Sunday, 23 November 2014

အစိုးရပယ်ချလိုက်တဲ့ ရိုဟင်ဂျာ နိုင်ငံသားဖြစ်ရေး

ရိုဟင်ဂျာများ နိုင်ငံသားဖြစ်ခွင့်ပေးရန် အီးယူက ကုလသို့တင်သွင်း၊ မြန်မာအစိုးရ ပယ်ချ

ဥရောပသမဂ္ဂက ကုလသမဂ္ဂသို့ တင်သွင်းသော မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ဆုံး ဖြတ်ချက်တွင် ရိုဟင်ဂျာများအား နိုင်ငံသားဖြစ်ခွင့်ပေးရန် တိုက်တွန်းမှုအပေါ် မြန်မာအစိုးရက ပယ်ချလိုက်ပြီး ရိုဟင်ဂျာဟု သုံးစွဲမှုကို အပြင်းအထန် ကန့်ကွက်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သမ္မတဦးသိန်းစိန်က အီးယူ၏ လူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ၏ တတိယကော်မတီသို့ ဥရောပသမဂ္ဂက နှစ်စဉ်တင်သွင်းနေမှုကို ရပ်ဆိုင်းရန် ပြောကြားထားပြီး တစ်လအကြာတွင် ယခုဆုံးဖြတ်ချက်ကို တင်သွင်းလိုက်ခြင်း ဖြစ်သည်။ ကော်မတီကလည်း မြန်မာသံအမတ်ကြီး ကန့်ကွက်နေသည့်ကြားမှ ကန့်ကွက်သူမရှိ အတည်ပြုခဲ့ကြောင်း သတင်းရရှိသည်။
‘‘ရိုဟင်ဂျာလို့ သုံးစွဲမှုကို မြန်မာသံအမတ်ကြီး ဦးကျော်တင်က တတိယ ကော်မတီမှာ တိုက်ရိုက်ကန့်ကွက်ခဲ့တယ်။ သူတို့ဟာ ဘင်္ဂါလီတွေလို့ပဲ သံအမတ်ကြီးက သုံးနှုန်းခဲ့တယ်။ ပြီးတော့ ဒီအသုံးအနှုန်းဟာ နှစ်ဖက် အသိုင်းအ၀ိုင်းကို ပြန်လည်ပြီး ဆက်ဆံရေးတိုးတက်ကောင်းမွန်အောင် ပြုလုပ်တဲ့နေရာမှာ အတားအဆီး ဖြစ်သွားစေတယ်လို့လည်း ထောက်ပြခဲ့တယ်။ အခု လိုမျိုး EU က ရိုဟင်ဂျာကိစ္စကို ရှေ့တန်းတင်တာဟာ မြန်မာအရေးကို ကုလသမဂ္ဂမှာဆက်ပြီး အစီရင်ခံစာရှိနေစေအောင် ဖိအားပေးတဲ့ သဘောလို့ ယူဆတယ်။ ဒါကို လက်မခံဘူး’’ဟု နိုင်ငံခြားရေးဝန်ကြီးဌာနအဆင့်မြင့်အရာရှိကြီး တစ်ဦးက ပြောကြားသည်။
EU ၏ ဆုံးဖြတ်ချက်ထဲတွင် မြန်မာအစိုးရ၏ နိုင်ငံရေး၊ စီးပွားရေး၊ ပြုပြင်ပြောင်းလဲမှုများနှင့် လူ့အခွင့်အရေး အခြေအနေတိုး တက်ရန် ကြိုးစားမှုများကို အသိအမှတ်ပြုသကဲ့သို့ ရခိုင်ပြည်နယ်တွင် လူနည်းစု ဘင်္ဂါလီ (ကုလသမဂ္ဂက ရိုဟင်ဂျာဟုသုံး) များ ကို နိုင်ငံသားများနှင့်တန်းတူ အခွင့်အရေးနှင့် အကာအကွယ်များ ပေးသင့်ပြီး ရခိုင်ပြည်နယ်အတွင်း နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့အစည်းများကို ၀င်ရောက်လုပ်ကိုင်ခွင့်ပေးသင့်ကြောင်း ဖော်ပြထားသည်။
အီးယူက တင်သွင်းသည့် မြန်မာ့လူ့အခွင့်အရေး ဆုံးဖြတ်ချက်တွင် ဘင်္ဂါလီ (ကုလက ရို ဟင်ဂျာဟုသုံး) များကို နိုင်ငံသား ဖြစ်ခွင့်ပေးရန်နှင့် မြန်မာတွင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကို ဖွင့်ရန် တိုက်တွန်းထားသော်လည်း မြန်မာကို နောက်ဆက်တွဲအရေးယူမည့် အချက်များ မပါဝင်သည့် အတွက် ဖိအားပေးခြင်း သက်သက်သာဖြစ်ပြီး မြန်မာတွင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးဖွင့်ရန်လည်း ခွင့်ပြုထားပြီးဖြစ်ကြောင်း သမ္မတ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ပြောကြားသည်။
 ‘‘ရုံးဖွင့်ဖို့လည်း  သဘောတူပြီးပြီလေ။ ကြားထဲမှာ နှစ်ဖက် သဘောတူမယ့် အချက်တွေ ညှိ နေတာပဲ ရှိတော့တယ်’’ ဟု ၎င်း က ပြောသည်။
  မြန်မာနိုင်ငံ၏  သမိုင်းကြောင်းတွင် မရှိခဲ့သည့် လူမျိုး တစ်မျိုးကို တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုရန် ပြောကြားချက်များကို လက်မခံနိုင်သကဲ့သို့ ရိုဟင်ဂျာဟု သုံးစွဲနေပြီး နိုင်ငံသား ဖြစ်ခွင့်  တောင်းခံနေမှုများအတွက် အစိုးရက တစ်ချိန်လုံးဖြေ ရှင်းနေရုံသာမက နိုင်ငံသားများ အားလုံးကလည်း သက်သေများ ရှာ၍ သုတေသနများ ပြုလုပ်သင့် ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီးဦးသန့်ကျော်က နေပြည် တော်တွင် ပြုလုပ်သည့် သတင်းစာ  ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
 ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်း မြန်မာနိုင်ငံသို့ အာဆီယံ အစည်းအဝေးများ တက်ရောက်ရန် လာရောက်ချိန်ကလည်း ရိုဟင်ဂျာဟု သုံးနှုန်းသွားသဖြင့် ပြည်ထောင်စုလွှတ်တော်က ကန့်ကွက်ခဲ့ပြီး ရခိုင်ပြည်နယ် ၀န်ကြီးချုပ်က သတိပေးစာတစ်စောင်ကို ဘန်ကီမွန်းထံ ပေးပို့ ခဲ့သည်။
ထို့ပြင် ရခိုင်ပြည်နယ်တွင်း ဒုက္ခသည်စခန်းများ၏ အခြေအနေကို ပြည်ပသတင်းဌာနများက ချဲ့ကား ဖော်ပြနေကြပြီး ဒုက္ခသည်စခန်းများတွင် နေစရာ၊ စားစရာနှင့် လုပ်ကိုင်စရာ လယ်မြေများ ဖန်တီးပေးထားသဖြင့် ဒုက္ခသည်စခန်းများတွင် နေထိုင်လိုသူ များပြားနေကြောင်း သမ္မတ ဦးသိန်းစိန်က VOA သတင်းဌာနနှင့် သီးသန့်တွေ့ဆုံမေးမြန်းခန်း၌ ဖြေကြားခဲ့သည်။
7 day news

No comments:

Post a Comment