Thursday, 25 December 2014

White Card နှင့်ပက်သက်သည့် ကိစ္စ ၀န်ကြီး ဦးခင်ရီ ပြောကြား

White Card ကိုင်ဆောင်ထားသူများသည် မြန်မာနိုင်ငံအတွင်း
ရောက်ရှိနေထိုင်သူများသာဖြစ်ပြီး နိုင်ငံသားအဖြစ် အသိအမှတ်ပြုခြင်းမဟုတ်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®
သတင်းမီဒီယာများတွင် နိုင်ငံတော်သမ္မတက ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် ပြည်သူ့ဆန္ဒ ခံယူပွဲပြုလုပ်ရာတွင် အဖြူရောင်ကတ်ပြားကိုင်ဆောင်ထား သူများကို မဲဆန္ဒပေးခွင့်ပြုရန် လွှတ်တော်သို့ သဝဏ်လွှာ ပေးပို့ခဲ့သည့်အပေါ် အမြင်အမျိုးမျိုးနှင့် သုံးသပ်ရေးသား နေသည်ကို တွေ့ရှိရပါသည်။ ထိုသို့ သဝဏ်လွှာ ပို့ရခြင်း နှင့်စပ်လျဉ်း၍ တာဝန်ယူဆောင်ရွက်ပေးရသည့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီနှင့် တွေ့ဆုံမေးမြန်း၍ သိရှိခဲ့ရသည်များကို ပြည်သူများ သိရှိစေရန် ပြန်လည်မျှဝေလိုက်ရပါသည်။

