စစ်ဌာန ၌ တာဝန်မကင်းဟုဆိုလျှင် လူ သေဆုံးသည်အထိ ဖြစ်ပွားခဲ့ သော ပြဿနာများ၌ လျှပ်စစ် ဌာနတွင် လုံးလုံးတာဝန်ရှိနေပေ သည်။ ဇွန် ၂၃ ရက်က လှည်း တန်း ပေ ၅၀ လမ်းတွင် ဓာတ် ကြိုးပြတ်ကျ၍ လူနှစ်ဦးသေဆုံး ခဲ့သည်။ ဇွန် ၃၀ ရက်တွင် မြောက်ဥက္ကလာ၊ (ဌ) ရပ်ကွက်၊ ပတ္တ မြားလမ်းတွင် ဓာတ်ကြိုးပြတ်ကျ ၍ လူတစ်ဦးသေဆုံးခဲ့သည်။ ယင်းဖြစ်စဉ်နှစ်ခုတွင် သက်ဆိုင် ရာဌာနက နစ်နာကြေးပေး ဆောင်ခြင်းမျိုးမရှိဘဲ နာရေးကိုသာ ကူ ညီပေးခဲ့သည်။ ဇူလိုင် ၁၅ ရက် လှိုင်သာယာမြို့နယ် ၁၅ ရပ်ကွက်၊၁၅ ဈေးအတွင်း ဓာတ်ကြိုးပြတ် ကျမှုကြောင့် ဈေးဝယ်လာသူ အမျိုးသမီး သုံးဦးသေဆုံးခဲ့သည်။ ယင်းဖြစ်စဉ်တွင် သက်ဆိုင်ရာက နစ်နာကြေးကျပ် ၂၃ သိန်းစီပေး ခဲ့၏။ ယခုသင်္ဃန်းကျွန်းဖြစ်စဉ် တွင် နာရေးအတွက် တစ်ဦးကို ကျပ် ၁၀ သိန်းပေးခဲ့သည်ဟု သိ ရ၏။ ဓာတ်လိုက်သေဆုံးတာချင်း အတူတူ နာရေးကူညီပုံချင်း မတူ ခြင်းမှာ ပြင်းပြင်းလိုက်သူနှင့် ခပ် ပျော့ပျော့လိုက်သူဟူ၍ ခွဲခြားထားသောကြောင့်လားဟု မေးစရာ ဖြစ်နေသည်။
အထက်ပါ ဖြစ်စဉ်များကို ကြည့်လျှင် လျှပ်စစ်စွမ်းအားပြည် ထောင်စုဝန်ကြီးပင် နုတ်ထွက် သင့်သည့် ဖြစ်စဉ်များချည်းဖြစ် ၏။ သို့သော်ပြည်ထောင်စုဝန်ကြီး နုတ်ထွက်ဖို့အသာထားလို့ ဘယ် ၀န်ထမ်းတစ်ယောက်ကိုမျှ အရေး ယူအပြစ်ပေးလိုက်ပါသည်ဟူ၍ ပွင့်လင်းမြင်သာစွာ မတွေ့ရ။ ပြည်သူတွေ ကိုယ့်အန္တရာယ်ကို ကိုယ်ကြည့်ရှောင်ဟူသည့် စကား မျိုးကိုတော့ သိက္ခာမဲ့စွာ ပြော ထွက်ရက်သည်။ သူတို့ဌာနဆိုင် ရာအရာရှိများနှင့် အုပ်ချုပ်ရေး ပိုင်း(နောက်ပိုင်းတွင် တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် များ) က လူကြီးများသည် အခွင့် ထူးခံ လူတန်းစားများဖြစ်ကာ ကိုယ်ပြောတာအဟုတ်၊ ကိုယ် ပြောတာ အမှန်ယူကာ ပဒေသ ရာဇ်နယ်စား၊ ပယ်စားတွေလို ဖြစ်လာကြသည်။ တာဝန်ခံမှု၊ တာဝန်ယူမှုမရှိ ပြီးစလွယ်ပြော ပြီးစလွယ်လုပ်ဖြစ်လာကြသည်။
တစ်ခါတစ်ခါ ကျွန်တော် စဉ်းစားကြည့်မိသည်။ အခုခေတ် အချို့လူငယ်တွေ တာဝန်ခံစိတ်၊ တာဝန်ယူစိတ်နည်းပါးလာခြင်း သည် သည်ခေတ်လူကြီးများဆီက မကောင်းသည့်အတုတွေကို အတတ်သင်ခဲ့သောကြောင့်လား ဟု ထင်စရာဖြစ်၏။ ကျွန်တော်တို့ သည်အနာဂတ်မျိုးဆက်များ၌ တာဝန်ခံတတ်၊ တာဝန်ယူတတ် သူများဖြစ်စေလိုလျှင် ကိုယ်ကိုယ် တိုင်က တာဝန်ခံတတ်၊ တာဝန်ယူတတ်သူဖြစ်ဖို့ လိုပါသည်။ အထူး သဖြင့် ဌာနဆိုင်ရာအရာရှိများ၊ လုပ်ငန်းတစ်ခုကို စီမံခန့်ခွဲပိုင်ခွင့် ရှိသူများ၊ နိုင်ငံတော်အစိုးရအဖွဲ့ ၀င်ဝန်ကြီးများစသည်ဖြင့် ကိုယ့် လုပ်ငန်းနယ်ပယ်အသီးသီးတွင် တာဝန်ခံတတ်၊ တာဝန်ယူတတ် သူများဖြစ်ကြပါမှ ကျွန်တော်တို့ မျှော်မှန်းရာ ရွှေပြည်ကြီးဆီသို့ ရောက်နိုင်မည်ဖြစ်ပါသည်။

မင်းသန်းထိုက်(ဒေးဒရဲ)
7 day news

Sunday, 28 September 2014

ဘန်ကီမွန်းပြောတဲ့ ဘင်္ဂါလီ နိုင်ငံသားဖြစ်မှု

ဘင်္ဂါလီများနိုင်ငံသားဖြစ်ခွင့်လုပ်ငန်းစဉ် ဘန်ကီမွန်း အလေးထားပြော

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း (ဓာတ်ပုံ - ရိုက်တာ)
မြန်မာနိုင်ငံသည် စီးပွား ရေး၊ လူမှုရေးနှင့် ဒီမိုကရေစီ ဖော်ဆောင်ရေး ကဏ္ဍတို့တွင် အောင်မြင်မှုများ ရရှိထားသော် လည်း ရခိုင်ပြည်နယ်အတွင်းရှိ လူမှုအသိုင်းအဝိုင်းနှစ်ခုကြား တင်းမာမှုများနှင့် နိုင်ငံပြုပြင် ပြောင်းလဲရေးကို ထိခိုက်စေနိုင်ပြီး ဘင်္ဂါလီများအား နိုင်ငံသားဖြစ်ခွင့် လုပ်ငန်းစဉ်များ ပြည့်စုံကောင်း မွန်အောင် ဆောင်ရွက်ရန်အထူး အလေးထားတိုက်တွန်းကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက ပြောကြားသည်။

(၆၉)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ အလွတ်သဘော အစည်းအဝေးအဖြစ် စက်တင်ဘာ ၂၆ ရက်ကပြုလုပ်ခဲ့သော မြန်မာ့မိတ်ဖက်များဝန်ကြီးအဆင့်အစည်းအဝေးဖွင့်ပွဲတွင် မစ္စတာဘန်ကီမွန်းက မြန် မာ့အရေးနှင့်ပတ်သက်၍ သုံးသပ် ပြောကြားခဲ့ခြင်းဖြစ်သည်။
ယင်းအစည်းအဝေးများသို့ မြန်မာနိုင်ငံမှ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းသာတက်ရောက်ခဲ့ပြီး ဦးဝဏ္ဏမောင်လွင်မှာ စက်တင် ဘာ ၂၉ ရက်တွင် မြန်မာ့နိုင်ငံရေး အခြေအနေနှင့်ပတ်သက်၍ ကြေ ညာချက်တစ်စောင်ကိုတင်သွင်း မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန် ကြီးဌာန ဒုဝန်ကြီးဦးသန့်ကျော်က ပြောကြားသည်။
လူမျိုးရေးပဋိပက္ခအခြေ အနေကို စိုးရိမ်စရာဟုထောက်ပြ ပြောဆိုခဲ့သော်လည်း  မြန်မာ သည် အာဆီယံဥက္ကဋ္ဌရာထူးကို ထမ်းဆောင်ခြင်းကဲ့သို့ ကိစ္စရပ် များအပါအဝင် ဒေသတွင်းရော နိုင်ငံတကာတွင်ပါ ပူးပေါင်း ဆောင်ရွက်မှုများကို မြှင့်တင်နိုင် ခဲ့ကြောင်းဘန်ကပြောကြားသည်။
ထို့ပြင် မကြာမီ ၂၀၁၅ ရွေး ကောက်ပွဲကျင်းပရန် ပြင်ဆင်ရတော့မည်ဖြစ်၍ အခက်အခဲ အကျပ်အတည်းများကို ကျိန်းသေရင်ဆိုင် ကျော်လွှားရမည်ဖြစ် ကြောင်း ဘန်ကီမွန်းက ထောက် ပြပြောကြားသွားသည်။
‘‘ မြန်မာ့နိုင်ငံရေးနဲ့ ပတ် သက်လို့ အပြောင်းအလဲဆိုတာ ကတော့ အချိန်ယူရတာပဲ။ အခု ဘန်ကီမွန်းပြောတာကလည်း ပုံမှန်နိုင်ငံတကာအသိုင်းအဝိုင်းက ပြောနေကျကိစ္စပဲ။ ဒါကြောင့် မြန်မာဘက်ကလည်း အစိုးရရဲ့ လက်ရှိမူဝါဒအတိုင်းပဲ ပြန်ပြီး ဆွေးနွေးသွားခဲ့တယ်။ ရခိုင်ကိစ္စ က မြေပြင်တကယ်ဆင်းကြည့်မှ သိမှာဖြစ်တယ်။ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်လို့ဖြစ်ပေါ်တိုးတက်မှု တွေကို ၂၉ ရက်နေ့မှာ ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ကြေညာ ချက်တစ်စောင်တင်သွင်းမှာဖြစ် တယ်’’ဟု နိုင်ငံခြားရေးဝန်ကြီး ဌာန၊ နိုင်ငံရေးရာဦးစီးဌာနမှ အဆင့်မြင့်အရာရှိကြီး တစ်ဦးက ပြောသည်။
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဆွေးနွေးမှုဖြစ်စဉ်များကိုလည်း ဆွေးနွေးပွဲတက်ရောက်ရသည့် ၎င်း၏အထူးအကြံပေးမှတစ်ဆင့် နီးကပ်စွာလေ့လာနေပြီး ကုလ သမဂ္ဂက မြန်မာနိုင်ငံငြိမ်းချမ်းရေး ဖြစ်စဉ်တွင် အထောက်အကူပြု သည့်အခန်းကဏ္ဍ၌ ဆက်လက်ပါဝင်လိုကြောင်း ဘန်ကီမွန်းကပြောကြားခဲ့သည်။
ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာ နိုင်ငံတွင်   သန်းခေါင်စာရင်း ကောက်ယူခဲ့သော်လည်း ရခိုင်နှင့်ကချင်ပြည်နယ်ရှိ လူနည်းစုများကို ဖယ်ထုတ်ခံထားရမှုများရှိသည်ဟု ၎င်းကပြောသည်။
မြန်မာနိုင်ငံအရေးကို ကုလ သမဂ္ဂတွင် အစည်းအဝေးတစ်ခုအဖြစ်ဆွေးနွေးရန် ဘန်ကီမွန်းက မြန်မာ့မိတ်ဆွေများအဖွဲ့ (Frien-ds of Myanmar)အမည်ဖြင့်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ စတင်ဖွဲ့စည်းစဉ်ကတည်းက မြန်မာနိုင်ငံအား ပါဝင်ဆွေးနွေးရန်ဖိတ်ခေါ်ခဲ့သော်လည်း မြန်မာက ပါဝင်ဆွေးနွေးခဲ့ခြင်းမရှိပေ။ အစိုးရသစ်လက်ထက်တွင် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကြောင့် မြန်မာ့မိတ်ဖက်များ အဖွဲ့ (Partnership Group in Myanmar)ဟု အမည်ပြောင်းလဲလိုက်ပြီး ၂၀၀၃ ၌  မြန်မာနိုင်ငံမှ ဝန်ကြီးဦးခင်ရီစတင်တက်ရောက်ခဲ့သည်။
ယင်း ကုလညီလာခံသို့ မြန် မာနိုင်ငံကရင်အမျိုးသမီးများ အစည်းအရုံးဥက္ကဋ္ဌဒေါ်ဆူဇန်နာ လှလှစိုးလည်း တက်ရောက်နေပြီး အကြမ်းဖက်မှုများကြားက အမျိုး သမီးများခေါင်းစဉ်ဖြင့် အစည်း အဝေးတွင် မြန်မာကိုယ်စားပြု၍ ပြောကြားခဲ့သည်။
‘‘၂၉ ရက်မှာ မြန်မာမှာတစ် နှစ်လုံးဖြစ်ပေါ်ခဲ့တဲ့အနေအထား ကို Political statement အနေနဲ့ ဝန်ကြီးက ညီလာခံမှာတင်သွင်း မှာပါ။ အဲဒီမှာ လူမှုရေး၊ စီးပွား ရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးအားလုံး ပါပါတယ်။ မြန်မာက အရပ်ဘက် အဖွဲ့အစည်းတွေ ဆွေးနွေးတဲ့ အစည်းအဝေးတွေမှာ ဝန်ကြီး တက်ရောက်ဖို့က agenda အရ တော့ ခဲယဉ်းပါတယ်’’ဟု နိုင်ငံ ခြားရေးဝန်ကြီးဌာန အဆင့်မြင့် အရာရှိကြီးကဆိုသည်။
ကုလအထွေထွေညီလာခံ ၌ မြန်မာအစိုးရပါဝင်ဆွေးနွေး ရမည့် အစည်းအဝေးများမှာ အောက်တိုဘာ ၄ ရက်တွင် ပြီးဆုံးမည်ဖြစ်သည်။
7 day news

Friday, 26 September 2014

ဘူးသီးတောင် မြို့မှပြည်သူတွေတောင်းဆိုနေတဲ့ ဘင်္ဂါလီစီစစ်မှု

ဘင်္ဂလီများအား ၁၉၈၂ခုနှစ်၊ နိုင်ငံသားဥပဒေအရ စီစစ်မည့်လုပ်ငန်းများတွင် ဘူးသီးတောင်မြို့ရှိ ပြည်သူများက တောင်းဆိုချက်များထုတ်ပြန်တောင်းဆို
==========================================
ဘူးသီးတောင်၊ ၂၆ ၊စက်တင်ဘာ၊ ၂၀၁၄။ Coral Arakan News

ဘူးသီးတောင်မြို့နယ်၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများက လာမည့် အောက်တိုဘာလ(၁)ရက်နေ့မှ စတင်ဆောင်ရွက်မည့် ဘင်္ဂလီများအား ၁၉၈၂ခုနှစ်၊ နိုင်ငံသားဥပဒေအရ စီစစ်မည့်လုပ်ငန်းများတွင် ဆောင်ရွက်ပေးရန် အချက်(၉)ချက်ပါသော ကြေငြာချက်တစ်စောင်ကို ယနေ့ (၂၆-၉-၂၀၁၄)နေ့တွင် ထုတ်ပြန်တောင်းဆိုလိုက်သည်။

ယနေ့မွန်းလွဲ (၁း၃၀)ခန့်တွင် အေးစေတီကျောင်းတိုက်၌ မြို့ပေါ်ရှိသံဃာတော်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ စိတ်ပါဝင်စားသူများ တိုင်းရင်းသားများ စုစုပေါင်း (၁၀၀)ကျော်တက်ရောက်စည်းဝေး၍ ယင်းကြေငြာချက်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ဘူသီးတောင်မြို့မှ ပြည်သူများအနေဖြင့် မြေပုံမြို့တွင် ဥပဒေနှင့်မညီ၊ ရခိုင်ပြည်သူတို့၏ ဆန္ဒနှင့် မကိုက်ညီပဲ ဘင်္ဂလီအချို့ကို နိုင်ငံသားလက်မှတ်များ ထုတ်ပေးခြင်းကို ကန့်ကွက်ကြောင်း၊ နိုင်ငံသား စီစစ်ရာတွင် ပါဝင်အကောင်အထည် ဖေါ်မည့် ၀န်ထမ်းများအပါအ၀င် အများပြည်သူတို့က ၁၉၈၂ နိုင်ငံသားဥပဒေကို သိရှိအောင် ဆောင်ရွက်ပေးရန်၊ မှားယွင်းစွာ ထုတ်ပေးထားသော သက်သေခံကတ်ပြားများကို ပြန်လည်စီစစ်ပေးရန်၊ ကမန်လူမျိုးများအဖြစ် သက်သေခံ လက်မှတ်ရယူထားသူများအားလည်း ကမန်လူမျိုးအစစ်အမှန် ဖြစ်/ မဖြစ် ပြန်လည်စီစစ်ပေးရန်၊ နိုင်ငံသား စီစစ်ရေးကတ်ပြားများ မမှန်မကန်နည်းဖြင့် ရရှိအောင် ကူညီပေးသူများအား ဥပဒေနှင့်အညီ အရေးယူပေးရန်၊ ဥပဒေနှင့်အညီ စီစစ်ပြီးကျန်ရှိသည့် ဘင်္ဂလီများကို ခိုးဝင်ဘင်္ဂလီများကို မည်သို့အရေးယူမည်ဖြစ်ကြောင်း ထင်သာမြင်သာ ကြိုတင်ကြေငြာပေးရန်၊ မြို့နယ်အဆင့် စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် မြို့သူ/မြို့သားများ၏ ဆန္ဒမပါပဲ ရွေးချယ်ပေးရန်နှင့် ပြည်သူလူထု၏ ဆန္ဒမပါပဲရွေးချယ်ပါက ကန့်ကွက်ကြောင်း၊ လ၀က ၀န်ထမ်းများသည် သန်းခေါင်စာရင်း ကောက်ခံရာတွင် အကောက်မခံသူများအား ဘင်္ဂလီများအဖြစ် စာရင်းသွင်းရန် လှည့်လည်စည်းရုံးနေခြင်းဖြင့် နိုင်ငံဂုဏ်သိက္ခာမဲ့ကြောင်း သတ်မှတ်ပြီး ထိုကိစ္စကို ရပ်တန့်ပေးရန်တို့ပါဝင်ပြီး ထိုကိစ္စရပ်များ ဆောင်ရွက်ပြီးသည့်အခါမှ ဘူးသီးတောင်မြို့နယ်တွင် ဘင်္ဂလီများအား နိုင်ငံသား စီစစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် တောင်းဆိုလိုက်သည်။

