Thursday, 13 November 2014

ဘန်ကီမွန်းပြောတဲ့ ရိုဟင်ဂျာကြောင့် ရခိုင်ဝန်ကြီးချုပ် စာပို့


ရိုဟင်ဂျာဟု သုံးနှုန်းခြင်းကြောင့် ဘန်ကီမွန်းထံ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ပေးစာတစ်စောင်ပို့
ကုလသမဂ္ဂက မြန်မာအပေါ် လူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက်ဆက်ထားလို၍ ဘင်္ဂါလီအရေး ရှေ့တန်းတင်လာကြောင်း ဒု-၀န်ကြီးသုံးသပ်
သမ္မတ ဦးသိန်းစိန်နှင့် ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်း [ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)]
နေပြည်တော်-ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ သတင်းစာရှင်းလင်းပွဲတွင် ရိုဟင်ဂျာဆိုသည့် စကားလုံးကို သုံးစွဲခဲ့ခြင်းအတွက် စိတ်အနှောင့်အယှက်ဖြစ်ရပြီး ကုလအတွင်းရေးမှူးချုပ်၏ လူနည်းစုအခွင့်အရေးအလေးထားမှုကို နားလည်နိုင်သော်လည်း ရိုဟင်ဂျာဟု သုံးစွဲမှုမှာ နှစ်ဖက်အသိုက်အ၀ိုင်းအတွက် အစိုးရ၏ ဆောင်ရွက်ချက်လုပ်ငန်းများကို ထိခိုက်စေကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ဘန်ကီမွန်းထံ ယနေ့ရက်စွဲဖြင့် စာတစ်စောင်ပေးပို့လိုက်သည်။
နိုဝင်ဘာ ၁၂ ရက်က ထိပ်သီးအစည်းအဝေးများအပြီး မစ္စတာဘန်ကီမွန်း၏ သတင်းစာရှင်းလင်းပွဲတွင် ၎င်းက လူနည်းစုအခွင့်အရေးကို အလေးထားသည့်အားဖြင့် ယခင်ကတည်းက ကုလက သုံးစွဲထားသည့် ရိုဟင်ဂျာအသုံးအနှုန်းကို သုံးစွဲမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ရိုဟင်ဂျာစကားလုံးကို အသုံးပြုသည့်အတွက် ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီလူမျိုးတို့အကြား ကွဲပြားမှုများကို ပိုမိုကျယ်ပြန့်စေသည်သာမက မြန်မာပြည်သူများနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းကြားတွင်လည်း နားလည်မှုလွဲမှားစေနိုင်ကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများက ရိုဟင်ဂျာဆိုသည့် စကားလုံးကို အသုံးပြုရန် အဆက်မပြတ်ကြိုးစားခြင်းသည် ရခိုင်ပြည်နယ်အတွက် လိုအပ်သော အကူအညီများပေးအပ်နေသည့် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် MSF ကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်းများအပေါ် ဒေသခံများ၏ သံသယရှိမှုကို ပိုမိုကြီးမားစေမည်ဖြစ်ကြောင်း ၀န်ကြီးချုပ် မောင်မောင်အုန်း၏ ပေးစာတွင် ဖော်ပြထားသည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
မြန်မာအစိုးရအနေဖြင့် အသိုက်အ၀န်းနှစ်ခုလုံး၏ အခွင့်အရေးနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးကိုသာ ဦးစားပေးဆောင်ရွက်သင့်ပြီး နှစ်ဖက်အကြား ခွဲခြားခြားနားမှုကို တိုးပွားစေမည့် လုပ်ရပ်များကို ရှောင်ရှားသင့်ကြောင်းနှင့် မိမိရခိုင်ပြည်နယ်ဝန်ကြီးချုပ်တာဝန်ကို စတင်ထမ်းဆောင်ချိန်မှစ၍ အသိုက်အ၀န်းနှစ်ခုအကြား အပြန်အလှန်နားလည်မှု တည်ဆောက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့သကဲ့သို့ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများအပေါ် ဒေသခံရခိုင်တိုင်းရင်းသားများက ယုံကြည်မှုရှိလာစေရန် ဆောင်ရွက်လျက်ရှိကြောင်း ပေးစာတွင် ဖော်ပြထားသည်။
အတွင်းရေးမှူးချုပ်ပြောကြားချက်မှာ မြန်မာအစိုးရရရှိထားသည့် အောင်မြင်မှုများကို ပျက်ပြားစေပြီး ဒေသခံများ၏ ခံစားချက်များအပေါ်လည်း အကျိုးသက်ရောက်သွားမည်ကို စိုးရိမ်ကြောင်းဖြင့် ပေးစာတွင် ဖော်ပြထားသည်။
ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံအပေါ် ချမှတ်ခဲ့သော လူ့အခွင့်အရေးနှင့်ဆိုင်သော ဆုံးဖြတ်ချက်အား ဆက်လက်ထားလိုသဖြင့် ဘင်္ဂါလီကိစ္စအား ရှေ့တန်းတင်လာခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးသန့်ကျော်က ပြောသည်။
လွန်ခဲ့သော ၅ နှစ်က ကုလမသမဂ္ဂသည် လူ့အခွင့်အရေးနှင့်ပတ်သက်၍ ကလေးစစ်သားများစုဆောင်းပြီး စစ်မြေပြင်တွင် အသုံးပြုခြင်း အဓမ္မခိုင်းစေခြင်းနှင့် ပေါ်တာဆွဲခြင်း သတင်းလွတ်လပ်ခွင့်ကိစ္စများအား ထောက်ပြပြောဆိုခဲ့သည်။
‘‘ဆုံးဖြတ်ချက်ကတော့ ရှိတုန်းပေါ့။ နောက်ပိုင်းဘာတွေဖြစ်လာလဲဆိုတော့ တစ်ကမ္ဘာလုံးက စိုးရိမ်နေပြီ။ ရခိုင်ကိစ္စကိုအသားပေးလာတယ်။ မြန်မာနိုင်ငံသားတွေ လက်ခံမှုမရှိတဲ့ အသုံးအနှုန်းတွေကို ဦးစားပေးထည့်လာတယ်။ ငြိမ်းချမ်းရေးကိစ္စတွေ၊ ဖွဲ့စည်းပုံတွေလည်း လုပ်တယ်။ ဒါပေမဲ့ ဆုံးဖြတ်ချက်ကို ထားချင်တဲ့ဆန္ဒနဲ့ ဆက်လုပ်နေတာ’’ဟု ဒုဝန်ကြီး ဦးသန့်ကျော်က ရှင်းပြသည်။
7 day news
 

No comments:

Post a Comment