မေး။ ။White Card လို့ခေါ်တဲ့ ယာယီသက်သေခံ လက်မှတ်ရဲ့ သဘောသဘာဝကို သိပါရစေ။
ဖြေ။ ။ ဒီမေးခွန်းတွေကို တည်ဆဲဥပဒေများအပေါ် အခြေခံပြီး ဖြေကြား သွားမှာဖြစ်ပါတယ်။ ပထမဦးစွာ ယာယီသက်သေခံလက်မှတ်ဆိုတာ ဘာကိုခေါ်တယ်ဆိုတာ အရင်ဆုံး ရှင်းပြလိုပါတယ်။
၁၉၅၁ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး နည်းဥပဒေအပိုဒ်-၂(င)မှာ ယာယီသက်သေခံလက်မှတ်ဆိုတာ သက်သေခံ ကတ်ပြား အစား ထုတ်ပေးထားတဲ့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ်ကို ဆိုလိုခြင်းဖြစ်တယ်လို့ အဓိပ္ပာယ် ဖွင့်ဆိုထားပါတယ်
အဖြူရောင်ကတ်ပြားတွေဖြစ်လိုWhite Card ဆိုပြီး အလွယ်ခေါ်ဝေါ် သုံးနှုန်းနေကြတာ ဖြစ်ပါတယ်။ တရားဝင်အခေါ်အဝေါ်ကတော့ ယာယီ သက်သေခံလက်မှတ်(Temporary Identity Certificate) လို့ ခေါ်ပါတယ်။ အဲဒီကတ်ကို နည်းဥပဒေ အပိုဒ်-၁၃(၁)(ဂ)အရ ဥပဒေနှင့်အညီ ထုတ်ပေး ထားခြင်းဖြစ်ပါတယ်။
အဓိပ္ပာယ်ဖွင့်ဆိုချက်အနေနဲ့ ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင် ထားသူတွေဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာနယ်မြေ အတွင်း ရောက်ရှိနေထိုင်သူ တွေဖြစ်ကြောင်း သက်သေခံတဲ့ ကတ်ပြားပဲဖြစ်ပါတယ်။ နိုင်ငံသားအဖြစ် အသိအမှတ်ပြုတာမဟုတ်သေးပါဘူး။ ဒါ့အပြင် လူတစ်ဦး တစ်ယောက်ဟာ နိုင်ငံတစ်နိုင်ငံရဲ့ နယ်မြေ အတွင်း နေထိုင်ခွင့်ရှိတယ်ဆိုတဲ့ State Less Convention ပါ ပြဋ္ဌာန်းချက်ကို အလေးထားလိုက်နာတဲ့ သဘောလို့လည်း ဆိုနိုင်ပါတယ်။
သက်သေခံကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်ထားတာ မရှိသေးတဲ့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့အညီ နိုင်ငံသားစိစစ်ဖို့ ကျန်ရှိနေသေးတဲ့ သူတွေကို မြန်မာနိုင်ငံ အတွင်း နေထိုင်သူများ ဥပဒေနှင့်အညီ ယာယီသက်သေခံ လက်မှတ် ထုတ်ပေးထားတာဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြတဲ့ ပြည်သူတွေ အနက် အသက် (၁၈)နှစ်ပြည့်ပြီး ယာယီသက်သေခံ လက်မှတ်ကိုင်ဆောင်သူဦးရေဟာ ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်အထိ စာရင်းအရ စုစုပေါင်း ၅၉ဝဝ၁၆ ဦး ရှိပါ တယ်။ ဒီထဲမှာ ဘင်္ဂါလီ၊ အိန္ဒိယ၊ ပါကစ္စတန်၊ နီပေါလ်၊ မုန်းဝန်း၊ ခိုလုံလီရှော၊ တရုတ်၊ စိစစ်ဆဲဖြစ်သော ကိုးကန့် တိုင်းရင်းသားနဲ့ 'ဝ'တိုင်းရင်းသားတွေလည်း ပါဝင်ပါ တယ်။
ယာယီသက်သေခံလက်မှတ် ထုတ်ပေးထားသူအများစု မှာ ရခိုင်ပြည်နယ်မှ ဘင်္ဂါလီလူမျိုးတွေဖြစ်ပါတယ်။ တစ်ချိန်တည်းမှာ နယ်စပ်ဒေသတွေမှာ နေထိုင်ပြီး ဟိုဘက် ဒီဘက် ဆွေမျိုးတော်စပ်ကြသူတွေ၊ ရုပ်ရည်သွင်ပြင် လက္ခဏာ၊ ဘာသာ၊ စကား တူညီနေတဲ့အတွက် ခွဲခြား စိစစ်ဖို့ခက်ခဲပြီး ခိုင်လုံတဲ့ အထောက်အထားပြသဖို့ ကျန်ရှိ နေသေးတဲ့ တိုင်းရင်းသား အဖွဲ့အစည်း ဝင်တွေနဲ့ မိသားစု တွေပါ ပါဝင်နေကြပါတယ်။ ဒါက ပထမ ယာယီသက်သေ ခံလက်မှတ်အကြောင်း အကြမ်းဖျင်းပြောတာ ဖြစ်ပါတယ်။
အခု ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူတွေနဲ့ ပတ်သက်ပြီး ပြောပြ ရရင် ကနဦးအဆင့်အနေနဲ့ (၂၆-၂-၂ဝဝ၈) ရက်စွဲနဲ့ ပြဋ္ဌာန်းခဲ့ တဲ့ နိုင်ငံတော်အေးချမ်း သာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှတ် (၁/၂ဝဝ၈) နဲ့ ၂ဝဝ၈ ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်း အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဥပဒေ တစ်ရပ်ကို ပြဋ္ဌာန်းခဲ့ပါတယ်။ ဒီဥပဒေပုဒ်မ ၁၁(က)မှာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ တဲ့ နေ့ရက်မှာ အသက် (၁၈)နှစ်ပြည့်ပြီး နိုင်ငံသား၊ ဧည့် နိုင်ငံ သား၊ နိုင်ငံသားပြုခွင့်ရသူနဲ့ ယာယီသက်သေခံ လက်မှတ်ကိုင်ဆောင် ထားသူတိုင်းဟာ ပြည်လုံးကျွတ်ဆန္ဒ ခံယူပွဲမှာ မဲပေးပိုင်ခွင့်ရှိတယ် လို့ ပြဋ္ဌာန်းထားပြီး ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲမှာ ယာယီသက်သေခံလက်မှတ် ကိုင် ဆောင်သူတွေဟာ ဆန္ဒမဲပေးခွင့်ရရှိခဲ့ကြပြီး ဖြစ်ပါတယ်။