တောင်းဆိုချက်တွင် လူမှုရေး အသင်းအဖွဲ့(၈)ခုနှင့် တက်ရောက်သည့် ပြည်သူများက လက်မှတ်ရေးထိုး တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ထိုကြေငြာချက်ကို နိုင်ငံတော်သမ္မတအပါအ၀င်၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ခရိုင်နှင့် မြို့နယ်ရှိ အုပ်ချုပ်ရေးမှူးများနှင့် သက်ဆိုင်ရာ ဌာနများသို့ပေးပို့သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အစည်းအဝေး တက်ရောက်သူ ဦးဇော်ဝင်းက `ကျွန်တော်တို့ ဒီနေ့ဒီအစည်းအဝေးကို တက်ရောက်ဆွေးနွေးရတဲ့ အဓိကအကြောင်းက အခုဆောင်ရွက်မယ့် ဘင်္ဂလီတွေကို ၁၉၈၂ နိုင်ငံသား ဥပဒေအရ စီစစ်တဲ့အခါမှာ အခု မြေပုံမှာ လုပ်ခဲ့တဲ့ အတိုင်းဆိုရင် နိုင်ငံသား စီစစ်တဲ့ကိစ္စမှာ ဥပဒေနှင့် မညီတာတွေပါတယ်။ နောက်ပြီးတော့ ရခိုင်တိုင်းရင်းသား ကိုယ်စားလှယ်တွေရဲ့ တင်ပြချက်တွေကို ထည့်သွင်းစဉ်းစားခြင်းမရှိခဲ့ဘူးလို့ သိရတယ်၊ နောက်ပြီး ပေါက်တောမြို့နယ်တို့မှာဆို ဘင်္ဂလီအဖြစ် စာရင်းမသွင်းတဲ့ သူတွေကို ဘင်္ဂလီအဖြစ်စာရင်းသွင်းကြဖို့ လ၀က၀န်ထမ်းတွေက ကွင်းဆင်းပြီး စည်းရုံးနေတဲ့ ကိစ္စတွေရှိတယ်၊ ဘူးသီးတောင်မှာလည်း ဘင်္ဂလီအဖြစ် စာရင်းသွင်းကြဖို့ ဘင်္ဂလီတွေအချင်းချင်း စည်းရုံးလှုံ့ဆော်နေတာတွေလည်းရှိတယ်။ ဒါတွေကို ကျွန်တော်တို့ လက်မခံနိုင်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကန့်ကွက်သွားကြပါမယ်။ အခုဆိုရင် ဘူးသီးတောင်မြို့နယ်မှာလဲ ဒီလုပ်ငန်းကို လုပ်ပါတော့မယ်။ ရခိုင်တိုင်းရင်းသား ကိုယ်စားလှယ်အဖြစ်အမည်တင်သွင်းတဲ့အခါ အာဏာပိုင်က အများဆန္ဒကို မစုံစမ်းပဲ နီးစပ်ရာကို အမည်စာရင်းတင်သွင်းတယ်လို့ ကြားသိရပါတယ်။ ဒါကိုလဲ လက်မခံပါဘူး။ စီစစ်ရာမှာ ပါဝင်မယ့် ရခိုင်တိုင်းရင်းသားကိုယ်စားလှယ်အဖြစ် ပါဝင်ရမယ့် ပုဂ္ဂိုလ်ဆိုတာ လက်ညှိုးထောင် ခေါင်းငြိမ့်တဲ့သူ မဖြစ်သင့်ပါဘူး။ ပြောသင့်၊ ပြောထိုက်တာပွင့်ပွင့်လင်းလင်း ရဲရဲဝံ့ဝံ့ ပြောနိုင်သူဖြစ်ရပါမယ်။ ဒါဟာ တကယ်အရေးကြီးတဲ့ လုပ်ငန်းတစ်ခုပါ။ အမှားအယွင်းမခံနိုင်ပါဘူး။´ ဟု ရှင်းပြပါသည်။

၁၉၈၂ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေအရ စီစစ်ရာတွင် ဘင်္ဂလီအဖြစ် စာရင်းသွင်းသူများမှ ဥပဒေနှင့် ညီသူများကို နိုင်ငံသားအဖြစ်လည်းကောင်း၊ နိုင်ငံသားပြုခွင့်ရသူအဖြစ်လည်းကောင်း၊ ထိုအရည်အချင်းများနှင့် ကိုက်ညီသူမဟုတ်ပါက အခြားရသင့်သည့် နိုင်ငံသား အဆင့်အတန်းများပေးမည်ဟုဆိုထားရာ ရခိုင်တိုင်းရင်းသားများ တောင်းဆိုထားသည့် ခိုးဝင်ဘင်္ဂလီများကို ဖေါ်ထုတ်နိုင်မည့် နိုင်ငံသားစီစစ်သည့် လုပ်ငန်းမျိုးမဟုတ်ပဲ ဘင်္ဂလီမှန်သမျှမှာ နိုင်ငံသားအဆင့်အတန်း တစ်ခုခုတွင် ရရှိသွားမည်ဖြစ်ပြီး၊ မတရားခိုးဝင်လာသူများကို အရေးယူနိုင်မှု မရှိသည့်အပြင် ၀င်ရောက်လာသမျှကို လက်ခံမည်ဟု ဖိတ်ခေါ်နေသည့် သဘောမျိုးသက်ရောက်နေကြောင်း သုံးသပ်မှုများရှိသည်။

ထို့အပြင် နိုင်ငံတကာဖိအား၊ နိုင်ငံတကာအလယ်တွင် မျက်နှာပန်းလှရန် စသည့် အကြောင်းပြချက်များဖြင့် ယခုကဲ့သို့ ဆောင်ရွက်နေမှုများသည် ရခိုင်တိုင်းရင်းသားတို့အတွက်သာမက ပြည်ထောင်စု တစ်ခုလုံးအတွက်ပါ နစ်နာမှုဖြစ်လာမည်ဟု စိုးရိမ်ပူပန်မှုများလည်း ဖြစ်ပေါ်နေပြီး နိုင်ငံတော်၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှု ဆိုသည်ကိုပါ မေးခွန်းထုတ်စရာ ဖြစ်လာနေပြီဖြစ်သည်။

ပေးပို့သူ- ကိုအောင်(hyacinth)
Photo: ဘင်္ဂလီများအား ၁၉၈၂ခုနှစ်၊ နိုင်ငံသားဥပဒေအရ စီစစ်မည့်လုပ်ငန်းများတွင် ဘူးသီးတောင်မြို့ရှိ ပြည်သူများက တောင်းဆိုချက်များထုတ်ပြန်တောင်းဆို

Add caption

နငသဖြစ်တဲ့ ဘင်္ဂါလီများ လွပ်လပ်စွာခရီးသွားလာခွင့်ပြုမည်

နိုင်ငံသားဖြစ်ခွင့်ရ ဘင်္ဂါလီများကို နိုင်ငံသားအခွင့်အရေးအရ အခြားပြည်နယ်နှင့်တိုင်းများသို့ လွတ်လပ်စွာသွားလာခွင့်ပြုမည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောကြား

နိုင်ငံသားဖြစ်ခွင့်ရ ဘင်္ဂါလီများကို အခြားပြည်နယ်နှင့် တိုင်းများသို့ လွတ်လပ်စွာသွားလာခွင့်ပြုသွားမည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ပြောကြားသည်။

၁၉၈၂ ဥပဒေနှင့်အညီ နိုင်ငံသားဖြစ်ခွင့် ရသူများကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုပြီး ဖြစ်သဖြင့် ယင်းနိုင်ငံသား ဖြစ်ခွင့်ရသူများအနေဖြင့် နိုင်ငံသားအခွင့်အရေးကို အပြည့်အ၀ ရရှိမည်ဖြစ်ပြီး ခရီးသွားလာခွင့်ကို လွတ်လပ်စွာ ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က “နိုင်ငံသားဖြစ်သွားတော့ နိုင်ငံသားအခွင့်အရေး ပေးရမှာပေါ့။ ရခိုင်ပြည်နယ်မှအပ တခြားတိုင်းနဲ့ပြည်နယ်တွေကို သွားလာခွင့်ပေးရမယ်။ လေကြောင်းနဲ့ သွားမယ်ဆိုရင်လည်း သွားခွင့်ပြုမယ်။ ရခိုင်ပြည်နယ်အတွင်းမှာတော့ ပြဿနာနည်းနည်း ရှိနိုင်သေးတဲ့အတွက် သွားလာခွင့်ကို ခွင့်မပြုသေးဘူး။ နိုင်ငံသားဖြစ်တဲ့သူတွေနဲ့ မဖြစ်တဲ့သူတွေကို ခွဲတော့ခွဲရမယ်။ ခွဲပြီးမှ ဥပဒေအတိုင်း ဆောင်ရွက်သွားရမှာပေါ့” ဟု ပြောကြားသည်။

မြေပုံမြို့နယ်အတွင်း ဘင်္ဂါလီ ၃၀၀၀ ကျော်ရှိသည့်နက် ၁၀၉၄ ဦးခန့်သာ လျှောက်လွှာတင်ခဲ့ပြီး ယင်းသို့လျှောက်လွှာတင်သူများကိုသာ စစ်ဆေးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် စစ်ဆေးရာတွင်လည်း မြို့နယ်အဆင့်၊ ပြည်နယ်အဆင့်နှင့် ဗဟိုအဆင့်ဟူ၍ ခွဲခြားစိစစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် မြို့နယ်အဆင့်နှင့် ပြည်နယ်အဆင့် စစ်ဆေးရေးအဖွဲ့တွင် ဒေသခံတိုင်းရင်းသားများ ပါဝင်သကဲ့သို့ ဘင်္ဂါလီများဘက်မှလည်း တစ်ဦးစီပါဝင်ခဲ့ကြောင်း သိရသည်။ ယင်းအတွက် အမှန်တကယ် နိုင်ငံသားဖြစ်ခွင့် ရသူများကိုသာ နိုင်ငံသားဖြစ်ခွင့် ပေးခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ဦးစီးဌာန ရခိုင်ပြည်နယ် ဦးစီးဌာနမှူးကလည်း “ပထမအသုတ်မှာ သုံးရာကျော်ပါသွားပြီ။ နက်ဖြန်လောက်မှာထပ်ပြီး သုံးရာကျော်ကို စိစစ်သွားမှာဖြစ်တယ်။ ပြည်ထောင်စုအဆင့် စစ်ဆေးပြီးသွားရင် ရရှိတဲ့ ကတ်ပြားတစ်မျိုးမျိုးကို ကျွန်တော်တို့ပေးမှာ ဖြစ်ပါတယ်။ အခုနိုင်ငံသားရတဲ့ လူ ၄၀ က မြန်မာနိုင်ငံသား ဥပဒေပုဒ်မ ၆ နဲ့အညီ ရတာဖြစ်တယ်။ အထောက်အထား မရှိသူတွေကို လူသက်သေတွေနဲ့ စိစစ်ပေးခဲ့တာလည်းပါတယ်။ အဆင့်ဆင့် စိစစ်ခဲ့တာဖြစ်တဲ့အတွက် အခုလို ဒီအရေအတွက်ကို ရရှိလာတာဖြစ်တယ်။ နိုင်ငံသားဖြစ်ခွင့် ရရှိတဲ့အတွက် နိုင်ငံတော်ရဲ့ ဥပဒေတွေကိုလည်း လေးစားလိုက်နာဖို့ လိုပါတယ်” ဟု ထည့်သွင်းပြောကြားသည်။

ထို့အပြင် မြေပုံမြို့အတွင်း စစ်ဆေးဆောင်ရွက်မှု ပြီးသွားလျှင်လည်း အခြားမြို့နယ်များမှ စစ်ဆေးပေးရန် တင်ပြလာမှုများ ရှိလာပါကလည်း ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
www.news-eleven.com

Tuesday, 23 September 2014

ရခိုင်ဒေသခံများကန့်ကွက်ခဲ့တဲ့ ဘင်္ဂလီကျမ်းကျိန်မှု

နိုင်ငံသားဖြစ်ခွင့်ရ ဘင်္ဂါလီ ၄၀ ဦးကျမ်းသစ္စာကျိန်ဆိုပွဲ ရခိုင်ဒေသခံများကန့်ကွက်

နိုင်ငံသားဖြစ်ခွင့်ရ ဘင်္ဂါလီအမျိုးသမီးအချို့ ကျမ်းသစ္စာကျိန်ဆိုနေစဉ်(ဓာတ်ပုံ − ညွန့်ဝင်း/အီးပီအေ)
မြေပုံမြို့နယ်တွင် စက် တင်ဘာ ၂၂ ရက်က ပြုလုပ်ခဲ့သောနိုင်ငံသားဖြစ်ခွင့်ရသူ ဘင်္ဂါလီလူ မျိုးများ၏ ကျမ်းသစ္စာကျိန်ဆိုပွဲကို ရခိုင်ဒေသခံများက ကန့်ကွက်ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သတင်းရရှိ သည်။
၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ နိုင်ငံသားဖြစ်ခွင့်ရသူ ဘင်္ဂါလီလူမျိုး ၄၀ ဦး၏ ကျမ်းသစ္စာကျိန် ဆိုပွဲကို မြေပုံမြို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ယင်းကျမ်းသစ္စာကျိန် ဆိုပွဲကို ဒေသခံများက အိမ်များ၊ ဈေးဆိုင်များပိတ်ကာ လမ်းများ ပေါ်သွားလာလှုပ်ရှားခြင်းမပြုဘဲ ကန့်ကွက်ဆန္ဒ ဖော်ထုတ်ခဲ့ကြ ခြင်း ဖြစ်သည်။
‘‘အထောက်အထားပြည့်စုံ မှုမရှိတဲ့ ဘင်္ဂါလီလူမျိုးတွေကို နိုင် ငံသားကတ်ထုတ်ပေးတာကြောင့်တစ်မြို့လုံးက ကန့်ကွက်တာ။ တံခါးပိတ်ဆန္ဒထုတ်ဖော်ကြတာ’’ဟု မြေပုံမြို့နယ်မှ ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက ပြောသည်။
မြေပုံမြို့နယ်တွင် နိုင်ငံသား စိစစ်ရန် လျှောက်လွှာတင်သွင်း သူ ၁၀၉၄ ဦးရှိပြီး ၁၉၈၂ ဥပဒေ အရ စစ်ဆေးရာ နိုင်ငံသားဖြစ်ခွင့် ၄၀ ဦး၊ နိုင်ငံသားပြုခွင့်ရသူ ၁၆၉ ဦးရှိသည်။ ယင်းအထဲမှ အချို့မှာ မိဘ၊ အဘိုး၊ အဘွားမှတ်ပုံတင် မရှိသူများ၊ တိုင်းရင်းသားဘာသာ စကားမပြောဆိုတတ်သူများ ဖြစ် ပြီး အထောက်အထားမပြည့်စုံသူ များဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
ထို့အပြင် ကျမ်းသစ္စာကျိန်ဆိုပွဲကို ကန့်ကွက်သည့်အနေဖြင့် ရဟန်းသံဃာများက ဆွမ်းခံမကြွခြင်း၊ ဒေသခံများက စာတမ်း၊ ဆိုင်းဘုတ်များတွင် ‘‘အထောက်အထားပြည့်စုံမှုမရှိသော ဘင်္ဂါလီလူမျိုးများအား နိုင်ငံသားကတ်ထုတ်ပေးခြင်းကို လုံးဝလုံးဝကန့်ကွက်ကြောင်း’’ရေးသားဖော်ပြ ခြင်းတို့ကို ပြုလုပ်ခဲ့သည်။
စက်တင်ဘာ ၂၂ ရက်က ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦး မောင်မောင်အုန်းကိုယ်တိုင် မြေပုံ မြို့သို့ သွားရောက်ခဲ့သော်လည်း ကျမ်းသစ္စာကျိန်ဆိုပွဲပြုလုပ်ခဲ့ သော ဘင်္ဂါလီကျေးရွာသို့ မလိုက် ပါခဲ့ကြောင်း သတင်းရရှိသည်။
၁၉၈၂ ခုနှစ်နိုင်ငံသားဥပဒေ အရ ၁၉၄၈ ခုနှစ်မတိုင်မီ ၁၀ နှစ် အတွင်း မြန်မာနိုင်ငံနယ်နိမိတ် ၌ ရှစ်နှစ်ဆက်တိုက်တစ်ဆက် တည်း နေထိုင်သူများ၏ တတိယ မျိုးဆက်ကို နိုင်ငံသားပြုခွင့်ရရှိ မည်ဖြစ်သည်။
 လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနပြည် ထောင်စုဝန်ကြီး ဦးခင်ရီက ဘင်္ဂါ လီများကို စိစစ်ရာ မြို့နယ်အဆင့် မှစ၍ ဗဟိုအထိ အဆင့်ဆင့်စစ် ဆေးပြီးမှ ခွင့်ပြုခြင်းဖြစ်ကြောင်း စက်တင်ဘာ ၂၁ ရက်က ပြော ကြားခဲ့သည်။
7 day news

