Thursday, 4 December 2014

လ၀ကမှ PR နှင့်ပက်သက်သည့် သတင်းစာရှင်းလင်းပွဲ

ပီအာရ်လျှောက်မည့်သူများ နှစ်စဉ်ကြေး ဒေါ်လာတစ်ထောင် သတ်မှတ်

 နိုင်ငံရေးခိုလှုံခွင့်ယူထားသူနှင့် ပြည်တွင်း၊ ပြည်ပပြစ်မှု မှတ်တမ်းရှိသည့် မြန်မာနိုင်ငံသား ဟောင်းများကို အမြဲတမ်းနေထိုင် ခွင့်ပေးမည်မဟုတ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းကပြောကြားလိုက်သည်။
အမြဲတမ်းနေထိုင်ခွင့်သက်တမ်းကို ငါးနှစ်သတ်မှတ်ထားပြီး လျှောက်ထားခွင့်၏ နှစ်စဉ်ကြေး မှာ ဒေါ်လာတစ်ထောင်ပေးသွင်းရမည်ဖြစ်သည်။ ငါးနှစ်သက်တမ်း ကုန်ဆုံးပါက သက်တမ်းတိုးခွင့်ရှိမည်ဖြစ်သည်။
‘‘မြန်မာနိုင်ငံသားဟောင်း တွေအနေနဲ့ ပီအာရ်လျှောက်ချင်တယ်ဆိုရင် ဟိုနိုင်ငံက အခွင့်အရေးတွေ မစွန့်လွှတ်ချင်လို့ နိုင်ငံသား ခံယူခွင့်တော့ ဆက်ယူထားလို့ရ တယ်။ ဒါပေမဲ့ နိုင်ငံရေးခိုလှုံခွင့်တော့ စွန့်လွှတ်ရမယ်။ မစွန့်လွှတ်ဘူးဆိုရင်တော့ ပီအာရ်ပေးဖို့ ဆက်လက်စဉ်းစားမှာမဟုတ်ပါဘူး’’ ဟု ၎င်းက ပန်းဆိုးတန်းလမ်း လ၀ကရုံးတွင်ပြုလုပ်သည့်  သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံလိုသူများ၊ ပညာရှင်များ၊ နိုင်ငံသားဟောင်းများနှင့် မြန်မာနိုင်ငံသား နှင့်လက်ထပ်ထားသည့်နိုင်ငံခြားသားများ၊ သွေးနှောထားသည့် သားသမီးများသည် ငါးနှစ်သက်တမ်းရှိ အမြဲတမ်း နေထိုင်ခွင့် လျှောက်ထားနိုင်မည်ဖြစ်သည်။
အမြဲတမ်း နေထိုင်ခွင့်ကို ယခုလ ၂၉ ရက်မှ စတင်၍ လျှောက်ထားနိုင်မည်ဖြစ်ပြီး လျှောက်လွှာများနှင့် စည်းကမ်းသတ်မှတ်ချက်များကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ၀က်ဘ်ဆိုက်တွင် ဒီဇင်ဘာ ၅ရက်မှ စတင်ပြီး ၀င်ရောက်ဖတ်ရှုနိုင်မည်ဖြစ်သည်။
အခြားနိုင်ငံများတွင် ဒုက္ခသည်အဖြစ် ခံယူထားသူများ၊နိုင် ငံရေး ခိုလှုံခွင့်ရယူထားသူများ၊ ပြစ်မှုမှတ်တမ်းရှိသူများ၊ ကျန်းမာရေးမကောင်းမွန်ဘဲ ကူးစက်ရော ဂါခံရသူများ၊ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို မလိုက်နာသူ၊ အမြဲတမ်းနေထိုင်ခွင့်လျှောက်ထားရာတွင် လူတွေ့စစ်ဆေးမခံ ယူသည့်သူ၊ အခွန်မထမ်းဆောင် နိုင်သူနှင့် နေထိုင်ခွင့်ဗီဇာမရှိသူ၊ ပြည်ဝင်ခွင့်သုံးနှစ်အထက်မရှိသူများကို အမြဲတမ်း နေထိုင်ခွင့် လျှောက်ထားခွင့် မရှိသူများဖြစ်သည်ဟု ၀န်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
သမ္မတဦးသိန်းစိန် အမေရိကန်နိုင်ငံသို့ ရောက်ရှိစဉ် မြန်မာနိုင်ငံသည် သယံဇာတကြွယ်ဝခြင်း၊ အိမ်နီးချင်းကမ္ဘာ့အင်အား ကြီးဈေးကွက်များနှင့် ဆက်စပ်နေ ခြင်းတို့ကြောင့် ၀ိုင်းဝန်းကြိုးပမ်းပါ က  ၁၉၆၀ပြည့်နှစ်ဝန်းကျင်မတိုင် မီ အရှေ့တောင်အာရှတွင် ရပ် တည်ခဲ့သော အဆင့်သို့ ပြန်လည် ရရှိမည်ဖြစ်သဖြင့် ပြည်ပရောက် မြန်မာများ နိုင်ငံတော် တည် ဆောက်ရေး၌ ပါဝင်ကူညီရန် အတွက် ပြန်လာရန်ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။
နိုင်ငံရေး  ပဋိပက္ခကြောင့် ၁၉၈၈မှစပြီး နိုင်ငံရေးခိုလှုံခွင့်နှင့် ဒုက္ခသည်အဖြစ် သွားရောက်နေထိုင်ကြသည့် မြန်မာနိုင်ငံသားအများအပြား ပြည်ပနိုင်ငံများတွင် ရှိသည်။ ပြည်ပတွင် နိုင်ငံရေးခိုလှုံခွင့်နှင့် ဒုက္ခသည်အဖြစ်သွား ရောက်နေထိုင်သူအများစုမှာ မြန်မာအစိုးရ၏ အမည်ပျက်စာရင်းတွင် ပါဝင်သောသူကများသည်။
သမ္မတ  ဦးသိန်းစိန်  လက်ထက်တွင် မြန်မာနိုင်ငံသားများကို ပြည်ဝင်ခွင့်ပြန်လည်ခွင့်ပြုသောကြောင့် မြန်မာနိုင်ငံသို့အလည်အပတ်ဝင်ခွင့် လျှောက်ထားကြ သော်လည်း ဗီဇာ မရရှိသူများနှင့် ရက်မပြည့်မီ ဗီဇာစည်းကမ်း ဖောက်ဖျက်မှုဖြင့် အရေးယူခံရသူများလည်းရှိသည်ဟု သတင်းရရှိ သည်။
လက်ရှိ မြန်မာနိုင်ငံတွင် ကျင့်သုံးနေသည့် ၁၉၈၂နိုင်ငံသား ပုဒ်မ ၁၃အရ နှစ်နိုင်ငံသားခံယူသည့်စနစ်ကို ခွင့်ပြုထားခြင်းမရှိသောကြောင့် ပြည်ပရောက်မြန်မာနိုင်ငံသားများ လာရောက်ပါက  ရက်အကန့်အသတ်ဖြင့်သာ နေထိုင်ခွင့်ရှိသည်။
နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ် ဥပဒေကြမ်းကို ဒုသမ္မတ ဦးဉာဏ်ထွန်းဦးဆောင်ပြီး ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေး ၀န်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့ ပူးပေါင်းရေးဆွဲခဲ့ခြင်းဖြစ်သည်။
credit to  7 DAY NEWS

No comments:

Post a Comment