အဲဒီနောက် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်လာတဲ့အခါ ဥပဒေရဲ့ ပုဒ်မ-၃၉၁(က)မှာ ရွေးကောက်ပွဲ ကျင်းပတဲ့နေ့ရက်မှာ အသက် (၁၈)နှစ်ပြည့်ပြီး ဥပဒေအရ အရည်အချင်းပျက်ယွင်းသူ မဟုတ်တဲ့အပြင် ဆန္ဒမဲပေးပိုင် ခွင့်ရှိတဲ့ နိုင်ငံသားရဲ့ဥပဒေအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးခွင့် ရှိတယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတွေ လို့ဆိုရာမှာ နိုင်ငံသားတစ်မျိုးတည်းသာမကဘဲ ဥပဒေအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးခွင့်ရှိကြောင်းကိုပါ ပြဋ္ဌာန်း ထားတာတွေ့ရပါတယ်။ ဒါကြောင့် ဆန္ဒမဲပေးခွင့် ရှိသူ နှစ်မျိုးရှိနေတယ်ဆိုတာ ဂရုပြုရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေတိုင်းရဲ့ ပုဒ်မ (၆)အရ ရွေးကောက်ပွဲ စတင်ကျင်းပတဲ့နေ့မှာ အသက် (၁၈)နှစ်ပြည့်ပြီး ဒီဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့ မဆန့်ကျင်တဲ့နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ သို့မဟုတ် ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်ထားသူ၊ သက်ဆိုင်ရာမဲဆန္ဒနယ် မဲစာရင်းမှာပါဝင်သူဟာ မဲပေးခွင့်ရှိကြောင်း ဖော်ပြထားပြီး ဖြစ်ပါတယ်။
ပြီးတော့ ၂ဝ၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာလည်း ယာယီ သက်သေခံ လက်မှတ် ကိုင်ဆောင်သူတွေကို လည်း မဲပေးခွင့်ပေးထားခဲ့ပြီးဖြစ်ပါတယ်။ ဒါကြောင့် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တည်ဆဲလွှတ်တော် အသီးသီးရဲ့ ရွေးကောက်ပွဲဥပဒေတွေအရ ယာယီ သက်သေခံလက်မှတ် ကိုင်ဆောင်ထားသူတွေဟာ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူတွေဖြစ်တယ်လို့ သတ်မှတ်ထားတာ တွေ့ရှိ ရပါတယ်။
ဒါကြောင့် ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်သူ နိုင်ငံခြားသားတွေကို မဲပေးခွင့်ပြုဖို့ စဉ်းစားနေတယ် ဆိုပြီး လွဲမှားစွာသုံးသပ်မိမှာစိုးပါတယ်။ ဆိုလိုရင်းကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်တဲ့ဥပဒေကြမ်း အတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဥပဒေမှာ ယာယီ သက်သေခံ လက်မှတ်ကိုင်ဆောင်သူတွေကို မဲပေးခွင့်မပြု ဘဲ ချန်လှပ်ထားခဲ့မယ်ဆိုရင် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူတွေထဲမှာ လူမျိုးခြား တစ်မျိုးတည်းကို သာ ရည်ရွယ်ဆောင်ရွက်လို့မရနိုင်ဘဲ နိုင်ငံသားအဖြစ် စိစစ်နေဆဲ မိမိတိုင်းရင်းသားအချို့လည်း ရောနှောပါရှိ နေနိုင်တာဖြစ်လို့ မိမိတိုင်းရင်းသားတွေ နစ်နာမှုမရှိစေဖို့ ကို ဦးတည်ရည်ရွယ်ပြီး ယခင်ဆောင်ရွက်ပေးခဲ့တဲ့ သမိုင်း ကြောင်းနဲ့ တည်ဆဲဥပဒေတွေကို ကိုးကားပြီး စဉ်းစား သုံးသပ်နိုင်ဖို့အတွက်သာ နိုင်ငံတော်ဘက်က အကြံပြု/ အသိပေး သဘောထားမှတ်ချက်ပြုခြင်းမျိုးသာ ဖြစ်ပါ တယ်။ အဆုံးအဖြတ်ပေးခြင်းမျိုးလည်း မဟုတ်တာကို ဂရုပြုစေလိုပါတယ်။