နိုင်ငံသားကတ်များစတင်ရရှိနေပြီဖြစ်တဲ့ ဘင်္ဂါလီများ

“နိုင်ငံသားဖြစ်ပြီဆိုတော့ မြန်မာကိုပဲ အားပေးရမှာပေါ့ ”ဟု မြေပုံတောင်ပေါ်စခန်းမှ ဘင်္ဂလီအချို့ဆို 

By မိုးဝေ (မြစ်မခ)

မြန်မာနိုင်ငံသားအဖြစ်အသိအမှတ်ပြုလိုက်ပြီးနောက် မြန်မာနိုင်ငံသားများအတိုင်း လက်ခံကျင့်သုံးသွားမည်ဟု မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြုခံရသည့် မြေပုံမြို့နယ် တောင်ပေါ်စခန်းမှ ဘင်္ဂလီများကပြောသည်။
မြန်မာနဲ့ မလေးရှားဘောလုံးကန်ရင် မြန်မာကိုပဲအားပေးရမှာပေါ့။ ကျွန်တော်တို့က မြန်မာနိုင်ငံသားဖြစ်ပြီလေ။ မြန်မာနိုင်ငံသားအတိုင်းနေရမှာပါ။ ဝမ်းသာပါတယ်။ အခုလို ကျနော်တို့ကို မြန်မာနိုင်ငံသားအဖြစ် လုပ်ပေးတဲ့ အစိုးရကိုရော ရခိုင်တွေကိုလည်း ကျေးဇူးတင်ပါတယ်ဟု မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြုခံရသည့် ဘင်္ဂလီ ဦးကျော်မောင်သွင်က ပြောသည်။
စက်တင်ဘာ ၂၂ ရက်နေ့က မြေပုံမြို့သမဝါယမရုံးခန်းတွင် ဘင်္ဂါလီ ၄၀အား မြန်မာနိုင်ငံသားအဖြစ် နိုင်ငံသားစိစစ်ရေးကဒ်များ ထုတ်ပေးခဲ့ပြီးနောက် ထိုသို့ပြောကြားလိုက်ခြင်းဖြစ်သည်။
 “မြန်မာနိုင်ငံသားဖြစ်ပြီဆိုတော့ သွားချင်တဲ့နေရာသွားလို့ရပြီ။ ကျန်းမာရေး၊ ပညာရေးအစ မြန်မာ နိုင်ငံသားအတိုင်း ခံစားခွင့်ရှိပြီ။စိတ်ထဲမှာတော့ ပျော်တာပေါ့။ မြန်မာနိုင်ငံသားဖြစ်သွားလို့လေ၊ တခြားနယ်တွေကိုလည်း သွားချင်တယ်ဟု မြန်မာနိုင်ငံသား အသိအမှတ်ပြုခံရသူ နုရ်ဘာနု(ခ) ခင်ခင်သန်း ကဆိုသည်။
ယခု မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြုခံရသူများသည် မြန်မာနိုင်ငံသား၏ အခွင့်အရေးအတိုင်း ခံစားခွင့်ရမည်ဟု ရခိုင်ပြည်နယ်နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက ပြော သည်။ သို့သော်လည်း ယခု မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြုခံရသူများကို မည့်သည့်နေရာတွင် ထားမည်ကိုမသိရှိသေးကြောင်း မြန်မာနိုင်ငံသားအဖြစ် အသိမှတ်ပြုခံရသူတို့က ဆိုသည်။
 “သူတို့ကို မြန်မာနိုင်ငံသားပေးလိုက်တာ လက်ခံတယ်။ ပြီးတော့သူတို့ကိုဘယ်မှာထားမလဲ။ နိုင်ငံသား မဖြစ်တဲ့သူတွေနဲ့ ဆက်ထားမလား။ပြီးတော့ နိုင်ငံသားမဖြစ်တဲ့သူတွေကို ဘယ်လိုလုပ်မလဲ။ ကျွန်တော်တို့သိချင်တာက  အခုနိုင်ငံသားဖြစ်တဲ့သူနဲ့ နိုင်ငံသားမဖြစ်တဲ့သူ မင်္ဂလာဆောင်လိုက်ရင် အကုန်လုံးက နိုင်ငံသားဖြစ်သွားသလို သက်ရောက်မလားဆိုတာပဲဟု မြေပုံမြို့မှ ဒေသခံ ကိုမောင်မောင်က ဆိုသည်။
 မြန်မာနိုင်ငံသားအဖြစ်အသိအမှတ်ပြုခံထားရသူများအနက် ကမန်လူမျိုးများလည်း ပါဝင်ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြုကဒ်တွင် လူမျိုး၊ဘာသာကို ဘင်္ဂါလီ၊ အစ္စလာမ်ဟု ဖော်ပြပါရှိသည်။
မြေပုံမြို့နယ်တောင်ပေါ်စခန်းရှိဘင်္ဂလီများနိုင်ငံသားအဖြစ်လျှောက်ထားရာတွင်၁၉၈၂ခုနှစ်မြန်မာနိုင်ငံသား ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်ခဲ့ရာ ယင်းတွင် နိုင်ငံသားအဖြစ်သဘောထားမှတ်ချက်ပြုခံရသူ (၉၈)ဦး၊ နိုင်ငံသားပြုခွင့်ရသူအဖြစ် သဘောထားမှတ်ချက်ပြုခံရသူ(၆၀၉)ဦး၊အရည်အချင်းမပြည့်မီ၍ ခေတ္တဆိုင်းငံ့ထားသူ(၁၄)ဦး၊လျှောက်ထားသူမိဘ၏စာရင်းတွင် ပါဝင်သော သား/သမီး(၃၄၉) ဦး၊ ဖခင်မိခင် နိုင်ငံခြားသားလက်မှတ်ကိုင်ဆောင်ထားသူ ၏သား/သမီး(၈)ဦး၊ စခန်းတွင်းမှာ အခြား မြို့နယ်သို့ ထွက်ခွါသွားသူ(၁၄)ဦး၊ စခန်းအတွင်းသေဆုံးသွားသူ(၂)ဦး စုစုပေါင်း(၁၀၉၄)ဦး အနက် စက်တင်ဘာ၂၂ရက်နေ့တွင်ဦးရေ၄၀အားနိုင်ငံသား၊ပြုနိုင်ငံသားကဒ်များ ထုတ်ပေးခဲ့ခြင်းဖြစ်သည်။
မြစ်မခ မီဒီယာ

Sunday, 21 September 2014

ကျမ်းသစ္စာကျိန်ဆိုရတော့မည့် ဘင်္ဂါလီများ

မြေပုံမှ နိုင်ငံသားဖြစ်ခွင့်ရ ဘင်္ဂါလီများမနက်ဖြန်ကျမ်းကျိန်တော့မည်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ရခိုင်ပြည်နယ် မြေပုံမြို့နယ်အတွင်းမှဘင်္ဂါလီများကို နိုင်ငံသားအဖြစ် မနက်ဖြန် စက်တင်ဘာ ၂၂ ရက်နေ့တွင်ကျမ်းကျိန်ခွင့်ပြုတော့မည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌါန ပြည်ထောင်စုဝန်ကြီးဦးခင်ရီက ယနေ့ စက်တင်ဘာ ၂၁ ရက်နေ့က မြန်မာ့ငြိမ်းချမ်းရေးစင်တာ တွင်ပြောသည်။

"၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေအရ နိုင်ငံသားဖြစ်သင့်တဲ့သူတွေကို စိစစ်လိုက်တာဖြစ်ပါတယ်။မြေပုံကို ပိုင်းလော့ ဧရိယာအနေနဲ့ လုပ်လိုက်တာပါ။အဲဒီဒေမှာနေသူတွေက လူဦးရေစာရင်းကောက်တာတွေမှာ လည်းပူးပေါင်းဆောင်ရွက်မှုလည်းရှိတယ်"ဟု ယင်းကပြောသည်။

ပြီးခဲ့သည့် ဇွန်လက စတင်ကာ နိုင်ငံသားစိစစ်မှုများပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ အိမ်ထောင်စုတိုင်းက စိစစ်မှုကို ကြည်ကြည်ဖြူဖြူခံ ယူကြကြောင်း၊လူမျိုးနေရာတွင် ဘင်္ဂါလီဟု ထည့်ရေးသူများရှိသကဲ့သို့ လူမျိုးအမည်ထည့်မရေးဘဲ ကွက်လပ် ထားသူများလည်းရှိကြောင်း ၀န်ကြီးကပြောသည်။

စိစစ်မှုများအနက်မှ လူဦးရေ ၂၀၉ ဦးကို တင်ပြလာရာတွင် ၄၀ ဦးမှာ နိုင်ငံသားဖြစ်ခွင့် ရမည်ဖြစ်ပြီး ၁၆၉ ဦးမှာ နိုင်ငံသား ပြုခွင့်ရသူ များဖြစ်ကြောင်း၊ယင်းတို့မှ မွေးဖွါးထားသော သားသမီးများ ၆၆၅ ဦးခန့်မှာ အလိုအလျောက် နိုင်ငံသားနှင့် နိုင်ငံသား ပြုခွင့် ရသူများ ဖြစ်ကြမည် ဖြစ်ကြောင်း သိရသည်။

"စိစစ်မှုတွေကို လုပ်တဲ့အခါ ရခိုင်တိုင်းရင်းသားဖက်က တာဝန်ရှိသူတွေ၊ဘင်္ဂါလီဖက်က တာဝန်ရှိသူတွေနဲ့ အဆင့်ဆင့် စစ်ဆေးမှုတွေလုပ်ပြီးမှ အတည်ပြုနိုင်တာ ဖြစ်ပါတယ်။သူတို့ဟာ ဥပဒေအရ နိုင်ငံသား ဖြစ်ကြပေမယ့်လို့ ဘယ်တော့မှ တိုင်းရင်းသား မဖြစ်ပါဘူး။ကျန်တဲ့သူတွေကိုလည်း ဆက်လက်စိစစ်ပါအုံးမယ်"ဟု ဦးခင်ရီက ပြောကြားခဲ့သည်။

မေငယ်
စောင့်ကြည့်သတင်းဂျာနယ်
Photo: မြေပုံမှ နိုင်ငံသားဖြစ်ခွင့်ရ ဘင်္ဂါလီများမနက်ဖြန်ကျမ်းကျိန်တော့မည်

Saturday, 20 September 2014

၁၉၈၃ နှင့် ၂၀၁၄ သန်းခေါင်စာရင်းအကြား

မန်မာပြည်ဝယ် နှစ်ပေါင်း ၃၀ ကြာသောအခါ

-MIB ကေပေါ့ပ်အဖွဲ့ဖျော်ဖြေပွဲသို့ လာရောက်ကြည့်ရှုနေသူများ။မြန်မာနိုင်ငံတွင် ရှေ့ပြေးသန်းခေါင်စာရင်းအရ အမျိုးသားဦးရေထက် အမျိုးသမီးဦးရေက ပိုများနေသည် (ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ))
မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံးအကြိမ် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို ၂၀၁၄ ခုနှစ်အတွင်းက အစိုးရက ပြန်လည်ကောက်ယူနိုင်ခဲ့သည်။
သန်းခေါင်စာရင်းသစ်အရ မြန်မာနိုင်ငံ၏လူဦးရေသည် ၃၁ နှစ်အတွင်း ၁၆ သန်းကျော် တိုးလာခဲ့ပြီး ၁၉၈၃ စာရင်းအရ ၃၅ ဒသမ ၃ သန်းရှိသော လူဦးရေသည် ၂၀၁၄ တွင် ၅၁ ဒသမ ၄ သန်းဖြစ်လာခဲ့သည်။
၁၉၈၃ ရှေ့ပြေးလူဦးရေစာရင်းနှင့် ၂၀၁၄ ရှေ့ပြေးလူဦးရေစာရင်းများကို နှိုင်းယှဉ်ကြည့်ပါက ပြီးခဲ့သည့်နှစ်ပေါင်း ၃၀ ကျော်အတွင်း လူဦးရေဆိုင်ရာအပြောင်းအလဲများ၊ လူများရွှေ့ပြောင်း အခြေခံမှုပုံစံများ အပါအ၀င် တိုင်းပြည်တွင် ပြောင်းလဲမှုများဖြစ်ပွားခဲ့ကြောင်း တွေ့ရမည်ဖြစ်သည်။
အမျိုးသမီးအရေအတွက် များပြားနေဆဲ အာရှတိုင်းပြည်တစ်ပြည်
အာရှနိုင်ငံအချို့တွင် မြင်တွေ့ရလေ့ရှိသည့် မိသားစုဝင်များအတွင်း မိန်းကလေးများထက် ယောက်ျားလေးများကို ဦးစားပေးရွေးချယ်သည့် ဓလေ့သည် မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ပြင်းပြင်းထန်ထန်ရှိမနေကြောင်း လူဦးရေစာရင်းက ဆက်လက်သက်သေပြနေခဲ့သည်။
တရုတ်၊ အိန္ဒိယ အစရှိသည့် အိမ်နီးချင်းနိုင်ငံများတွင် အမျိုးသားဦးရေက အမျိုးသမီးဦးရေထက် သိသိသာသာများပြားနေခဲ့သော်လည်း မြန်မာနိုင်ငံတွင်တော့ ပြောင်းပြန်ဖြစ်ခဲ့သည်။
၂၀၁၄ ရှေ့ပြေးလူဦးရေစာရင်းတွင် လွန်ခဲ့သည့်နှစ်ပေါင်း ၃၀ ကျော်က စာရင်းများအတိုင်း မြန်မာနိုင်ငံ၏အမျိုးသမီးဦးရေသည် အမျိုးသားဦးရေထက် များပြားနေဆဲဖြစ်သည်။
တစ်နိုင်ငံလုံးအတိုင်းအတာအရ လူဦးရေ ၃၅ ဒသမ ၃ သန်းရှိသည့် ၁၉၈၃ ရှေ့ပြေးသန်းခေါင်စာရင်းတွင် အမျိုးသမီးအရေအတွက်သည် အမျိုးသားအရေအတွက်ထက် သုံးသိန်းနီးပါးများပြားခဲ့သည်။
အလားတူ လူဦးရေ ၅၁ ဒသမ ၄  သန်းရှိသည့် ၂၀၁၄ ရှေ့ပြေးသန်းခေါင်စာရင်းတွင် အမျိုးသမီးအရေအတွက်သည် အမျိုးသားအရေအတွက်ထက် ၁ ဒသမ ၇ သန်းကျော် များပြားနေဆဲဖြစ်သည်။
နှစ် ၃၀ ကျော်အတွင်း မြန်မာနှင့် အိမ်နီချင်းများ လူဦးရေတိုးနှုန်း
မြန်မာအစိုးရက ထုတ်ပြန်ခဲ့သည့် ၂၀၁၄ ရှေ့ပြေးလူဦးရေစာရင်းအရ မြန်မာနိုင်ငံ၏ လူဦးရေစာရင်းသည် ပြီးခဲ့သည့် နှစ်ပေါင်း ၃၀ ကျော်ကရှိခဲ့သည့် အရေအတွက်ထက် ၄၅ ဒသမ ၆ ရာခိုင်နှုန်း တစ်နည်းအားဖြင့် လူဦးရေ ၁၆ သန်းကျော် တိုးလာခဲ့သည်။
အဆိုပါ လူဦးရေတိုးနှုန်းသည် အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက အလယ်အလတ်အဆင့်တွင် ရှိနေခဲ့သည်။ နယ်မြေချင်းထိစပ်နေသည့် တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် လာအိုနိုင်ငံများ၏ လူဦးရေနှင့် မြန်မာနိုင်ငံ၏ လူဦးရေစာရင်းတွင် ကုန်းတွင်းပိတ်နိုင်ငံဖြစ်သည့် လာအိုတစ်နိုင်ငံတည်းသာ မြန်မာထက် လူဦးရေလျော့နည်းနေသည်။
သို့ရာတွင် ပြီးခဲ့သည့် နှစ်ပေါင်း ၃၀ ခန့်အတွင်း လူဦးရေတိုးနှုန်းကို လေ့လာပါက လာအိုက မြန်မာထက် လူဦးရေတိုးပွားသည့် ရာခိုင်နှုန်းတွင် ၅၃ ရာခိုင်နှုန်းခန့် များပြားခဲ့သည်။
မြန်မာနိုင်ငံ၏ လူဦးရေ ၃၅ ဒသမ ၃ သန်းရှိသည့် ၁၉၈၃ ခုနှစ်တွင် လာအိုနိုင်ငံ၏လူဦးရေသည် မြန်မာနိုင်ငံ၏ ဆယ်ပုံတစ်ပုံခန့်ဖြစ်သည့် ၃ ဒသမ ၄ သန်းခန့်သာ ရှိခဲ့သည်။
မြန်မာနိုင်ငံ၏ လူဦးရေသည် ၂၀၁၄ ရှေ့ပြေးစာရင်းများအရ ၅၁ ဒသမ ၄ သန်းဖြစ်လာချိန်တွင် လာအိုနိုင်ငံ၏လူဦးရေသည် လွန်ခဲ့သည့် နှစ် ၃၀ ကထက် တစ်ဆတိုးလာခဲ့ပြီး ၆ ဒသမ ၈ သန်း ဖြစ်လာခဲ့သည်။
ပြီးခဲ့သည့် နှစ်ပေါင်း ၃၀ အတွင်း မြန်မာနိုင်ငံသည် ၁၉၈၃ ခုနှစ်ကရှိခဲ့သည့် လူဦးရေ၏ ၄၅ ဒသမ ၆ ရာခိုင်နှုန်းတိုးလာခဲ့ပြီး လာအိုနိုင်ငံကမူ နှစ်ပေါင်း ၃၀ အတွင်း ၁၉၈၃ ခုနှစ်ကရှိခဲ့သည့် လူဦးရေ၏ ၉၉ ရာခိုင်နှုန်းခန့် တိုးလာခဲ့သည်။
အံ့အားသင့်စေလောက်သည့် ပြည်ပထွက်ခွာမှုကိန်းဂဏန်း
အပျော်သောက်အချိုရည်ကို ကာကိုလာမှအစ  ရုပ်သံဖမ်းစက်အလယ် ဇိမ်ခံမော်တော်ယာဉ်တင်သွင်းမှုအဆုံး နိုင်ငံခြားသွင်းကုန်များ တင်သွင်းမှုကို တင်းတင်းကျပ်ကျပ် တားမြစ်ထားသော ဆိုရှယ်လစ်အစိုးရလက်ထက်တွင် ပြည်ပထွက်ခွာမှုကိုလည်း တင်းတင်းကျပ်ကျပ်စိစစ်ခဲ့သည်။
ဆိုရှယ်လစ်အစိုးရလက်ထက်က ကောက်ယူခဲ့သည့် ၁၉၈၃ ရှေ့ပြေးလူဦးရေစာရင်းတွင် နိုင်ငံခြားရောက် မြန်မာနိုင်ငံသားအရေအတွက်သည် ၇၇၁၆ ဦးရှိကြောင်း အစိုးရကထုတ်ပြန်ခဲ့သည်။
နေရာအစုံလွှမ်းခြုံစာရင်း ကောက်ယူနိုင်မှုနှင့် တိကျမှုတို့တွင် ၁၉၈၃ သန်းခေါင်စာရင်းသည် ၂၀၁၄ သန်းခေါင်စာရင်းလောက် အားမကောင်းခဲ့ဟု ဆိုနိုင်သော်လည်း နှစ်ပေါင်း ၃၀ အတွင်း ပြင်ပသို့ မြန်မာနိုင်ငံသားအများအပြား ထွက်ခွာသွားကြောင်း စာရင်းများက သက်သေပြနေခဲ့သည်။
ပြည်ပသို့ရောက်ရှိနေသည့် မြန်မာနိုင်ငံသားအရေအတွက်ကို ၂၀၁၄ ရှေ့ပြေးလူဦးရေစာရင်း ထုတ်ပြန်ရာတွင် အစိုးရက ထည့်သွင်းဖော်ပြခဲ့ခြင်းမရှိဘဲ နိုင်ငံခြားရောက် မြန်မာသံဝန်ထမ်းများနှင့် မိသားစုဝင်များ၏ အရေအတွက်ကိုသာ ထည့်သွင်းဖော်ပြခဲ့သည်။
၁၉၈၃ တွင် အစိုးရထုတ်ပြန်ခဲ့သည့် ရှေ့ပြေးလူဦးရေစာရင်းအရ တိုင်းပြည်လူဦးရေ၏ ၀ ဒသမ ၀၂ ရာခိုင်နှုန်းခန့်ဖြစ်သော ၇၇၁၆ ဦးသာ နိုင်ငံရပ်ခြားသို့ ရောက်ရှိနေခဲ့ခြင်းဖြစ်သည်။
အဆိုပါအရေအတွက်သည် နှစ်သုံးဆယ်အကြာ ၂၀၁၄ တွင် ဂျပန် (သို့) တောင်ကိုရီးယားတစ်နိုင်ငံတည်းသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားအရေအတွက်လောက်ပင် ရှိသည်။
နှစ်ပေါင်းသုံးဆယ်အကြာတွင် ၁၉၈၃ သန်းခေါင်စာရင်းက ဖော်ပြခဲ့သည့် အရေအတွက်ထက် အဆပေါင်းများစွာ ပိုများသည့် သန်းနှင့်ချီသော မြန်မာနိုင်ငံသားများ တိုင်းပြည်မှ ထွက်ခွာသွားခဲ့ကြသည်။
‘‘တိုင်းပြည်ထဲက လယ်ယာလုပ်တဲ့သူတွေ တော်တော်များများ လယ်ထဲကနေ နိုင်ငံခြားရောက်ကုန်ကြတယ်။ ဒီနှစ်တွေထဲမှာ ပြည်တွင်းစစ်က ပြင်းပြင်းထန်ထန်ဖြစ်ခဲ့တာရော၊ ရာသီဥတုပြဿနာရော၊ လယ်သိမ်းယာသိမ်းလို နိုင်ငံရေးပြဿနာတွေကြောင့်ရော တိုင်းပြည်ထဲက ထွက်သွားကြတဲ့သူတွေ တော်တော်များတယ်’’ဟု မလေးရှားနိုင်ငံရှိ အလုပ်သမားများအား ကူညီဆောင်ရွက်နေသည့် ဦးဉာဏ်လင်းကပြောသည်။
နိုင်ငံတကာရွှေ့ပြောင်းအလုပ်သမားအဖွဲ့၏ ၂၀၀၉ ခုနှစ်အတွင်း ခန့်မှန်းချက်တွင် မြန်မာနိုင်ငံလူဦးရေ၏ ၁၀ ရာခိုင်နှုန်းဖြစ်သော လူဦးရေငါးသန်းမှ ငါးသန်းခွဲခန့်သည် ပြည်ပသို့ရောက်ရှိနေသည်ဟု ဆိုသည်။ အများစုမှာ ထိုင်းနှင့် မလေးရှားနိုင်ငံများသို့ ဦးတည်ထွက်ခွာသွားခြင်းဖြစ်သည်။
ပြည်မထက် လူဦးရေတိုးနှုန်းများသည့် နယ်စပ်ဒေသများ
နှစ်ပေါင်း ၃၀ အတွင်း လူဦးရေတိုးပွားလာသည့်နှုန်းမှာ အိမ်နီးချင်းနိုင်ငံများနှင့် ထိစပ်နေသည့် ပြည်နယ်များသည် ကုန်းတွင်းပိုင်းရှိ တိုင်းနှင့် ပြည်နယ်များထက် ပိုမိုများပြားလာခဲ့သည်။
တရုတ်နိုင်ငံနှင့်နယ်နိမိတ်ချင်းထိစပ်နေသည့် ကချင်နှင့် ရှမ်းပြည်နယ်များ၏ လူဦးရေတိုးနှုန်းသည် တစ်နိုင်ငံလုံးအတိုင်းအတာအရ အများဆုံးစာရင်းတွင် ၀င်ခဲ့သည်။
ကချင်ပြည်နယ်တွင် ၁၉၈၃ ခုနှစ်က ထုတ်ပြန်ခဲ့သည့်လူဦးရေထက် ၈၇ ရာခိုင်နှုန်းတစ်နည်းအားဖြင့် လူရှစ်သိန်းနီးပါး တိုးလာခဲ့သည်။ ရှမ်းပြည်နယ်တွင်လည်း ၁၉၈၃ ခုနှစ်က ထုတ်ပြန်ခဲ့သည့် လူဦးရေထက် ၅၆ ရာခိုင်နှုန်း တစ်နည်းအားဖြင့် လူ ၂ ဒသမ ၁ သန်းနီးပါး တိုးလာခဲ့သည်။
အလားတူ ထိုင်းနိုင်ငံနှင့်ထိစပ်နေသည့် ကရင်၊ ကယားပြည်နယ်များနှင့် တနင်္သာရီတိုင်းများတွင်လည်း လူဦးရေတိုးနှုန်း သိသိသာသာပိုလာခဲ့သည်။

ကရင်ပြည်နယ်တွင် ၁၉၈၃ ခုနှစ်က ထုတ်ပြန်ခဲ့သည့် လူဦးရေထက် ၄၉ ရာခိုင်နှုန်း တစ်နည်းအားဖြင့် လူငါးသိန်းကျော်၊ ကယားပြည်နယ်တွင် ၁၉၈၃ ခုနှစ်က ထုတ်ပြန်ခဲ့သည့် လူဦးရေထက် ၇၀ ရာခိုင်နှုန်းတစ်နည်းအားဖြင့် လူ ၁ ဒသမ ၁ သိန်းကျော် တိုးလာခဲ့သည်။
မြန်မာနိုင်ငံ၏ အနောက်ဘက်ကမ်းခြေဒေသဖြစ်ပြီး လူဦးရေသန်း ၁၆၀ ကျော်ရှိသည့် ဘင်္ဂလားဒေ့ရှ်နှင့် နယ်စပ်ချင်းထိစပ်နေသည့် ရခိုင်ပြည်နယ်တွင်လည်း ၁၉၈၃ ခုနှစ်က ထုတ်ပြန်ခဲ့သည့် လူဦးရေထက် ၅၆ ရာခိုင်နှုန်း တစ်နည်းအားဖြင့်  လူ ၁ ဒသမ ၁သန်းကျော် တိုးလာခဲ့သည်။
နယ်စပ်ပြည်နယ်များ၏ လူဦးရေတိုးနှုန်း သိသိသာသာများပြားခဲ့သော်လည်း နယ်စပ်ချင်းထိမနေသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့၏ လူဦးရေတိုးနှုန်းသည် ၃၀ ရာခိုင်နှုန်းအောက်သာ ရှိခဲ့သည်။
အထူးသဖြင့် စိုက်ပျိုးရေးကို အခြေခံလုပ်ကိုင်ခဲ့ကြသည့် ဒေသများ၏ လူဦးရေတိုးနှုန်းသည် နယ်စပ်ပြည်နယ်များနှင့်ယှဉ်ပါက သိသိသာသာ လျှော့နည်းခဲ့သည်။
မြန်မာနိုင်ငံ၏ စပါးကျီအဖြစ် တင်စားခဲ့ကြသည့် ဧရာဝတီတိုင်းဒေသကြီး၏ လူဦးရေသည် ၁၉၈၃ ခုနှစ်က ထုတ်ပြန်ခဲ့သည့် လူဦးရေထက် ၂၄ ရာခိုင်နှုန်း တစ်နည်းအားဖြင့် လူ ၁ ဒသမ ၁ သန်းကျော်သာ တိုးလာခဲ့သည်။ ၁၉၈၃ တွင် တစ်နိုင်ငံလုံးလူဦးရေ၏ ၁၄ ရာခိုင်နှုန်းသည် ဧရာဝတီတိုင်းတွင် နေထိုင်ကြသူများဖြစ်သော်လည်း ၂၀၁၄ အရောက်တွင် ၁၂ ရာခိုင်နှုန်းသာ ရှိတော့သည်။
အလားတူ ဆီထွက်သီးနှံကို အဓိကထားစိုက်ပျိုးသည့် မကွေးတိုင်းဒေသကြီးတွင်လည်း ၁၉၈၃ ခုနှစ်က တိုင်းပြည်လူဦးရေ၏ ၉ ရာခိုင်နှုန်းခန့် နေထိုင်ကြသော်လည်း ၂၀၁၄ ခုနှစ်အရောက်တွင် ၇ ဒသမ ၆ ရာခိုင်နှုန်းခန့်သာ နေထိုင်တော့သည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့် တိုင်းပြည်တစ်ခုဖြစ်သောကြောင့် စာရင်းဇယားများအရ စိုက်ပျိုးရေးလုပ်ကိုင်သည့်ဒေသများမှ လူအများထွက်ခွာသွားခြင်းကို အစိုးရအနေဖြင့် ဖိဖိစီးစီးကိုင်တွယ်သင့်ကြောင်း စားနပ်ရိက္ခာဖူလုံမှု  ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(FSWG)၏ မူဝါဒရေးရာအရာရှိ ဦးရှုမောင်က ပြောသည်။
‘‘အစိုးရဘက်ကလည်း အရေးတယူလုပ်သင့်တယ်။ မဖြေရှင်းဘဲ အခက်အခဲအားလုံး ဆုံလာရင်တော့ တိုင်းပြည်မှာ ပြဿနာအကြီးကြီး ဖြစ်လာလိမ့်မယ်’’ဟု ဦးရှုမောင်ကပြောသည်။
ထို့အပြင် စိုက်ပျိုးရေးအဓိကလုပ်ဆောင်သည့် ပဲခူးတိုင်းနှင့် မွန်ပြည်နယ်များ၏ လူဦးရေသည်လည်း ၂၀၁၄ ခုနှစ်အရောက်တွင် ၁၉၈၃ ကနှုန်းထက် လျှော့နည်းခဲ့သည်။
လက်ရှိအနေအထားတွင် ရာသီဥတုမမှန်ခြင်း၊ လယ်မြေသိမ်းခံရခြင်းနှင့် အခြားသော အကြောင်းအရာများကြောင့် တိုင်းပြည်၏ လယ်ယာစီးပွားရေးနှင့် စိုက်ပျိုးတောင်သူများ၏ အခြေအနေသည် သေရေးရှင်ရေးဖြစ်နေပြီဖြစ်ကြောင်း စားနပ်ရိက္ခာဖူလုံမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ မူဝါဒရေးရာအရာရှိက သတိပေးခဲ့သည်။
လူဦးရေ ၅၀ ရာခိုင်နှုန်း= နိုင်ငံဧရိယာ ၂၅ ရာခိုင်နှုန်း
၂၀၁၄ သန်းခေါင်စာရင်းအရ တိုင်းပြည်လူဦးရေ၏ ထက်ဝက်ခန့်ဖြစ်သော ၂၆ သန်းကျော်သည် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ဧရာဝတီနှင့် စစ်ကိုင်း စသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် နေထိုင်ကြခြင်းဖြစ်သည်။
တစ်နည်းအားဖြင့် တစ်နိုင်ငံလုံးအကျယ်အ၀န်း၏ လေးပုံတစ်ပုံခန့်တွင် တစ်နိုင်ငံလုံးလူဦးရေ၏ ထက်ဝက်ခန့် နေထိုင်နေကြခြင်းဖြစ်သည်။
အထူးသဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြို့တော်သစ်ဖြစ်လာခဲ့သည့် နေပြည်တော်နှင့် မြို့တော်ဟောင်း ရန်ကုန်တို့တွင် လူဦးရေသိသိသာသာတိုးလာခဲ့သည်။
ကမ္ဘာပေါ်တွင် အလျင်မြန်ဆုံးတိုးတက်လာသည့် မြို့တော် ၁၀ ခုစာရင်းဝင် နေပြည်တော်တွင် လူဦးရေတစ်သန်းကျော် နေ့ချင်းညချင်း တိုးပွားလာခဲ့သည်။
စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်သည် ၁၉၈၃ ခုနှစ်က တစ်နိုင်ငံလုံးလူဦးရေ၏ ၁၁ ဒသမ ၂ ရာခိုင်နှုန်းခန့်သာ နေထိုင်ခဲ့သော်လည်း ၂၀၁၄ အရောက်တွင် တစ်နိုင်ငံလုံးလူဦးရေ၏ ၁၄ ဒသမ ၃ ရာခိုင်နှုန်း နေထိုင်ရာအရပ်တစ်ခု ဖြစ်ခဲ့သည်။
‘‘ရွှေ့ပြောင်းလုပ်သားလို့ဆိုရာမှာ နိုင်ငံပြင်ပတင်မဟုတ်တော့ဘူး။ ရန်ကုန်လိုမြို့ပေါ်ကို တက်လာကြတာ တော်တော်များလာတယ်။ အဲဒီတော့ ပြဿနာဘာဖြစ်လာလဲဆိုတော့ တိုင်းပြည်က စိုက်ပျိုးရေးကိုအခြေခံတာဆိုတော့ စိုက်ပျိုးရေးကဏ္ဍမှာ ကျွမ်းကျင်လုပ်သားရှားလာတယ်။ နောက်ပြီး စားနပ်ရိက္ခာနဲ့ဆိုင်တဲ့ပြဿာနာတွေလည်း ရေရှည်မှာ ကြုံလာရနိုင်တယ်’’ဟု စားနပ်ရိက္ခာဖူလုံမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (FSWG)၏ မူဝါဒရေးရာအရာရှိ ဦးရှုမောင်ကပြောသည်။
နှစ်ပေါင်း ၃၀ ကျော်ကြာ မကောက်ယူနိုင်ခဲ့သည့် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို အစိုးရက ၂၀၁၄ တွင် ပြန်လည်ကောက်ယူခဲ့ပြီး ပြည်တွင်းတွင်ရှိနေသူဦးရေကိုလည်း ထုတ်ပြန်နိုင်ခဲ့သည်။
ပြီးခဲ့သည့် နှစ်ပေါင်း ၃၀ အတွင်း ပြည်ပထွက်ခွာသည့် မြန်မာနိုင်ငံသား အဆမတန်များပြားခဲ့သလို ပြည်မများမှ ထွက်ခွာသွားသည့် အရေအတွက်လည်း များပြားခဲ့သည်။ ပြည်ပရောက် နိုင်ငံသားစာရင်းပါဝင်ပါက မြန်မာနိုင်ငံသားဦးရေသည် ယခုထက် ပိုလာမည်လည်းဖြစ်သည်။
လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ အတွင်း မြန်မာနိုင်ငံများ၏ ရွှေ့ပြောင်းသွားလာမှုများသည် မြို့ပြများ၊ နိုင်ငံရပ်ခြားနှင့် နယ်စပ်ပြည်နယ်များဆီသို့ ဦးတည်နေခဲ့သည်. 7 DAY NEWS