မေး။ ။ နိုင်ငံတစ်ဝန်း နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးတဲ့သူတွေ တော်တော်များများ ရှိနေပါတယ်။ ဝန်ကြီးဌာနအနေနဲ့ မိုးပွင့်စီမံချက်ဆိုပြီး နိုင်ငံတစ်ဝန်းမှာ ကွင်းဆင်းလုပ်နေတာတွေ တွေ့ရပါတယ်။ ကျန်နေသူတွေ အတွက် ထိထိရောက်ရောက် ဖြည့်ဆည်းပေးနိုင်အောင် ဆောင်ရွက်မယ့်အစီအမံတွေ ရှိ၊ မရှိ သိလိုပါတယ်။
ဖြေ။ ။ နိုင်ငံသားစိစစ်ရေးကတ်ပြားတွေကို မိုးပွင့်စီမံချက် အနေနဲ့ တစ်နိုင်ငံလုံးကို ကွင်းဆင်းဆောင်ရွက်ပေးလျက် ရှိပါတယ်။ ဒီလိုဆောင်ရွက် တာဟာ နိုင်ငံသား စိစစ်ရေး ကတ်သာ မဟုတ်ပါဘူး။ အိမ်ထောင်စုဝင် စာရင်းကိုရော ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ အိမ်ထောင်စုဝင်စာရင်း ရော နိုင်ငံသားစိစစ်ရေးကတ်အဟောင်းအသစ် လဲလှယ် တာကိုပါ ကွင်းဆင်းပြီး ဆောင်ရွက်ပေးလျက်ရှိပါတယ်။ မိုးပွင့်စီမံချက်တွေ လုပ်ဆောင်တာကို ၂ဝ၁၁ ခုနှစ် ဇူလိုင် လ ၁ ရက်ကနေစပြီး လုပ်ဆောင်တာ အခုဆို အဆင့်(၇)ကို ရောက်ရှိနေပါပြီ။ နိုင်ငံသားစိစစ်ရေး ကတ်ပေါင်း ၄ဝ၆၂၇၇၃ ကတ်ထုတ်ပေးပြီးဖြစ်ပါတယ်။ အိမ်ထောင်စုဝင် စာရင်းလည်း ၆၄၂၅၅၃ ခု ထုတ်ပေးပြီးဖြစ်ပါတယ်။ မိုးပွင့်စီမံချက်တွေအတွက် တာဝန်ရှိဝန်ထမ်းတွေ၊ ကျေးရွာ တွေက တာဝန်ရှိသူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ နဲ့ ပြည်တွင်း ပြည်ပအလှူရှင်တွေ ပေါင်းစပ်ဆောင်ရွက် လျက်ရှိပါတယ်။
မိုးပွင့်စီမံချက်ဆောင်ရွက်ရာမှာ တွေ့ကြုံ လာတဲ့ အခက်အခဲတွေ ကိုလည်း ပြည်သူတွေထံ အသိပေး အကြောင်းကြားခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ နိုင်ငံ ပိုင်သတင်းစာ တွေမှာ ဖော်ပြလျက်ရှိပါတယ်။ ဒီလုပ်ငန်းစဉ်က နိုင်ငံတော် အကြီးအကဲရဲ့ လမ်းညွှန်ချက်အတိုင်း ပြည်သူ့ဆန္ဒကို ဆောင်ရွက်ပေးတဲ့ ကဏ္ဍဖြစ်ပါတယ်။ မိုးပွင့်စီမံချက်ဟာ နိုင်ငံတော်ပြုပြင်ပြောင်းလဲရေးဖြစ်တဲ့ တတိယအဆင့် (Third Wave) ဖော်ဆောင်ပေးနေခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတစ်ဝန်းမှာ ထိထိရောက်ရောက် ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်နိုင်ဖို့ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလကနေပြီး ဇွန်လအထိ မိုးပွင့်အထူးစီမံချက်အနေနဲ့ နိုင်ငံတစ်ဝန်း လုံး ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။
credit to MOI Webportal Myanmar