Friday, 19 September 2014

နငသပြုခွင့်ရသည့် ဘင်္ဂါလီများကျမ်းကျိန်ရမည်

နိုင်ငံသားဖြစ်ခွင့်နှင့် နိုင်ငံသားပြုခွင့်ရသည့် ဘင်္ဂါလီများ ကတိပြုကျမ်းကျိန်မည်

 မြန်မာနိုင်ငံသားဖြစ်ခွင့် လျှောက်ထားသူ ဘင်္ဂါလီလူမျိုး တစ်ထောင်ကျော်ရှိသည့်အနက် အစိုးရက နှစ်ရာကျော်ကို နိုင်ငံသားဖြစ်ခွင့်နှင့် နိုင်ငံသားပြုခွင့် ပေးလိုက်ပြီဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ သတင်းရရှိသည်။
နိုင်ငံသားဖြစ်ခွင့်နှင့် နိုင်ငံသားပြုခွင့်ပေးလိုက်သည့် ဘင်္ဂါလီ ၂၀၉ ဦးကို စက်တင်ဘာ ၂၂ ရက်တွင် ကတိပြုကျမ်းကျိန်မည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက အတည်ပြုပြောကြားသည်။
‘‘ဗဟိုက စိစစ်ခွင့်ပြုပေးလိုက်တာပါ။ နိုင်ငံသားဖြစ်ခွင့် အယောက် ၄၀၊ နိုင်ငံသားပြုခွင့်  အယောက် ၁၆၉ ရှိပါတယ်။ ၁၉၈၂ ဥပဒေပါ ပုဒ်မ ၆ နဲ့ ညီတဲ့ အတွက် ခွင့်ပြုလိုက်တာပါ။ ကျမ်းကျိန်ပြီးရင်တော့ အသိအမှတ်ပြု ကတ်ပြားတစ်ခုခု ရမှာပါ’’ ဟု အထက်ပါပုဂ္ဂိုလ်ကရှင်းပြသည်။
ဘင်္ဂါလီများ နိုင်ငံသားပြုခွင့် လျှောက်ထားမှုကို ယခုနှစ် ဇွန် ၁၅ ရက်မှစတင်ပြီး မြေပုံမြို့နယ်ကို စမ်းသပ်ဧရိယာအဖြစ် သတ်မှတ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လျှောက်ထားသူ ၁,၀၉၄ ဦး ရှိခဲ့သည်။
၁၉၈၂ ဥပဒေအရ ဗဟိုက ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး မျိုးရိုးစဉ်ဆက်များကို စိစစ်သည့်အခါ ဥပဒေပါပုဒ်မ ၆ နှင့် ကိုက်ညီ၍ ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် နိုင်ငံသားဖြစ်ခွင့်ကို သုံးမျိုးပေးထားပြီး နိုင်ငံသားဖြစ်ခွင့်၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားဖြစ်ခွင့်ရသူဟူ၍ ဖြစ်သည်။
‘‘တခြားကိစ္စတော့ သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ ဆိုင်ပါတယ်။ ရွေးကောက်ပွဲကော်မတီက နိုင်ငံသားပြုခွင့်ရသူတွေက  မဲ ပေးခွင့်ရတယ်။ ပါတီထောင်ခွင့်ရှိတယ်လို့ဆိုရင် အဲဒီလူတွေက အဲဒီအခွင့်အရေးရမှာပေါ့။ ဘယ်ဝန်ကြီးဌာနပဲဖြစ်ဖြစ် အလုပ်ပဲ ခေါ်ခေါ်၊ ဘာပဲလုပ်လုပ် နိုင်ငံသားဖြစ်ရမယ်။ တိုင်းရင်းသားလူမျိုးဖြစ်ရမယ်၊ အဲဒီအတိုင်းပဲ သွားမယ်’’ဟု ၎င်းကပြောသည်။
ဘင်္ဂါလီလူမျိုးများကို နိုင်ငံသားဖြစ်ခွင့်ရွေးချယ်ရာတွင် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့်နှင့် ဗဟိုအဆင့်သုံးမျိုးခွဲခြား ဆောင်ရွက်ခဲ့သည်။ ပြည်နယ်အဆင့် စစ်ဆေးရာတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့ နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ဥပဒေအရာရှိ၊ မြို့နယ်ဦးစီးမှူး၊ ဒေသခံ ရခိုင်နှင့် ဘင်္ဂါလီ ကိုယ်စားလှယ် တစ်ဦးစီထားကာ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
ပြည်နယ်မှ စိစစ်ပြီး စာရင်းများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အား ၀န်ကြီးဌာနမှ ပြန်လည်စိစစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန စသည့် ၀န်ကြီးဌာန လေးခု ပါဝင်သော ကော်မတီက ပြန်လည်စိစစ်ခွင့်ပြုပေးခြင်း ဖြစ်သည်။
သန်းခေါင်စာရင်းကောက်ယူစဉ်တွင် ဘင်္ဂါလီလူမျိုးများက ရိုဟင်ဂျာလူမျိုးအဖြစ် စာရင်းသွင်းခွင့်တောင်းဆိုခြင်းကြောင့် ထည့်သွင်းကောက်ယူမှု မရှိခဲ့ ချေ။ ရခိုင်ပြည်နယ်တွင် သန်းခေါင်စာရင်းကောက်ယူမှုမရရှိခဲ့၍ လ၀က၀န်ကြီးဌာန၏ ခန့်မှန်းတွက်ချက်မှုအရ ဘင်္ဂါလီဦးရေ တစ်သန်းကျော် ရှိမည်ဟု ရှေ့ ပြေးလူဦးရေစာရင်းတွင် ခန့်မှန်းထားသည်။
7 DAY NEWS

Wednesday, 17 September 2014

ရသမျှ ငါတို့ယူ....ဖြစ်သမျှ မင်းတို့ခံ

ဘယ်သူတာဝန်ယူမလဲ၊ ဘယ်သူတာဝန်ခံမလဲ (၁)

"ခြစားမှုတွေကို စစ်ဆေးအရေးမယူလျှင် လက်ရှိအစိုးရကတာဝန်ခံရလိမ့်မည်" ဆိုတာက စက်တင်ဘာ ၁၁ ရက်ထုတ် ပြည်သူ့ခေတ်ဂျာနယ် အယ်ဒီတာ့အာဘော်ဖြစ်ပါတယ်။

တာဝန်ယူထားတဲ့အစိုးရက တာဝန်ခံမှုကိုတော့ မဖြစ်မနေလုပ်ရမှာပါ။ ဒီအပေါ်မှာထပ်ဖြည့်ပြောလာတာက ခြစားမှုတွေတင်မဟုတ်ဘဲ စီမံခန့်ခွဲမှု အမှားတွေလုပ်တဲ့သူတွေဟာလည်း ကိုယ်တိုင်တာဝန်ခံကြရမယ်၊ တာဝန်လည်းယူသင့်နေပါပြီဆိုပြီး ပြောလာခဲ့ကြတာပါ။

လက်ရှိ ဒီမိုကရေစီအစိုးရလက်ထက်မှာ စီမံခန့်ခွဲခွင့်ရှိသူတချို့ဟာ မဟာဗျူဟာမရှိ၊ နည်းပညာမရှိဘဲ အများကြိုက်မယ်လို့ စိတ်ထဲထင်တာတွေကို စမ်းတ၀ါးဝါးလျှောက်လုပ်ခဲ့ကြတာတွေ ရှိတယ်ဆိုတာကိုလည်း ဥပမာတွေနဲ့ ထင်ထင်ရှားရှားထောက်ပြခဲ့ကြပါတယ်။

အဲ့ဒီလိုအများကြိုက်မယ်ထင်တာတွေကို ဗျူဟာမရှိဘဲလုပ်ခဲ့လို့ ဖြစ်ပေါ်လာတဲ့ဒုက္ခတွေကိုတော့ ပြည်သူကပဲ ခါးစည်းခံရတာပါ။

လက်ရှိ ရန်ကုန်မြို့က ယာဉ်ကြောပိတ်ဆို့မှု၊ ဘာမှပြောင်းလဲမှုမရှိသေးတဲ့ သယ်ယူပို့ဆောင်ရေစနစ်၊ လမ်းနဲ့မဆံ့၊ လမ်းလည်းမချဲ့နိုင်၊ မိုးပျံလမ်းတွေလည်း မလုပ်နိုင်ဘဲနဲ့၊ လုပ်ဖို့လည်းဗျူဟာမရှိ၊ အစီအစဉ်မဆွဲရသေးပဲနဲ့ အများကြိုက်မယ်ထင်ပြီး တံခါးမရှိ ဓားမရှိ ကားတင်သွင်းခွင့်ပြုခဲ့တာကိုကြည့်တာနဲ့တင် စီမံခန့်ခွဲမှုအမှားတွေ ဘယ်လောက်များခဲ့တယ်ဆိုတာ ဒီဥပမာနဲ့တင်လုံလောက်နေပါတယ်။

ယနေ့ ရန်ကုန်မြို့မှာ လမ်းမူဝါဒမလုပ်သေးဘဲ ကားမူဝါဒကိုအရင်ချမှတ်ခဲ့သူများကြောင့် အလုပ်အသွားအပြန် ဘတ်စ်ကားစီးသူအများစုဟာ သူတို့သက်တမ်းရှစ်ပုံတစ်ပုံနီးပါးလောက်ကို ဘတ်စ်ကားပေါ်မှာပဲ အချိန်ကုန်နေကြရသူတွေများလာပါပြီ။ ပျမ်းမျှတစ်ရက်ကို သုံးနာရီလောက်ကြာအောင် ဘတ်စ်ကားစီးဖို့ အချိန်ပေးနေကြရတဲ့သူတွေ တိုးလာပါပြီ။

ကားတင်သွင်းခွင့်ပြုလိုက်တဲ့အတွက် ကားဈေးတွေဟာ အရင်ကထက် ငါးပုံတစ်ပုံလောက်အထိကို ထိုးဆင်းသွားတဲ့အပေါ်မှာတော့ ကောင်းမွန်တဲ့ပြောင်းလဲမှုအဖြစ် ကြိုဆိုကြပါတယ်။ အထူးသဖြင့် အများပြည်သူသုံးဘတ်စ်ကား၊ ကုန်ကားဈေးတွေ ကျဆင်းသွားတဲ့အတွက် ပိုကောင်းမွန်ခဲ့ပါတယ်။

ဒါပေမဲ့ ကားအစီးရေနဲ့တန်တဲ့ လမ်းချဲ့ထွင်မှုပိုင်းနဲ့ဆိုင်တဲ့ လမ်းမူဝါဒချို့ယွင်းခဲ့တဲ့အပေါ်မှာတော့ ဘယ်သူက ဘယ်လိုတာဝန်ယူမလဲ၊ တာဝန်ခံမလဲ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနဲ့ ဦးအောင်မင်းကို မေးခွန်းတွေထုတ်လာခဲ့ကြပါပြီ။

ကြိုဆိုစရာရှိတာကိုလည်း ကြိုဆိုကြသလို ထောက်ပြစရာရှိတာကိုလည်း မေးကြတာပါ။

ဦးစိုးသိန်းကို ဘာကြောင့်မေးတာလဲ

လက်ရှိဝန်ကြီးဌာနတိုင်းရဲ့ စီးပွားရေးဆိုင်ရာစီမံကိန်းတွေ၊ လုပ်ငန်းတွေ၊ စာချုပ်ချုပ်ဆိုလုပ်ဆောင်မှုတွေ၊ လျှပ်စစ်စီမံကိန်းစာချုပ်တွေအားလုံး မဖြစ်မနေတင်ပြကြရတာက ပြည်ထောင်စုအစိုးရအဖွဲ့ စီးပွားရေးရာကော်မတီကိုတင်ပြရတာဖြစ်သလို နိုင်ငံ့စီးပွားရေးကဏ္ဍအတွက် အင်မတန်အရေးပါတဲ့ကော်မတီဖြစ်ပါတယ်။

ပြည်ထောင်စုအစိုးရအဖွဲ့ စီးပွားရေးရာကော်မတီရဲ့ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းဖြစ်ပါတယ်။ ကားမူဝါဒချမှတ်စဉ်တုန်းကလည်း ဦးစိုးသိန်းပါဝင်ပါတယ်။ ခုံးကျော်တုန်းကလည်း ဦးစိုးသိန်းပဲရှင်းခဲ့တာပါ။ စင်ကာပူလိုဖြစ်အောင်လုပ်မယ်လို့လည်း ဦးစိုးသိန်းပဲပြောခဲ့တာပါ။ ဒလဘက်ကမ်းကို မြို့မချဲ့ဘူးလို့လည်းပြောတာ ဦးစိုးသိန်းပါ၊ လျှပ်စစ်စီမံကိန်းတွေအတွက် စာချုပ်တွေကိုတင်ပြရတာလည်း ဦးစိုးသိန်းရဲ့ကော်မတီကိုပါ။ နိုင်ငံတော်မြေကွက်တွေ၊ စက်ရုံတွေကို ပုဂ္ဂလိကလွှဲရင်၊ ပုဂ္ဂလိကငှားရင် တင်ပြရတာလည်း ဦးစိုးသိန်းရဲ့ကော်မတီကိုပါ။ အခုလက်ရှိ ဆက်သွယ်ရေးကဏ္ဍ စာချုပ်စာတမ်းချုပ်ဆိုမှုတွေကိုလည်း ၀န်ကြီးဦးစိုးသိန်း ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားတဲ့ ကော်မတီကိုပဲ တင်ပြရတာပါ။ ခြုံကြည့်လိုက်မယ်ဆိုရင် နိုင်ငံ့စီးပွားရေးနဲ့ပတ်သက်တဲ့ကိစ္စမှန်သမျှ ဦးစိုးသိန်းကော်မတီက အဓိကတာဝန်ယူထားသလို အဓိကတာဝန်ရှိပါတယ်။

အဲဒီအတွက် အခု ကားမူဝါဒ၊ ခုံးကျော်၊ လမ်းမူဝါဒတွေအတွက် အစအဆုံးပါဝင်ခဲ့တဲ့ အဓိကတာဝန်ရှိသူဖြစ်နေလို့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကို မေးကြတာလို့ဆိုကြပါတယ်။

သမ္မတရဲ့ လက်ရုံးနှစ်ဆူဦးဆောင်ခဲ့တဲ့ ကားမူဝါဒပြောင်းပွဲ

၂၀၁၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်က နေပြည်တော်ရထားပို့ဆောင်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမမှာ ကားမူဝါဒပြောင်းလဲမယ့်အကြောင်း တရားဝင်ရှင်းလင်းခဲ့ပါတယ်။

မှတ်မှတ်ရရ ဧရာဝတီမြစ်ဆုံစီမံကိန်းကို မဖြစ်ဖြစ်အောင်ဆက်လုပ်မယ်လို့ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းပြောသွားတဲ့ ရှင်းလင်းပွဲပါ။

အများပြည်သူနဲ့ လုပ်ငန်းရှင်တွေကြားမှာ နိုင်ငံတော်သမ္မတရဲ့ ဘယ်လက်ရုံးနဲ့ညာလက်ရုံးလို့သတ်မှတ်ပေးထားတဲ့ လက်ရှိသမ္မတရုံးပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ ဦးစိုးသိန်းတို့ ဦးဆောင်ရှင်းလင်းခဲ့ကြတာပါ။

"နိုင်ငံတော်သမ္မတကြီး၏လမ်းညွှန်မှုဖြင့် ပြည်သူလူထုအကျိုးစီးပွားကိုရှေးရှု၍" ဆိုပြီး ကားဟောင်းအပ် ကားသစ်အစားထိုးသွင်းတဲ့မူဝါဒကိုလုပ်မယ်လို့ ပြောခဲ့ကြပါတယ်။

ဒါပေမဲ့ တင်သွင်းလာလို့ ယာဉ်ကြောကျပ်တည်းမှုပြဿနာဖြစ်ရင် ဘယ်လိုဖြေရှင်းဖို့ စီစဉ်ထားပါတယ်ဆိုတာ မပြောနိုင်ခဲ့ကြဘူး။

ပြည်ထောင်စုဝန်ကြီးတွေကိုယ်တိုင် ချမှတ်ခဲ့တဲ့ကားမူဝါဒဆိုတော့ ခိုင်မာမယ်ထင်ခဲ့ကြပေမယ့် တကယ်တမ်းကိုယ်တိုင်ချမှတ်ခဲ့တဲ့မူဝါဒတွေကိုပဲ ကိုယ်တိုင်အကြိမ်ကြိမ် ပြန်ပြင်ခဲ့ကြတာ နောက်ဆုံး (၇) ကြိမ်လောက်အထိပြင်ခဲ့ရတာကိုကြည့်ရင် အစကတည်းက မူဝါဒတည်တည်ငြိမ်ငြိမ်မရေးဆွဲဘဲ လုပ်ခဲ့တဲ့တာက ပေါ်လွင်ခဲ့ပါတယ်။

လမ်းစီမံကိန်းမပါဘဲ ကားသွင်းခွင့်ကို ဘာကြောင့်စကိုင်ခဲ့သလဲလို့ ၀န်ကြီးဦးအောင်မင်းနဲ့ ဦစိုးသိန်းကို မေးလာခဲ့ကြတာပါ။

အလဲလဲအကွဲကွဲ ခုံးကျော်အစီအမံ

တင်သွင်းခွင့်ပြုပြီး နှစ်လအကြာ နိုဝင်ဘာလမှာလောက်အရောက်မှာပဲ ရန်ကုန်မြို့နေပြည်သူတွေ ကားကျပ်မှုဒဏ်ကို အလူးအလဲ ခံစားလာရပါပြီ။

ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကိုယ်တိုင် ရှင်းလင်းပွဲမှာ သူကိုယ်တိုင်လမ်းကျပ်မှုဒဏ်ကိုခံခဲ့ရကြောင်း နိုဝင်ဘာ ၂၈ ရက်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အဲဒီတော့မှ ရန်ကုန်မြို့ ယာဉ်ကြောကျပ်မှုကိုဖြေရှင်းဖို့ ခုံးကျော်တံတားလေးခုကို လေးလနဲ့အပြီးဆောက်မယ်၊ ရန်ကုန်ကို စင်ကာပူလိုဖြစ်အောင်လုပ်မယ်ဆိုပြီး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းဦးဆောင်ပြီး နိုဝင်ဘာ ၂၈ ရက်က နေပြည်တော်မှာကျင်းပတဲ့တွေ့ဆုံပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

လေးလနဲ့အပြီးဆောက်မယ်ပြောပေမယ့် ၂၀၁၂ မတ်လမှာ စတင်ခဲ့တဲ့လှည်းတန်းခုံးကျော်က ၂၀၁၃ ဧပြီ ၁၀ ရက်မှ စဖွင့်နိုင်ခဲ့တာပါ။ ကျန်တဲ့ခုံးကျော်တွေလည်း ဒီအတိုင်းပါပဲ။ ဒါကိုကြည့်တာနဲ့တင် ခုံးကျော်ဆောက်ဖို့လောက်ကလေးကိုတောင် ဒီဇိုင်း၊ တည်ဆောက်မယ့်ကြာချိန် အနီးစပ်ဆုံးလောက်ကိုတောင် ကြိုတင်တွက်ချက်မထားဘဲ ထလုပ်ခဲ့တယ်ဆိုတာ ပေါ်လွင်နေတာပါပဲ။

ခုံးကျော်တွေပြီးသွားလို့ ကားကျပ်တာလျော့သွားသလား ထောက်ပြလာကြတယ်။ ယာဉ်ထိန်းတပ်ဖွဲ့က တရားဝင်ပြောထားတာရှိပါတယ်။ ခုံးကျော်သုံးခုပြီးသွားပေမယ့် တစ်ကယ်တမ်း ကားကျပ်တာလျော့သွားတာ ရွှေဂုံတိုင်တစ်ခုပဲရှိပါတယ်တဲ့။

လှည်းတန်းခုံးကျော်ပြီးသွားတဲ့အတွက် လှည်းတန်းအစား ဟံသာဝတီအ၀ိုင်းနဲ့ မြေနီကုန်းမှာ ကားတွေပိုကျပ်သွားတယ်။ ဘုရင့်နောင်ခုံးကျော်ပြီးသွားတဲ့အတွက် ဘုရင့်နောင်တံတားမှာ ကားတွေတန်းစီပိတ်သွားတယ်။
ဒါကိုကြည့်ရင် ရေရှည်တစ်လမ်းလုံးမကြပ်အောင် ဘယ်လိုစီစဉ်မယ်ဆိုတာကို ထိရောက်မှန်ကန်တဲ့ စီမံခန့်ခွဲမှုမလုပ်ခဲ့ဘဲ ရေတိုဖြေရှင်းနည်းနဲ့ ထလုပ်ခဲ့တယ်လို့ပြောလို့ရသလို ဆောက်ခွင့်ရတဲ့ကုမ္ပဏီတွေကလည်း ပြည်ထောင်စုဝန်ကြီးနဲ့ နီးစပ်တဲ့သူတွေချည်းပါပဲ။ ဘာတင်ဒါမှမခေါ်ဘူး၊ ဒီအတိုင်းပေးလိုက်ကတည်းက မူဝါဒမရှိဘူးဆိုတဲ့သဘောဆောင်နေပါတယ်။

ဒါဆိုရင် ဒီခုံးကျော်တံတားစီမံခန့်ခွဲမှုအလွဲတွေအတွက်ရော ဘယ်သူတွေဘယ်လိုတာဝန်ခံမလဲ မေးလာကြပါပြီ။

ဒီနေ့ ရန်ကုန်ပြည်သူ

ကားကြပ်မှုဖြစ်နေပါတယ်၊ ပြည်သူတွေဒုက္ခရောက်နေပါတယ်ဆိုတဲ့ကြားက ၂၀၁၂ ခုနှစ် မေ ၄ ရက်မှာပဲ လူတစ်ဦးချင်းကားတင်သွင်းခွင့်ကို ထပ်ခွင့်ပြုခဲ့တာပါ။

၂၀၁၄ ခုနှစ် သြဂုတ်လကုန်အထိ ကားအစီးရေ ၃၄၃၀၀၀ ကျော်အထိ ဆိပ်ကမ်းကနေ ထုတ်ယူခဲ့ကြပြီးပါပြီ။ အဲ့ဒီမှာ အိမ်စီးကားက ၂၆၀၀၀၀ နီးပါးရှိပါတယ်။ အရင်ကတည်းက ကားစီးနိုင်တဲ့သူတွေပဲ အများဆုံးပြန်သွင်းခဲ့ကြတာပါ။

ဒီတော့ ကားဈေးကျသွားလို့ အခုမှကားစပြီးစီးနိုင်တဲ့ဦးရေက ၂၆၀၀၀၀ စလုံးမဟုတ်ပါဘူး။ အရင်တုန်းက စီးနိုင်တဲ့သူတွေပဲ နှစ်စီးသုံးစီး ထပ်ဝယ်စီးနိုင်တဲ့သူတွေလည်း အများအပြားပါဝင်ပါတယ်။

အများပြည်သူသုံးတဲ့ကားအပါအ၀င် ကားဈေးငါးပုံတစ်ပုံလောက်ထိ ထိုးကျ သွားတာကိုတော့ ကြိုဆိုကြပါတယ်။

ဒါပေမဲ့ ဒုက္ခပိုရောက်သွားတာက ကားမစီးနိုင်တဲ့ သန်းနဲ့ချီတဲ့ပြည်သူတွေပါပဲ။

ရန်ကုန်မြို့မှာ လိုင်းကားအစီးရေ ၆၃၀၀ ကျော်ရှိတယ်။ နေ့စဉ်ပျမ်းမျှ လူဦးရေ ၂ ဒသမ ၂ သန်းက ဘတ်စ်ကားစီးနင်းနေကြတယ်လို့ မထသက ထုတ်ပြန်ထားတယ်။

နေ့တိုင်း လူနှစ်သန်းကျော်ဟာ ကားပေါ်မှာပဲ သုံးနာရီလောက်အချိန်ကုန်ခံနေရတဲ့သဘောပါ။

ကားပေါ်မှာ သုံးနာရီအချိန်ကုန်ခံရတယ်ဆိုပေမယ့် ကားသစ်တွေစီး၊ သက်သောင့်သက်သာနဲ့ ကိုယ့်ခုံနဲ့ကိုယ်ထိုင်စီးရတာမဟုတ်ပါဘူး။ အရင်လိုပဲ အမျိုးသမီးတွေဆို ကိုယ့်အရှက်လည်းမငဲ့နိုင်ဘဲ တိုးဝှေ့ကြပ်ပိတ်သိပ်အောင် စီးနေရတာပါ။ အရင်လိုပဲ စပယ်ယာငေါက်ငမ်းတဲ့ဒဏ်ခံ၊ ဒရိုင်ဘာကရမ်းသမ်းမောင်းလို့ အသက်ဖက်နဲ့ထုပ်ထားရတဲ့စိတ်ဒဏ်ရာနဲ့ စီးနေကြရတုန်းပါ။ ရန်ကုန်မြို့ရဲ့ Public Transportation ကလည်း အရင်နဲ့ဘာမှမကွာဘူး။

ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ လှိုင်သာယာလိုမြို့နယ်တွေမှာနေတဲ့သူတွေဟာ အလုပ်လုပ်ဖို့ အသွားအပြန်ကားပေါ်မှာ တစ်ရက် ၃ နာရီလောက် အချိန်ပေးနေရပါပြီ။ အလုပ်အတွက် ဘတ်စ်ကားအသွားအပြန်စီးရတဲ့သူတွေ သက်တမ်းရဲ့ ရှစ်ပုံတစ်ပုံနီးပါးလောက်က ဘတ်စ်ကားစီးရင်း အချိန်ကုန်နေကြရပါပြီ။ အလုပ်သိမ်းလို့အိမ်ပြန်ရောက်မှ ထမင်းချက်စားရတဲ့ပြည်သူတွေအတွက် ဘယ်လောက်ဒုက္ခရောက်နေမလဲ။ အလုပ်လုပ်ရင်း တခြားပညာရပ်သင်မယ့်သူတွေလည်း ပညာသင်မယ့်အချိန်တွေ ဘတ်စ်ကားစီးနေရလို့ တိုးတက်မှုပျောက်ဆုံးတဲ့သူတွေ ဘယ်လောက်များနေမလဲ မေးခွန်းထုတ်လာကြပါတယ်။

ကျိုက်ထီးရိုး၊ တောင်ပြုန်းပွဲတော်တွေသွားတဲ့နေရာတွေမှာတောင် ကားကျပ်မှုကိုကြုံနေရာတာကို ကြည့်တာနဲ့တင် ရန်ကုန်၊ မန္တလေးမြို့ကြီးတွေတင်ကျပ်တာမဟုတ်ဘူး။ တစ်နိုင်ငံလုံး ယာဉ်ကြောပိတ်ဆို့မှု အရင်ကထက် မြင့်တက်နေတယ်ဆိုတာ ထင်ရှားပါတယ်။

အစိုးရသစ်လက်ထက် သုံးနှစ်အတွင်း ကုန်စည်ကူးသန်းရောင်းဝယ်မှုအတွက် အဓိကအရေးပါတဲ့ တောင်ကျော်လမ်းတွေ ချဲ့နိုင်ပြီလား။ ချင်းပြည်နယ်ဘက်ကလမ်းတွေ ချဲ့ထွင်ပြင်ဆင်လိုက်လို့ ကောင်းသွားပြီလား။ တောင်ကုတ်ဘက်က တောင်ကျော်လမ်းတွေ ချဲ့ထွင်ပြင်ဆင်လိုက်လို့ အားလုံးအဆင်ပြေသွားပြီလား။ ဒေါနတောင်ကျော်လမ်းရော အရမ်းကောင်းသွားပြီလား။ ဒီနေ့အထိတော့ တောင်ကျော်လမ်းအများစုဟာ ကားတစ်စီးပျက်ရင် ဒါမှမဟုတ်လမ်းမြေပြိုရင် တန်းစီပြီးစောင့်နေကြရတုန်းပါ။

နယ်မြို့တွေမှာလည်း ဒီအတိုင်းပါပဲ။ အဝေးပြေးလမ်းဖြတ်သွားတဲ့မြို့၊ လမ်းဖြတ်ရှိတဲ့မြို့တွေမှာဆို နှစ်လမ်းသွားပဲရှိပြီး လေးလမ်းသွားလမ်းတွေမလုပ်နိုင်လို့ ကားတစ်စီးပျက်တာနဲ့ တန်းစီစောင့်ရတဲ့မြို့တွေ ရှိနေဆဲပါ။ ဘုရားပွဲတွေမှာဆိုရင်လဲ လမ်းနဲ့ကားမမျှလို့ ဘယ်လောက်အထိ အချိန်ယူသွားနေကြရတုန်းဆိုတာ အကုန်လုံးအသိပါ။

ဒီနေ့အထိလည်း တင်သွင်းလာတဲ့ကားအစီးရေနဲ့ ကိုက်ညီတဲ့လမ်းကို ဘယ်လိုလုပ်မယ်၊ နယ်ဘက်ကလမ်းတွေကို ဘယ်လိုပြင်မယ်၊ ဘယ်လိုအသစ်ဖောက်မယ်ဆိုတဲ့အစီအမံကို ချမပြသေးပါဘူး။ ကားသွင်းခွင့်ပြုတာကောင်းပေမယ့် လမ်းအတွက်အစီအမံချမပြနိုင်သေးတာက မေးမယ်ဆိုလည်း မေးသင့်ပါတယ်။

အခုထိ လမ်းမူဝါဒချမပြနိုင်သေးတဲ့အပေါ်မှာရော ဘယ်သူတွေတာဝန်ယူပြီး ဘယ်သူတွေတာဝန်ခံကြမလဲဆိုတာကို ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကို ထောက်ပြမေးမြန်းလာကြပါပြီ။

ဒီငွေတွေဘယ်ရောက်သွားသလဲ ဦးစိုးသိန်း

၂၀၁၁ ခုနှစ် အောက်တိုဘာ ၂၅ ရက်ကနေ ၂၀၁၄ ခုနှစ် သြဂုတ်လကုန်အထိ ရန်ကုန်ဆိပ်ကမ်းကနေ ထုတ်ယူသွားတဲ့ကားက အစီးရေ ၃၄၀၀၀၀ ကျော်ကနေ Custom Duty က ကျပ် ၄၆၅ ဘီလျံ၊ ကုန်သွယ်လုပ်ငန်းခွန်က ကျပ် ၄၆၈ ဘီလျံ စုစုပေါင်း ကျပ် ၉၃၃ ဘီလျံရခဲ့ပါတယ်။ အမေရိကန်ဒေါ်လာနဲ့ဆို တစ်ဘီလျံနီးပါးပေါ့။

ကုန်သွယ်ခွန်နဲ့ အကောက်ခွန်ကဥပဒေအရ ဘတ်ဂျက်ထဲတန်းရောက်သွားလို့ထားတော့ ယာဉ်မှတ်ပုံတင်ကြေးကလည်း ဒီလိုပဲ ကျပ်ဘီလျံ ၇၀၀ ကနေ ၁၀၀၀ ကြားရနေလောက်ပါပြီ။

ကားတင်သွင်းမှုက ကျပ်ဘီလျံပေါင်းများစွာရနေပေမယ့် ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းပေးတဲ့နေရာမှာတော့ ခုထိ ထိုက်ထိုက်တန်တန် ပြန်သုံးပေးတာမရှိသေးပါဘူး။

လှည်းတန်းခုံးကျော်အတွက် ကျပ် ၁၄ ဘီလျံကျော်၊ ရွှေဂုံတိုင်ခုံးကျော်အတွက် ကျပ် ၁၃ ဘီလျံကျော်၊ ဘုရင့်နောင်ခုံးကျော်အတွက် ကျပ် ၂၁ ဘီလျံ စုစုပေါင်းကျပ် ၄၈ ဘီလျံကျော်ပဲ လမ်းအတွက်သုံးထားပါတယ်။

ခုံးကျော်သုံးခုအတွက် ကျပ် ၄၈ ဘီလျံနဲ့ရတယ်ဆိုရင် ကျပ်ဘီလျံ ၁၀၀၀ ၀န်းကျင်ဆို လမ်းတွေဘယ်လောက်ရမလဲ ခန့်မှန်းလို့ရနေပါပြီ။ ဒါပေမဲ့ ဒီနေ့အထိခုံးကျော်သုံးခုကလွဲပြီး ဘာမှမပြနိုင်သေးပါဘူး။

အများပြည်သူပေးဆောင်ထားတဲ့ ကားကရတဲ့ဘဏ္ဍာငွေကို အများပြည်သူအကျိုးရှိမယ့်လမ်းဘက်မှာ အကျိုးရှိစွာမသုံးသေးဘဲထားတာဘာကြောင့်လဲ၊ ဘယ်မှာသုံးနေသလဲလို့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကို မေးနေကြပါတယ်။