သမ္မတ ဦးသိန်းစိန် အခိုင်အမာ ကတိပေးဖို့ လိုပြီ

Written by: 
နေထွန်းနိုင်
(၁)

ဒီဇင်ဘာ ၁၆ ရက်မှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက သတိပေးသလိုနဲ့ ခြိမ်းခြောက်စကား ပြောလိုက်ပါတယ်။

လွှတ်တော်ထဲမှာ စစ်တပ် ၂၅ ရာခိုင်နှုန်း ပါနေတာက အာဏာ ပြန်မသိမ်းဖို့ ဖြစ်ပေမဲ့ တိုင်းပြည် မတည်ငြိမ်၊ မအေးချမ်းဘူးဆိုရင် စစ်တပ်က အာဏာသိမ်းရမယ်လို့ ပြောခဲ့တာပါ။

ဦးတင်အေးရဲ့ စကားတွေကို ပြန်ကြည့်တဲ့အခါ စစ်အာဏာရှင်စနစ် လိုလားသူတွေရဲ့ အတွင်းစိတ်ကို တွေ့လိုက်ရပါတယ်။

၁၉၈၈ ခုနှစ်မှာ အုပ်ချုပ်မှုစနစ် မရှိတော့ဘူး၊ တရားဥပဒေ စိုးမိုးမှု မရှိတော့ဘူး၊ တပ်မတော်ကို ထိပါးလာတယ်၊ ဒါကြောင့် မလွှဲမရှောင်သာ အာဏာ သိမ်းခဲ့ရတယ်လို့ ဦးတင်အေးက ဆိုပါတယ်။

၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) နိုင်တာ မှန်ပေမဲ့ “အာဃာတ တရား ရှေ့ထားတဲ့အခါ အာဏာလွှဲလို့ မရခဲ့ဘူး” လို့ သူက ဆက် ပြောခဲ့ပါတယ်။

အဲဒီ အချိန်က အာဏာလွှဲဖို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မရှိဘူး၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆွဲဖို့ အမျိုးသား ညီလာခံကို ၁၉၉၃ ခုနှစ်မှာ ခေါ်တယ်၊ ၁၉၉၆ ခုနှစ်မှာ ပျက်တယ်၊ ၂ဝဝ၆ ခုနှစ်မှာ ပြန်ခေါ်ပြီး ၂ဝဝ၈ ခုနှစ်မှာ လူထု ဆန္ဒခံယူပွဲ လုပ်တယ်၊ အာဏာ ပြန်မသိမ်းအောင် လွှတ်တော်ထဲ ဝင်ထိန်းဖို့ ဆိုတဲ့ သဘောနဲ့ စစ်တပ် ၂၅ ရာခိုင်နှုန်း ပါခဲ့ရတယ် ဆိုပြီး ဦးတင်အေးက ပြောပါတယ်။

သူ့ ပြောစကားတွေထဲမှာ အဆိုးဆုံးက “ဆူဆူပူပူ ဖြစ်လာရင် အာဏာ ပြန်သိမ်းမယ်” ဆိုတဲ့ အသုံးအနှုန်း ဖြစ်ပါတယ်။

ဦးတင်အေးဟာ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌပါ။ ကော်မရှင် ဥက္ကဋ္ဌတစ်ဦး အနေနဲ့ သမာသမတ် ကျစွာ ကြားနေရမယ့် အစား ကိုယ်နဲ့ မဆိုင်တဲ့ စကားကို ပြောခဲ့ပါတယ်။ ဒီပြောစကားတွေ အတွက် ဦးတင်အေးမှာ တာဝန်ရှိပါတယ်။

ကိုယ်နဲ့ မဆိုင်တာ ဝင်ပြော၊ အသိပေးတာလည်း မဟုတ်၊ သတိပေးတာလည်း မဟုတ်၊ ခြိမ်းခြောက် စကားပြောပြီး အာဏာ ပြန်သိမ်းဖို့ လမ်းကြောင်း ရှာပေးခဲ့တဲ့ ဦးတင်အေးအနေနဲ့ တာဝန် ယူရပါမယ်။

စစ်သားဟောင်းကြီး တစ်ဦးဖြစ်တဲ့ ဦးတင်အေး အနေနဲ့ ဂုဏ်သိက္ခာ ရှိတဲ့ စစ်သားဟောင်း၊ ကိုယ့်စကားကို တာဝန်ယူ ရဲတဲ့ စစ်သားဟောင်း၊ ရပ်တည်ချက် ခိုင်မာပြီး သမာသမတ် ကျစွာ ကြားနေတတ်တဲ့ စစ်သားဟောင်းကြီး တစ်ဦး ဖြစ်တယ်ဆိုရင် အာဏာသိမ်းဖို့ အထိ ခြိမ်းခြောက် ပြောဆိုခဲ့တဲ့ စကားတွေ အတွက် ရာထူးက နှုတ်ထွက်သင့်ပါတယ်။

မဟုတ်ဘူးဆိုရင် ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲ အတွက် ဦးတင်အေး တာဝန်ယူရပါမယ်။ ရွေးကောက်ပွဲမှာ ဘယ်လို ရလဒ် ထွက်သည် ဖြစ်စေ၊ ရွေးကောက်ပွဲကို ရွေ့ဆိုင်း လိုက်သည် ဖြစ်စေ၊ ရွေးကောက်ပွဲကြောင့် ဖြစ်လာတဲ့ သံသယ တစ်ခုခု ရှိလာပြီဆိုရင် ဒီစကားပြောခဲ့တဲ့ ဦးတင်အေးအပေါ် သံသယ အကျိုးခံစားခွင့် ရှိပါတယ်။