ဒီငွေတွေနဲ့ရော လမ်းသစ်ဘယ်လောက်ဖောက်ထားပြီးပြီလဲ ဦးစိုးသိန်း

ကားကရတဲ့ အခွန်ဘဏ္ဍာတွေကို အများပြည်သူအတွက် လမ်းဘက်မှာ အပြည့်အ၀မသုံးသေးဘူးဆိုတော့ လမ်းနဲ့အဓိကသက်ဆိုင်တဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနကရော ဘာတွေလုပ်ထားသလဲ။

ဆောက်လုပ်ရေးဝန်ကြီးဌာနကို ၂၀၁၃- ၂၀၁၄ ဘဏ္ဍာနှစ်မှာ ငွေကျပ် ၃၃၁ ဘီလျံကျော်၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ ငွေကျပ် ၈၃၆ ဘီလျံနီးပါးသုံးစွဲဖို့ ဘတ်ဂျက်ခွင့်ပြုပေးထားခဲ့တာပါ။

အဲဒီပြည်သူ့ငွေတွေထဲက လမ်းအတွက်သုံးမယ့်ငွေတွေနဲ့ မြန်မာနိုင်ငံမှာ အဝေးပြေးလမ်းမဟောင်းတွေ ဘယ်လောက်ချဲ့ပြီးပြီလဲ၊ အဝေးပြေးလမ်းသစ်ဘယ်လောက် ထပ်ပြီးဖောက်လုပ်ပြီးပြီလဲ၊ အမြန်လမ်းသစ်ကိုရော ချဲ့ပြီးပြီလား၊ ကတ္တရာထပ်ခင်းတာရော ပြီးပြီလား၊ ရန်ကုန်နဲ့ မန္တလေးမှာရော လမ်းမသစ်ကြီးတွေ ဘယ်လောက်ဖောက်ပြီးပြီလဲ၊ တစ်နိုင်ငံလုံးလမ်းမသစ်ကြီးတွေ ဘယ်လောက်ထပ်ဖောက်ပြီးပြီလဲ၊ တောင်ကျော်လမ်းတွေကိုချဲ့ထွင်ပြီး အပီအပြင်ခင်းပြီးပြီလား မေးခွန်းတွေ ထုတ်လာကြပါတယ်။

ဒီအတွက်မူဝါဒချမှတ်ပေးဖို့ ကားမူဝါဒချမှတ်ပေးရာမှာပါဝင်တဲ့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းတို့ ဦးအောင်မင်းတို့တာဝန်ယူထားသလား၊ ပြည်ထောင်စုစီးပွားရေးရာကော်မတီရဲ့ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ၀န်ကြီးဦးစိုးသိန်းအနေနဲ့ရော ဘယ်လိုတာဝန်ခံပေးမလဲ သိချင်ကြပါတယ်။

ဒါတွေလည်း ကျန်ပါသေးတယ်

"ခြစားမှုတွေကို စစ်ဆေးအရေးမယူလျှင် လက်ရှိအစိုးရက တာဝန်ခံရလိမ့်မည်" ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြည်သူ့ခေတ်ဂျာနယ်ရဲ့ အယ်ဒီတာ့အာဘော်မှာ "လွန်ကျွံသောမယုံသင်္ကာမှုများနှင့် ပြင်းထန်သော မတရားစွပ်စွဲလိုသည့် သဘောမရှိပါ။ တိုင်းပြည်အတွက် အလုပ်လုပ်ရန်အလို့ငှာ အာဏာရယူထားသူများဟာ အာဏာကိုဆုပ်ကိုင်အလုပ်လုပ်ရင်း ဘာအကြောင်းနှင့်ဖြစ်စေ ချမ်းသာကြွယ်ဝလာသည်ဆိုပါက မူအရစစ်ဆေးကြည့်ဖို့လိုပါမည်။ အများအားဖြင့် လာဘ်ပေးလာဘ်ယူဆိုသည့်ကိစ္စများက အာဏာနှင့်လုပ်ပိုင်ခွင့်ရှိသည့်နေရာတွေကပဲ ပေါ်ပေါက်လာတတ်ကြတာကြောင့်ဖြစ်ပါသည်။ မည်သူတစ်ဦးတစ်ယောက်ကိုမှ လက်ညှိုးထိုးအပြစ်ဆိုချင်တာမဟုတ်ပါ။ အားလုံးသော အာဏာလက်ကိုင်ထားသူများကို စိစစ်ရန်လိုနေသည်ဟု ယူဆမိတာဖြစ်ပါသည်။ ဒါကို တိုင်းပြည်နှင့်လူမျိုးကိုချစ်၍ တိုင်းပြည်နှင့်လူမျိုးအတွက် အမှန်တကယ်အလုပ်လုပ်နေကြသူများအဖို့ စစ်ဆေးခံယူရန် ၀န်မလေး၊ အသင့်ရှိနေကြမည်ဟု ယူဆပါသည်" ဟူ၍လည်း ဖော်ပြထားပါတယ်။

အာဏာနှင့် လုပ်ပိုင်ခွင့်ရှိတဲ့နေရာတွေက လာဘ်ပေးလာဘ်ယူပေါ်ပေါက်တတ်တယ်၊ အားလုံးသော အာဏာလက်ကိုင်ထားသူများကို စိစစ်ဖို့လိုတယ်လို့ရေးပြထားတာပါ။

ဆက်ပြီးတော့လည်း "လာဘ်ပေးလာဘ်ယူမှုဆိုတာက ရာဇ၀တ်မှုပဲဖြစ်ပါသည်။ ဒီလိုရာဇ၀တ်မှုများကိုသိပါလျက်နှင့် မသိဟန်ဆောင်ကာ သက်သာခွင့်ပေးနေခြင်းဆိုတာကလည်း ရာဇ၀တ်မှုပဲဖြစ်ပါသည်။
လာဘ်ပေးလာဘ်ယူမှုများရှိနေသည်ဆိုတာကို စစ်ဆေးအရေးယူရန် လိုအပ်ပါလျက် စစ်ဆေးရန်တာဝန်ရှိသူများက စစ်ဆေးအရေးယူမှုမပြုခြင်းကလည်း ရာဇ၀တ်မှုဟုပင်ယူဆရမည်လား မဆိုနိုင်ပါ။
အနိမ့်ဆုံးအားဖြင့်တော့ လူပြောများထင်ရှားလှသော လာဘ်ပေးလာဘ်ယူမှုများကို အလေးအနက်ထားစိစစ်ခြင်း၊ အရေးယူခြင်းမပြုပါက လက်ရှိအစိုးရအဖွဲ့မှာ တာဝန်ပိုကြီးလာလိမ့်မည်ဟု ယူဆမိပါကြောင်း" ဆိုပြီးတော့လည်း ဖော်ပြထားပါတယ်။

ဆိုလိုချင်တာကတော့ လာဘ်ပေးလာဘ်ယူမှုကိစ္စတွေကိုမစိစစ်ရင် မစိစစ်တဲ့သူမှာလည်း အပြစ်ရှိသလို လက်ရှိအစိုးရက တာဝန်ခံရမယ့်သဘောပါ။
အခု ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းဟာ နိုင်ငံရဲ့စီးပွားရေးရာမှန်သမျှအားလုံး မဖြစ်မနေ အဓိကတင်ပြရတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ စီးပွားရေးရာကော်မတီရဲ့ ဥက္ကဋ္ဌဖြစ်လို့ ဘယ်လောက်အထိ နိုင်ငံအတွက်အရေးပါတဲ့သူဆိုတာ သိသာထင်ရှားပါတယ်။

နိုင်ငံတော်သမ္မတအနေနဲ့ သန့်ရှင်းတဲ့အစိုးရလို့ပြချင်ရင် လုပ်ပိုင်ခွင့်ကြီးကြီးမားမားရှိတဲ့ အစိုးရအဖွဲ့ထဲမှာ အင်မတန်အရေးပါတဲ့ကဏ္ဍတွေကို စိစစ်ချပြပြီး သက်သေပြလို့ရပါတယ်။ ဥပမာ- နိုင်ငံ့စီးပွားရေးရာကဏ္ဍမှာ အဓိကတာဝန်ခံရတဲ့ ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းရဲ့ နိုင်ငံတော်သမ္မတထံ ယခင်ချိပ်ပိတ်ပေးပို့ထားတဲ့အထဲက ပိုင်ဆိုင်မှုနဲ့ အခုသုံးလေးနှစ်အတွင်း ပိုင်ဆိုင်မှုတွေချပြ၊ စီမံခန့်ခွဲမှုအလွဲတွေ ရှိ၊ မရှိ ချပြလိုက်ပါ။
စိစစ်ချပြတာကတော့ နိုင်ငံတော်သမ္မတရဲ့လုပ်ပိုင်ခွင့်တာဝန်ပဲဖြစ်ပါတယ်။

ဒီအပတ်မှာတော့ ကားနဲ့လမ်းမူဝါဒအပေါ် စီမံခန့်ခွဲမှု အလွဲအချော်တစ်ခုကိုပဲ မူဝါဒချစဉ်ကပါဝင်ခဲ့တဲ့ တာဝန်ရှိသူတွေကို ထောက်ပြထားကြတာပါ။

ဆက်ပြီးတော့ အစိုးရအဖွဲ့ထဲမှာ အရေးပါတဲ့တာဝန်ယူထားတဲ့ လုပ်ပိုင်ခွင့်ကြီးကြီးမားမားရှိတဲ့ အရေးကြီးပုဂ္ဂိုလ်ဖြစ်တဲ့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းရဲ့ ဘယ်ကုမ္ပဏီတွေကို ဘယ်လိုချထားပေးတယ်၊ ဘယ်ကုမ္ပဏီတွေကို ဘယ်ဈေးနဲ့ငှားတယ်၊ ဘယ်လိုစီမံကိန်းတွေချထားပေးခဲ့တယ်ဆိုတာတွေကိုလည်း ထပ်ပြီးထောက်ပြထားတာတွေကို ဖော်ပြသွားပါဦးမယ်။
credit to eleven media group

ဦးခင်ရီနှင့်ငါးလောင်းပြိုင်(မဖော်ခဲ့လို့ ၀န်ကြီးဖြစ်တာလား)

  1. ` စိမ်းလဲ့ကန်သာ ငါးလောင်းပြိုင်လူသတ်မှု နောက်ကွယ်မှ မြုပ်ကွက်များ ´´

    ၂၀၀၈ခုနှစ် မတ်လပထမအပတ်တွင် ဖြစ်သည်၊ ဥ

    တက္ကသိုလ်ရိပ်သာလမ်းတစ်လျှောက်နှင့် စိမ်းလဲ့ကန်သာ နိုင်ငံတော်ဧည့်ဂေဟာတွင် အစောင့်အရှောက်များ ထူထပ်စွာချထားသည်၊ အဘယ့်ကြောင့်ဆိုသော် ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီ ရန်ကုန်သို့လာရောက်ပြီး စိမ်းလဲ့ကန်သာအစိုးရဧည်ဂေဟာတွင် တည်းခိုမည့်အတွက်ဖြစ်သည်၊

    သို့သော် အဆိုပါ နိုင်ငံတော်ဧည့်ဂေဟာနှင့်ကပ်လျှက် မိုးကုတ်သူဌေးကြီးဦးမြမောင်၏သားမက် ဦးချာလီ၊ ဇနီးနှင့်သမီးနှစ်ဦး၊ အိမ်ဖော်တစ်ဦးအပါအဝင် မိသားစုငါးဦးလုံး ထိုအချိန်တွင် အိမ်အတွင်း သေနတ်ဖြင့်နားထင်များကို ပစ်သတ်ခံနေရသည်ကိုတော့ မည်သူမှမသိလိုက်ပါ၊

    ညနေစောင်းတွင် သားမက်ဖြစ်သူ ဦးသုဇော် အိမ်သို့ပြန်ရောက်လာချိန်တွင် အိမ်အတွင်းရှိ မိသားစုဝင်အားလုံး ရက်စက်စွာ အသတ်ခံထားရသည်ကိုသိရှိပြီး ရဲသို့ သတင်းပို့တိုင်ကြားခဲ့ရသည်၊

    တစ်ချိန်တည်းတွင် လူသတ်သမားသည် ဘန်ကောက်မြို့သို့ ပျံသန်းနေသော လေယာဉ်ပေါ်တွင် အနားယူမှေးစက်ရင်း လွှတ်မြောက်သွားခဲ့ပြီ ဖြစ်သည်။

    ထိုလူသတ်မှုနှင့်ပတ်သတ်၍ ပထမဆုံးထွက်ပေါ်လာသော ကောလဟာလမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏သမီး စိန်စီသောည မင်္ဂလာဆောင်အတွက် ဦးချာလီတို့မိသားစုထံမှ ဌားရမ်းထားသောစိန်များကို ရောင်းချရန် ကမ်းလှမ်းရာမရောင်းချသဖြင့် သတ်ဖြတ်သည်ဟူသည့် သတင်းဖြစ်သည်

    ထိုသတင်းနှင့်တစ်ဆက်တည်း ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦး၏သား ဦးဆောင်သတ်ဖြတ်သည်ဟု သတင်းထွက်ပေါ်လာခဲ့သည်။

    ထိုမိသားစုနာရေးတွင် ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးရွှေမန်းမှ ရုပ်အလောင်းများအနီးတွင် အစ်မကြီး လူသတ်သမားဘယ်သူဆိုတာ ကျွှန်တော်တို့ကို ပြောပြပေးပါဟု ရေရွတ်သည့်သတင်းမှာ ဂျာနယ်များတွင် ဟိုးလေးတကြော်ကြော်ဖြစ်ခဲ့သည်၊ ရဲတပ်ဖွဲ့မှ ပထမဆုံးသံသယရှိသည်မှာ သားမက်ဖြစ်သူ ဦးသုဇော်ဖြစ်ပြီး ချက်ခြင်းဖမ်းဆီးကာ စစ်ကြောရေးလုပ်ခဲ့သည်၊ ရိုးရိုးစစ်ဆေးရုံမျှမက ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်အတွင်းသို့ခေါ်ကာ ဦးသုဇော်နှင့် သူ၏မန်နေဂျာကို မေ့ဆေးတစ်ဝက်တစ်ပျက်ထိုးပြီး အိပ်မပျော်ပျော်အခြေအနေတွင်ပါ စစ်ကြောခဲ့သည်၊ သို့သော်လည်း ဦးသုဇော်သတ်ကြောင်း မည်သည့်အထောက်အထားမှ မတွေ့ရသဖြင့် ပြန်လွှတ်ပေးခဲ့ရသည်၊ တစ်ချိန်ထဲတွင် ဦးသုဇော်၏အဖိုးဖြစ်သူ ယခင် မဆလပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ဗိုလ်မှူးကြီးဝင်းမောင်၏ အိမ်ကိုလည်း မြေလှန်ရှာခဲ့သည်၊ သို့သော် အမှုနှင့်ပတ်သတ်သည့် မည်သည့်အထောက်အထားမှ မတွေ့ခဲ့ရပေ၊ ဦးသုဇော်သည် ထို့သို့အကြိမ်ကြိမ် စစ်ဆေးခံရသဖြင့် သူ၏စားသောက်ဆိုင်ဖြစ်သော ဖူဂျီကဖေးကို အေဒင်ဦးချစ်ခိုင်ထံသို့ ရောင်းချကာ နိုင်ငံခြားအထိ ပြောင်းရွှေ့သွားခဲ့ရသည်၊ ထို့ပြင် ဦးချာလီ၏ တစ်ဦးတည်းသော သားမက်ဖြစ်သော်လည်း ကျန်ရှိသည့်ပစ္စည်းများကို အစိုးရအစီအမံဖြင့် အမွေခွဲဝေပေးရာတွင် ဦးသုဇော်ကို တစ်ပြားတစ်ချပ်မှ မပေးခဲ့ပေ၊ ဦးသုဇော်သည် ယခုပြင်ဦးလွင်တွင် ပြန်လည်အခြေချပြီး စားသောက်ဆိုင် ပြန်ဖွင့်ထားသည်ဟု သိရသည်။
    .
    ထိုအမှုနှင့်အလားတူပြစ်မှုတစ်ခု ၁၉၇၅ ခုနှစ်က မိုးကုတ်အောင်ချမ်းသာအရပ်တွင် ဖြစ်ပွားခဲ့သည်ကို လူအများမေ့နေကြသည်၊ ထိုစဉ်က မိသားစုဝင် ခုနှစ်ဦးသည် ပါးစပ်ကိုတိတ်ဖြင့်ပိတ်ခံရပြီး လက်များကိုတိတ်ဖြင့် ချည်နှောင်ခံရကာ နားထင်ကို ပစ္စတိုသေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်သည်၊ အိမ်သားများကို မသတ်မီ ဖမ်းဆီးချည်နှောင်သော တိတ်ကြိုးများမှာ ထိုစဉ်က ပြည်တွင်းတွင်မရှိပဲ နိုင်ငံခြားမှပစ္စည်းများဖြစ်သည်၊ အလောင်းမှတိတ်ကြိုးများကို ဖြေသည့်အခါ အသားများ အရေပြားများပင် ပဲ့ထွက်ကုန်သည်ဟု ထိုစဉ်က ရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးက ပြောသည်၊ ထိုဖြစ်စဉ်တွင် အိမ်ရှင်ကျောက်ကုန်သည် လီရှောဦးကျော်အေး၊ ဇနီးဒေါ်ရွှေကြာ၊ သားနှစ်ဦး၊ သမီးတစ်ဦး၊ ခိုးရာလိုက်ပြေးလာပြီး ထိုအိမ်တွင် ခေတ္တတည်းခိုနေသော စုံတွဲနှစ်ဦး စုစုပေါင်း ခုနှစ်ဦး အသတ်ခံခဲ့ရသည်။
    လူသတ်သမားသည် အဆိုပါအသတ်ခံရသော မိသားစုအိမ်မှ ဆွီဒင်ကားအဖြူရောင်ကို မောင်းနှင်လွတ်မြောက်သွားခဲ့သည်၊ ကားရှားပါးသော ထိုခေတ်ကာလတွင် လမ်းပေါ်ရှိ စစ်ဆေးရေးဂိတ်များရှိသော်လည်း လီရှောဦးကျော်အေးသည် အချိန်မတော်အပြင်သို့ ကားနှင့်ထွက်တက်သည့်အပြင် မြို့မျက်နှာဖုံးဖြစ်သဖြင့် စစ်ဆေးရေးဂိတ်မှ လူများက ကားကိုလက်ပြနုတ်ဆက်လိုက်သေးသည်၊ လူသတ်သမားက အဆိုပါကားကို မန္တလေး ပြင်ဦးလွင်ကားလမ်းပေါ်တွင် စွန့်ပစ်ထားခဲ့သည်၊ နောက်ပိုင်း ရဲတပ်ဖွဲ့၏ ကြိုးစားဖော်ထုတ်မှုကြောင့် မန္တလေးမှ တရုတ်လူမျိုးယောင်ဝေကြည်ဆိုသူကို မိုးကုတ်မှ လီရှောဦးကျော်အေးမှ တန်ဖိုးမရှိသောကျောက်များ လိမ်ရောင်းခဲ့သဖြင့် ထိုင်းနိုင်ငံမှ မြန်မာကြေးစားလူသတ်သမား မြအေးကို ဌားရမ်းသတ်ဖြတ်စေခဲ့ခြင်း ဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်၊ ယောင်ဝေကြည်ကို ဖမ်းဆီးပြီး ပြစ်ဒဏ်ချမှတ်နိုင်ခဲ့သော်လည်း လူသတ်သမား မြအေးကိုမှု ယနေ့အထိမဖမ်းမိခဲ့ပါ၊ အကယ်၍ မြအေးသာ သက်ရှိထင်ရှားရှိဦးမည်ဆိုပါက ယခုအသက် ၅၅ နှစ်နှင် ၆၀ အကြားတွင် ရှေိပေလိမ့်မည်။
    .
    စိမ်းလဲ့ကန်သာလူသတ်မှုကို စုံစမ်းဖော်ထုတ်ရာတွင် ပါဝင်ခဲ့သည့် အမှုလိုက်အရာရှိတစ်ဦးထံမှ ပြောပြချက်အရ ထိုလူသတ်မှုမှာ ဦးချာလီမိသားစုထံမှ ယူထားသောပစ္စည်းများ ပြန်မဆပ်လိုသဖြင့် သတ်ဖြတ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း၊ ဦးချာလီထံမှ စိန်နှင့်ကျောက်မြတ်ရတနာများ ဌားရမ်းသွားသူများသည် ပတ္တမြားငမောက်နီးပါး တနဖိုးရှိသည့် ပတ္တမြားတစ်လုံးပါ ဌားပြီးပြန်မပေးခြင်းဖြစ်ကြောင်း၊ ထိုကိစ္စတွင် ဂေါက်သီးရိုက်တော်သော စီးပွားရေးသမားတစ်ဦးနှင့် ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦး၏ဇနီးတို့က ကြားမှအာမခံပြီး ဌားရမ်းပေးခဲ့ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ဦးချာလီသည် ဂေါက်သီးကစားခြင်းကို အရူးအမူးဝါသနာပါသဖြင့် ဂေါက်သီးရိုက်တော်သော အဆိုပါစီးပွားရေးသမားနှင့် အလွန်ခင်ကြောင်း၊ ဦးချာလီသည် လိမ္မော်သီးအလွန်ကြိုက်သဖြင့် လူသတ်သမားသည် လိမ္မော်သီးအထမ်းရောင်းသမားအသွင်ယူပြီး လိမ္မော်သီးအော်ရောင်းရာမှ ဦးချာလီကဝယ်ယူရန် အိမ်တံခါးမှအထွက်တွင် သေနတ်ဖြင့်တေ့ပြီး အိမ်အတွင်းခေါ်သွားခြင်း ဖြစ်နိုင်ကြောင်း၊ လူသတ်သမားသည် ကြေးစားလူသတ်သမားဖြစ်ပြီး ပြည်ပတွင်နေထိုင်သူ ဖြစ်နိုင်ကြောင်း၊ လိမ္မော်သီးသည် အသွင်ယူထားသဖြင့် မြန်မာစကားပြောတက်သူ သို့မဟုတ် ပြည်ပနေ မြန်မာကြေးစားလူသတ်သမား ဖြစ်နိုင်ကြောင်းတို့ကို သိရှိခဲ့ရသည်၊

    သတ်ဖြတ်ရာတွင် အသုံးပြုသောသေနတ်မှာ အသံတိတ်ကိရိယာတပ်ထားသော ၉မမ ပစ္စတိုသေနတ်ဖြစ်ကြောင်းလည်း သိရှိခဲ့ရသည်၊

    လူသတ်သမားသည် ပရော်ဖက်ရှင်နယ် ကြေးစားလူသတ်သမားဖြစ်သဖြင့် ထွက်ပြေးသော အိမ်ဖော်မလေးကိုပင် နားထင်မှန်အောင် ပစ်ခတ်နိုင်ခဲ့ကြောင်း၊
    .
    သို့သော် အတွင်းသတင်းတစ်ခုအရ သိရှိရသည်မှာ စုံစမ်းဖော်ထုတ်နေသည့်အဖွဲ့မှ အဓိကကျသူတစ်ဦးကို အမှုနှင့် ပတ်သတ်သူတစ်ဦးက ကျပ်သိန်းလေးထောင်ပေးလိုက်သဖြင့် အမှုလမ်းကြောင်းပြောင်းသွားပြီး ဝေ့သွားကြောင်း၊ ထိုအမှုတွင် မြန်မာအမျိုးသား မော်ဒန်တစ်ဦးလည်း ပတ်သတ်နေကြောင်းလည်း စုံစမ်းမေးမြန်းသိရှိရသည်။

    စိမ်းလဲ့ကန်သာလူသတ်မှုနှင့် ပတ်သတ်ပြီး ထူးဆန်းသောအချက်များကို တွေ့ရသည်၊

    ပထမဆုံးအချက်မှာ မြန်မာနိုင်ငံတွင် တိုင်းကျော်ပြည်ကျော်ဖြစ်ပွားခဲ့သော ပြစ်မှုများကို သုးလအတွင်း မဖော်ထုတ်နိုင်ပါက သက်ဆိုင်ရာနယ်မြေရဲစခန်းရှိ မြို့နယ်မှူး၊ စခန်းမှူးတို့သည် တစ်ဆင့်နိမ့်ရာထူးဖြင့် ဝေးလံခေါင်ဖျားသော ဒေသများသို့ ပြောင်းရွှေ့ရသော်လည်း ယခုပြစ်မှုဖြစ်ပွားသည့် ကမာရွတ်မြို့နယ်ရဲတပ်ဖွဲ့မှူးသည် ပင်စင်ယူသည်အထိ ကမာရွတ်တွင်သာ နေမြဲတာဝန်ထမ်းဆောင်ခွင့် ရခဲ့ခြင်း၊ အဆိုပါ လူသတ်မှုကို မဖော်ထုန်နိုင်သည့် မည်သည့်ရဲတပ်ဖွဲ့ဝင်ကိုမှ အရေးယူမခံရခြင်းတို့မှာ ထူးဆန်းလှသည်၊

    ထို့အပြင် လာဘ်စားမှုနှင့်ပတ်သတ်ပြီး နေပြည်တော်သို့ ခေါ်ယူစစ်ဆေးနေသော ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနိုင်ဝင်းမှာ မြန်မာနိုင်ငံအလယ်ပိုင်း နေပြည်တော်စစ်ဆေးရေးနေရာမှ ပြည်ပသို့ တိမ်းရှောင်သွားနိုင်ခဲ့သည်၊

    ယခုလားရှိုးတွင် ပြန်လည်အခြေချနေထိုင်ခြင်းမှာ စိမ်းလဲ့ကန်သာလူသတ်မှုအကြောင်း အသေးစိတ်သိထားသဖြင့် မဖော်ထုတ်ရန် အပေးအယူလုပ်ထားခြင်းဟုလည်း သတင်းများထွက်ပေါ်ခဲ့သည်။

    ထိုစဉ်က ရဲချုပ်ဖြစ်သူ ရဲချုပ်ခင်ရီသည် သတင်းစာရှင်းလင်းပွဲတွင် စိမ်းလဲ့ကန်သာလူသတ်မှုအတွက် အထောက်အထားများရရှိထားသဖြင့် မကြာမီ တရားခံများ မည်သူမည်ဝါကို ကြေငြာနိုင်ပါတော့မည်ဟု ပြောသော်လည်း ယခုထိမဖော်ထုတ်နိုင်ခြင်း၊ သို့သော် ဦးခင်ရီသည် ထိုအမှုကို တာဝန်အရှိဆုံးသူအနေဖြင့် မဖော်ထုတ်နိုင်ခဲ့သော်လည်း ရဲချုပ်မှ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးအဖြစ် ဒီမိုကရေစီအစိုးရလက်ထက်တွင် ရာထူးတိုးသွားခြင်းတို့သည်မှာလည်း မူမှန်သည့်ကိစ္စဟုတ်မဟုတ် စဉ်းစားစရာများဖြစ်နေသည်။

    အချို့သောမှုခင်းများတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် နိုင်ငံတကာရဲတပ်ဖွဲ့အင်တာပိုလ်နှင့် ပူးပေါင်းဆောင်ရွတ်ပြီး တရာခံများဖမ်းဆီးရမိခဲ့သည့် သာဓကများရှိခဲ့သော်လည်း ယခုအမှုကို အင်တာပိုလ်၏ အကူအညီမရယူခြင်းကလည်း စဉ်းစားရန်အချက်များဖြစ်သည်၊

    လူသတ်မှုကို မြို့နယ်ရဲစခန်းမှ မှုခင်းတပ်ဖွဲ့ ( CID ) က လွဲပြောင်းကိုင်တွယ်ခဲ့သော်လည်း မည်သည့်ထူးခြားမှုမှ ရှိမလာပါ၊

    မည်သို့ပင်ဖြစ်စေ ရာဇဝတ်ဘေးပြေးမလွတ် ဟူသော စကားရှိပြီးဖြစ်ရာ လွတ်လပ်စွာပြောဆိုရေးသားခွင့်ရှိသော်ခေတ်တွင် အသတ်ခံရသူများ၏ အရိုးများတွန်ပြီး လူသတ်သမားမည်သူမည်ဝါဆိုသည်မှာ မကြာမီအတွင်း ပေါ်ပေါက်လာမည်ဟု ယူဆရကြောင်း တင်ပြအပ်ပါသည် ... ///

    ( Tomorrow သတင်းအဖွဲ့ )
    Photo: `` စိမ်းလဲ့ကန်သာ ငါးလောင်းပြိုင်လူသတ်မှု နောက်ကွယ်မှ မြုပ်ကွက်များ ´´

၂၀၀၈ခုနှစ် မတ်လပထမအပတ်တွင် ဖြစ်သည်၊ 

မြန်မာပြည်သားတွေ ၀ဋ်ကျွတ်ချင်ယင်

ကိုယ့်ပြဿနာကို နိုင်ငံနဲ့ချီပြီး ဆွဲချိတ်လိုက်တဲ့ မေမြတ်နိုးလည်း ငုပ်သွားပြီ
ခေါင်းလောင်းကြီးလည်း မြုပ်သွားပြီ
ဘယ်ပြည်ပကုမ္ပဏီလာလာ ထူး နဲ့သာပေါင်းလိုက်ရင် ကိုယ်ပိုင်ဆက်သွယ်ရေး
တာဝါတိုင်တောင်စိုက်လို့ရတဲ့အခြေအနေလည်းဖန်တီးထားပြီးပြီ
၄၃၆ ကို ပြင်မယ်ဆိုရင် ထင်းခွေမကြုံ ရေခပ်ကြုံမယ်လို့ ပြောစရာမလိုပဲ လူတကာသိအောင်လည်း ဖန်တီးထားပြီးပြီ
ထစ်ကနဲ ဆိုရင် ကယ်တင်ဖို့အတွက် မီးမွှေးလို့ကောင်းတဲ့ လူမျိုးရေးတရားတွေလည်း ဖြန့်ထားပြီးပြီ
လိုအပ်ရင် သုံးဖို့ အော်ရီဒူး လည်း ရှိနေပြီ
ရသလောက်အပေါက်ကနေလက်ဝင်လျှိုဖို့ ပီအာ ဆိုတာလည်း ဆွေးနွေးပြီးပြီ
FB ပေါ်မှာအသားကုန်ပွားမယ့် ခွေးကြီး ခွေးလေး ခွေးလေ ခွေးလေ ခွေးလွင့် ခွေးအုတ်ကြားမြက်တွေလည်း သူရဲကောင်းတွေဖြစ်နေပြီ

ကျုပ်တို့တွေ စိတ်ရူးပေါက်ပြီး ဓါတ်တိုင်ကို သေးနဲ့ပမ်းလို့ ဓါတ်လိုက်သေရင်တောင်မှ ဖြေသာနိုင်မယ့် တာဝန်အပြည့်ယူနိုင်သော လျှပ်စစ်ဝန်ကြီးဌာနကြီးလည်း ရှိနေပြီ

အခုအချိန်အထိ သမ နေတဲ့ ၀န်ကြီးဌာနကလည်း ကြိုးစားနေဆဲ
အရင်တုန်းက ဇုန်ထုတ်ဆိုပြီး နိုင်ငံတော်အဆင့် အတုလုပ်တဲ့ ၀န်ကြီးဌာနက မော်တော်ယာဉ်တွေကတော့ အရည်ကြိုဖို့ ပြန်လက်ခံနေတာ ဈေးနှုန်းလည်း တည်ငြိမ်စပြုနေပြီ

၁၅၀၀ တန် MPT ကို ရှေ့သို့လှမ်းချီ မြန်မာပြည် ဆိုတဲ့ လိုဂို တံဆိပ် ချိတ်ထားတဲ့ ဆိုင်တွေမှာ ကျပ်ငွေ သုံးသောင်းခွဲ ၀န်းကျင်နဲ့ ၀ယ်လို့ရနေပြီ ....

နားလည်းသိပ်မကောင်း ၊ နှလုံးသားလည်းသိပ်မကောင်း တဲ့အပြင် အနာဂါတ်ရည်မှန်းချက်ကြီးမားတဲ့ သမ္မတကြီးလည်း ကျုပ်တို့နိုင်ငံကို ဦးဆောင်နေပြီ

လိုအပ်သမျှကို အားလုံးအဆင်ပြေအောင် ပြန်ကြားပေးတတ်တဲ့ ပြန်ကြားရေးဝန်ကြီးဌာနကလည်း perfect !!!

တောင်တက်တဲ့သူတွေလည်း တက်နေပြီ ၊ အဆက်အသွယ်ပြတ်တဲ့သူတွေလည်း ပြတ်နေပြီ ... ငတ်တဲ့သူတွေလည်း ငတ်နေပြီ ။ တောင်တက်လို့ အဆက်အသွယ်ပြတ်ရင်တော့ ကျုပ်တို့ကို ရဟတ်ယာဉ်တွေဘာတွေနဲ့ လိုက်ရှာချင်ရှာကြမှာ .... ဒါဆိုရင် အနည်းနဲ့အများတော့ လူရာဝင်မှာ အမှန်ပဲ။

ဒီတော့ ကျုပ်တို့အားလုံး တောင်တက်ကျင့်ကြဖို့ပဲကျန်တော့တယ်
ထိပ်ဆုံးအထိရောက်အောင်တက် ...
ထိပ်ဆုံးရောက်ရင် ခုန်ချဖို့ပြင်ထားလိုက်ကြ ...
လက်နှစ်လုံး အလိုရောက်တာနဲ့ အော်တိုမစ်တစ် ကယ်တင်ရှင် တွေ ဘွားကနဲ ထွက်လာစေရမယ်လို့ ကျုပ်အာမခံတယ်။

ကယ်တင်ရှင်မပေါ်လာလို့ တကယ်ခုန်ချမိပြီး သေသွားရင်လည်း ၀ဋ်ကျွတ်ပြီလို့ မှတ် .....။

အောင်ကြီး
https://www.facebook.com/AungGyeee/posts/273963742799711
Photo: ကိုယ့်ပြဿနာကို နိုင်ငံနဲ့ချီပြီး ဆွဲချိတ်လိုက်တဲ့ မေမြတ်နိုးလည်း ငုပ်သွားပြီ