(၂)

စစ်တပ်က အာဏာ သိမ်းခဲ့လို့ တိုင်းပြည် မွဲတေခဲ့ရတာကို ဦးတင်အေး ကိုယ်တိုင် သွယ်ဝိုက်အားဖြင့် ဝန်ခံပြီးသားပါ။ ဒီဇင်ဘာ ၁၆ ရက်မှာပဲ ပြောတာပါ။ ကောင်းမယ်ထင်ပြီး လုပ်ခဲ့ပေမဲ့ တိုင်ပြည် ဆင်းရဲခဲ့တယ်လို့ ပြောပါတယ်။

“တိုင်းပြည်ကြီး ဆင်းရဲနေတယ်။ ဖွံ့ဖြိုး တိုးတက်မှုကြီး နောက်ကျနေတယ်။ သူများနိုင်ငံ သွားကြည့်မှ မျက်နှာ ငယ်ဖွယ် ရှိတယ်။ တော်တော်ကြီးကို ကျွန်တော်တို့ တိုင်းပြည်က နောက်ကျနေပြီ။ အဲဒီ အပြစ် တင်တာ ခင်ဗျားတို့ မပြောနဲ့ ကိုယ့်ကိုယ် ကိုယ်တောင် မကျေနပ်ဘူး” လို့ ဦးတင်အေး ပြောခဲ့ပါတယ်။

စစ်အာဏာ သိမ်းခဲ့ပြီး နောက်ပိုင်း တိုင်းပြည် ဆင်းရဲခဲ့တယ်။ ဦးတင်အေး ပြောတာ မှန်ပါတယ်။ တိုင်းပြည် ဆင်းရဲခဲ့တယ်။ ပြည်သူလူထု မွဲတေခဲ့တယ်။ ဒါပေမဲ့ ဦးတင်အေးတို့ ကြွယ်ဝ ချမ်းသာခဲ့ကြပါတယ်။

ဦးတင်အေးတို့မှ မဟုတ်ပါဘူး။ ၁၉၈၈ ခုနှစ် အာဏာသိမ်းမှုက အစပြုစပြီး ၁၉၈၉ ခုနှစ် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ)၊ ၁၉၉၇ ခုနှစ် နိုင်ငံတော် အေးချမ်း သာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ (နယက) အဖွဲ့ဝင် စစ်ခေါင်းဆောင်တွေ၊ ဝန်ကြီးတွေနဲ့ သူတို့ သားသမီး၊ မိသားစုတွေ အားလုံးကို ပြန်ကြည့်လိုက်ပါ။ အများကြီး မရှိပါဘူး။ လူ ၅ဝဝ ဦးလောက်ပဲ ရှိပါတယ်။ ပြည်သူတွေ ဆင်းရဲမွဲတေ ခဲ့ပေမဲ့ အဲဒီလူတွေရဲ့ ချမ်းသာ ကြွယ်ဝမှုက အဆမတန် ဖြစ်ခဲ့ပါတယ်။

အခု လောလောဆယ် ဦးတင်အေးနဲ့ ဦးတင်အေးရဲ့ မိသားစု ပိုင်ဆိုင်မှုတွေကိုပဲ ကြည့်လိုက်ပါ။ ဦးတင်အေး ကိုယ်တိုင်က တပ်မတော်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်မှာ ဥက္ကဋ္ဌ တာဝန်ကို နှစ်ရှည်ယူခဲ့သူ မဟုတ်လား။

(၃)
- See more at: http://news-eleven.com/politic/%E1%80%9E%E1%80%99%E1%81%BC%E1%80%90-%E1%80%A5%E1%80%AE%E1%80%B8%E1%80%9E%E1%80%AD%E1%80%94%E1%80%B9%E1%80%B8%E1%80%85%E1%80%AD%E1%80%94%E1%80%B9-%E1%80%A1%E1%80%81%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%A1%E1%80%99%E1%80%AC-%E1%80%80%E1%80%90%E1%80%AD%E1%80%B1%E1%80%95%E1%80%B8%E1%80%96%E1%80%AD%E1%80%AF%E1%82%94-%E1%80%9C%E1%80%AD%E1%80%AF%E1%81%BF%E1%80%95%E1%80%AE#sthash.JlrBrJex.dpuf

No comments:

Post a Comment